သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ဝိုင်းဝန်းကြိုးစားကြဖို့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့မှာ တိုက်တွန်း


အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် (သတင်းဓာတ်ပုံ - ကိုထွဋ်ထွဋ်)
အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ အထိမ်းအမှတ် (သတင်းဓာတ်ပုံ - ကိုထွဋ်ထွဋ်)

စိန်ခေါ်မှုတွေနဲ့ရင်ဆိုင်နေရတဲ့ အရပ်သားအစိုးရလက်ထက် ဒီမိုကရေစီအကူးအပြောင်းကာလ မှာ မြန်မာတနိုင်ငံလုံး ငြိမ်းချမ်းစေဖို့ အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်တွေ နဲ့ပြည်သူလူထု တရပ်လုံး ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးစားကြဖို့ ဒီကနေ့ကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေး အထိမ်းအမှတ်ပွဲကနေ တိုက်တွန်းလိုက်ကြပါတယ်။ ပဋိပက္ခတွေနဲ့ မငြိမ်းချမ်းနိုင်သေးတဲ့ဒေသက ဒုက္ခသည်တွေအတွက်လည်း အမြန်ဆုံး ငြိမ်းချမ်းရေးရပါစေကြောင်း ငြိမ်းချမ်းရေး လှုပ်ရှားသူတွေက ဆုတောင်းပေးကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်။ ဒီကနေ့ စက်တင်ဘာလ ၁၆ ရက်နေ့ စနေနေ့ ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံအလယ်က လွတ်လပ်ရေးကျောက်တိုင်ရှေ့မှာ Moving Forward Together အဖွဲ့ နဲ့ International Alert အဖွဲ့တို့ ပူးပေါင်းဦးဆောင်ပြီး ငြိမ်းချမ်းရေးလိုလားသူတွေ စာပေ၊ ဂီတ အနုပညာရှင်တွေ လူ့အခွင့်အရေးလှုပ်ရှားသူတွေ ဒီမိုကရေစီ အင်အားစုတွေ စုဝေးပြီး အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးအထိမ်းအမှတ်ပွဲ ကျင်းပနေတာပါ။

မြန်မာတနိုင်ငံလုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရအောင် ဖော်ဆောင်နေချိန်မှာ ပြည်သူတရပ်လုံးကလည်း ငြိမ်းချမ်းရေးအတွက် စိန်ခေါ်မှုတွေ၊ အခက်အခဲတွေကို အတူတကွ ဝိုင်းဝန်းဖြေရှင်းဆောင်ရွက်ပေးကြစေလိုတဲ့ရည်ရွယ်ချက်နဲ့ ဒီငြိမ်းချမ်းရေးအထိမ်းအမှတ်ပွဲတော်ကို ကျင်းပရတာဖြစ်တယ်လို့ အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအထိမ်းအမှတ်ပွဲ ဦးဆောင်ကျင်းပတဲ့အဖွဲ့အစည်းတခုဖြစ်တဲ့ Moving Forward Together အဖွဲ့ တည်ထောင်သူ မကြည်ကြည်စိမ်းက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ဒီနေ့ ပွဲလေးကလေ အစ်မတို့ Moving Forward Together လို့ ခေါ်တဲ့ ဒီ ပြည်တွင်းပရဟိတ အဖွဲ့အစည်းရယ်၊ International Alert လို့ ခေါ်တဲ့ နိုင်ငံတကာ အဖွဲ့အစည်းရယ် အမတို့ ၂ ဖွဲ့ပေါင်းပြီးတော့ လုပ်တဲ့ စက်တင်ဘာလ ၂၁ ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်းရေးနေ့ကို ဂုဏ်ပြုတဲ့ အထိမ်းအမှတ်အနေနဲ့ လုပ်တဲ့ ပွဲလေးတစ်ခု ဖြစ်ပါတယ်။ ပန်းခြံထဲမှာ လုပ်တယ်ဆိုတဲ့ ရည်ရွယ်ချက်ကလည်း ရှင်းတယ်။ အများပြည်သူလူထုကို ပါဝင်စေချင်တယ်။ အခု သန်း ၅၀ ကျော်ရှိတဲ့ နိုင်ငံမှာ အများစုဖြစ်တဲ့ လူထုအကုန်လုံးကလည်း ပါဝင်ဖို့ လိုတယ် ဆိုတဲ့ဟာကို အမတို့ ဒီ message လေးကို ပေးချင်တယ်။”

