သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ဒေသ ငြိမ်းချမ်းရေး အလားအလာ


မြန်မာ့အရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဒေါ်ခင်မျိုးသက် (VOA)

ဒီတပတ် မြန်မာ့အရေး ဆွေးနွေးခန်းမှာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အတွင်းမှာ ရင်ဆိုင်နေရတဲ့ လူ့ဘောင်အသိုင်းအဝိုင်းနှစ်ခုကြား ပဋိပက္ခအနေအထားကို ကိုင်တွယ်ဖြေရှင်းဖို့ဆိုရင် အသိုင်းအဝိုင်းတခုကိုပဲ အသားပေးကူညီတာမျိုး မဟုတ်ဘဲနဲ့ ထိခိုက်နစ်နာရတဲ့ နှစ်ဘက်စလုံးကို မျှမျှတတ အကာအကွယ် ကူညီပေးသင့်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက ပြောပါတယ်။ ဒါ့အပြင် ပြဿနာပြေလည်ဖို့ ဖြေရှင်းရာမှာ နိုင်ငံတော်အဆင့်တင်သာမက ဒေသဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်တွေနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့  ပါဝင်မှု လိုအပ်တယ်လို့ သုံးသပ်ကြပါတယ်။ မြန်မာအစိုးရအနေနဲ့ ဒီပြဿနာကို ဘယ်လို ဖြေရှင်းသင့်ပါသလဲ။ ဒေါ်ခင်မျိုးသက် က မြန်မာ့အရေးလေ့လာသုံးသပ်နေသူ ဦးမောင်မောင်စိုး နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့နဲ့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီနေ့ VOA မှာ ဆွေးနွေးမယ့် အကြောင်းအရာကတော့ မြန်မာနိုင်ငံမှာ ရင်ဆိုင်နေရတဲ့ ပြဿနာ။ ဒီပြဿနာကို လက်ရှိ အစိုးရကနေ ဘယ်လို ဖြေရှင်းသင့်သလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ဆွေးနွေးသွားဖို့ ကျမတို့ ရည်ရွယ်ထားပါတယ်။ ပထမဦးဆုံးအနေနဲ့ မြန်မာနိုင်ငံက အခုဆိုရင် နိုင်ငံတကာရဲ့  