အပြည်ပြည်ဆိုင်ရာငြိမ်းချမ်းရေးအထိမ်းအမှတ်ပွဲမှာ ငြိမ်းချမ်းရေးတေးသီချင်းတွေသီဆိုပြီး ဖျော်ဖြေသူ ငြိမ်းချမ်းရေးလှုပ်ရှားသူ အဆိုတော်စောဖိုးခွားကလည်း လူမျိုးရေးဘာသာရေးအသွင်ဆောင် စစ်ရေးပဋိပက္ခတွေ အမြန်ဆုံးအေးချမ်းစေဖို့ မြန်မာနိုင်ငံကြီး ငြိမ်းချမ်းပါစေကြောင်း ဆုတောင်းပေးပါတယ်။

“ကျနော်ကတော့ အဓိကတော့ ဒီနေ့ကို public ကို ကျနော်တို့ လိုအပ်တဲ့ အခုတလောမှာ ငြိမ်းချမ်းတဲ့ ဖက်ကို ကောင်းတဲ့ အတွေးအခေါ်အယူအဆလေးတွေ ဝင်သွားအောင် ကျနော်တို့က အဓိကက ငြိမ်းချမ်းရေးကို အဓိက ဖော်ဆောင်တဲ့ဟာ ဖြစ်တဲ့အတွက် ကျနော်တို့ ဒီ တစ်ယောက်နဲ့တစ်ယောက် လူကို လူလို မြင်တတ်မယ့် အမြင်တစ်ခု ပွားမယ်၊ ပြီးတော့မှာ ကျနော်တို့သည် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးတော့ ချစ်မယ်အရင်ကထက်၊ ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် အမုန်းတွေကို ရပ်နိုင်အောင် ကြိုးစားမယ်။ အဲဒါကို ဘယ်သူက တာဝန်ယူရမလဲဆိုတော့ ကိုယ်တွေကနေ တာဝန်ယူရမယ်ဆိုတဲ့ message ကို ကျနော်တို့က အဓိက ပေးမယ်။ ပြီးတော့ အဲဒီလိုမျိုး မေတ္တာရပ်ခံမယ်ပေါ့နော်။ ဘာလို့လဲဆိုတော့ ဒီအဖွဲ့က တာဝန်ရှိတယ်၊ ဒီအဖွဲ့က လုပ်ပါ၊ လုပ်တဲ့ဟာကို ကျနော်တို့ ကူညီမှာပေါ့ဆိုတဲ့ အဆင့်ထက် ကျနော်တို့ဟာ ဘယ်အဖွဲ့တွေ ဘာတွေမှ ဘာမှ မကြည့်ဘဲနဲ့ ကိုယ့်ကိုကိုယ် အရင်ဆုံးကြည့်ပြီးတော့ ကိုယ်ကနေ သွားမယ်ဆိုတာမျိုး။ အဲဒီလိုမျိုး ကိုယ်ကနေ စပြီး လုပ်လိုက်မယ်၊ ကိုယ့်တစ်နေရာကနေ စပြီး လုပ်လိုက်မယ်ဆိုတဲ့ အဲဒီ အကြောင်းကို ကျနော် ရောက်အောင်ကို ကျနော်ပို့ဖို့ ၊ နောက်ပြီးတော့ အဲဒီလမ်းကြောင်းကို သွားကြပါလို့ ကျနော်က မေတ္တာရပ်ခံမှာပါ။”

စစ်ပြေးဒုက္ခသည်စခန်းတွေအထိအရောက်သွားပြီး စစ်ပြေးဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့သူလည်းဖြစ်တဲ့ အဆိုတော်ဖိုးခွားက စစ်ပြေးဒုက္ခသည်တွေ နေရပ်ရင်းပြန်နိုင်ရေး အထူးသဖြင့် စစ်မီးမငြိမ်းနိုင်သေးတဲ့ ဒေသက စစ်ပြေးဒုက္ခသည် ကလေးငယ်တွေအတွက် ငြိမ်းချမ်းရေးအသီးအပွင့်တွေကို အမြန်ဆုံးခံစားရစေဖို့ ငြိမ်းချမ်းရေးရအောင် ဝိုင်းဝန်းကြိုးပမ်းပေးကြဖို့ တိုက်တွန်းပါတယ်။

“ကျနော်တို့ရဲ့ ဒီပတ်ဝန်းကျင်၊ ကျနော်တို့ရဲ့ နိုင်ငံ၊ ကျနော်တို့ရဲ့ community တစ်ခုလုံးက ငြိမ်းချမ်းရေးအသွင်ကို ဆောင်တဲ့ အချိန်ကျလို့ ရှိရင် ဒီလိုမျိုး အခုဖြစ်ပေါ်နေတဲ့ အနေအထားတွေနဲ့ လုံးဝမသက်ဆိုင်တဲ့ ငြိမ်းချမ်းတဲ့အရပ်ဒေသတစ်ခု ပေါ်ထွက်လာမယ်လို့ ကျနော်က မျှော်လင့်ချက်ထားပြီးတော့ သူတို့ရဲ့ နှလုံးသားထဲမှာ မေတ္တာတရားနဲ့ဆိုင်တဲ့ လူ့အခွင့်အရေးအပြည့်အဝကို နားလည်တတ်တဲ့လူတွေ ဖြစ်ပြီးတော့မှ သူတို့ ကြီးလာတဲ့အချိန်မှာ သူတို့ရဲ့ လက်ထဲမှာ ကျနော်တို့ရဲ့ ပတ်ဝန်းကျင်၊ ကျနော်တို့ရဲ့ နိုင်ငံ၊ ကျနော်တို့ရဲ့ community တစ်ခုလုံးက ငြိမ်းချမ်းရေးအသွင်ကိုဆောင်တဲ့ အသစ်နယ်မြေတစ်ခုကို ကျနော်တို့ ရရှိလိမ့်မယ်လို့ ကျနော် အဲဒီရည်ရွယ်ချက်နဲ့ ရပ်ဝန်းတစ်ခုကို တည်ထောင်ဖို့ ကျနော် ကြိုးစားပါတယ်။”

ဒီငြိမ်းချမ်းရေးပွဲတော်က ရလာတဲ့ရံပုံငွေကို မငြိမ်းချမ်းနိုင်သေးတဲ့ဒေသတွေဖြစ်တဲ့ ကချင်နဲ့ရှမ်းမြောက်ဒေသက စစ်ပြေးဒုက္ခသည်တွေ လိုအပ်တာတွေအတွက်ကိုလည်း လှူဒါန်းပေးကြမှာဖြစ်ပါတယ်လို့လည်း မကြည်ကြည်စိမ်းက ရှင်းပြပါတယ်။

“ငြိမ်းချမ်းရေးအတွက်ကို အကြိုးပြုချင်တဲ့သူတွေကနေ ဝိုင်းပြီးတော့ လှူတဲ့ အလှူငွေပါတယ်။ နောက် တချို့ နိုင်ငံခြားသား သူငယ်ချင်းတွေကနေပြီးတော့ ပါဝင်လှူဒါန်းတဲ့ အလှူငွေတွေ ပါတယ်ပေါ့နော်။ နောက်ပြီးတော့ ဒီကနေပြီး ရလာတဲ့ အကျိုးအမြတ်ကို အမတို့က အလှူငွေကို ရှမ်းမြောက်နဲ့ ကချင်ဒေသမှာ ရှိတဲ့ IDP တွေကို လှူမှာပေါ့။ ပွဲပြီးဆုံးချိန်မှာ JSC လို့ခေါ်တဲ့ Joint Strategy Team ပေ့ါနော်။ ကချင်မှာ base လုပ်တဲ့ အဖွဲ့ ဆရာတစ်ယောက်ယောက်ကနေ လာပြီးတော့ ပွဲပြီးဆုံးချိန်မှာ အလှူငွေလာပြီးတော့ လက်ခံမှာ ဖြစ်ပါတယ် ညီမ။ ”

“ငြိမ်းချမ်းရေးကိုပဲ ဖန်တီးပါ စစ်ပွဲတွေကို မလိုလားပါ။” “ မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ” စတဲ့ ငြိမ်းချမ်းရေးဆောင်ပုဒ်တွေ နောက် ငြိမ်းချမ်းရေးဗိသုကာကြီးဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ “စည်းလုံးခြင်းသည်လည်း ငြိမ်းချမ်းခြင်းတခုပါပဲ”၊ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်ရဲ့ “အပြုသဘော အကျိုးသက်ရောက်မှုကိုဖြစ်စေတဲ့အတွေး၊ စကား၊ အပြုအမှုတိုင်းဟာ ငြိမ်းချမ်းရေးကိုအကျိုးပြုစေမှာပါ” နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်းဦးသန့်ရဲ့ ငြိမ်းချမ်းရေးအဆိုအမိန့်တွေနဲ့ ဦးဘုန်း(ဓာတု) ဆရာမောင်သွေးသစ်စတဲ့ စာပေပညာရှင်တွေရဲ့ ငြိမ်းချမ်းရေးကဗျာရွတ်ဆိုမှုတွေ၊ လူငယ်တွေရဲ့ ငြိမ်းချမ်းရေးစကားဝိုင်း၊ ပဟေဠိ ဉာဏ်စမ်းပွဲအပါအဝင် ငြိမ်းချမ်းရေး ပုံဖော်တင်ဆက်မှု ပါဖောမန့်အစီအစဉ်တွေ၊ တေးဂီတဖျော်ဖြေမှုတွေနဲ့ ငြိမ်းချမ်းရေးပွဲကို စုဝေးပုံဖော်နေကြတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG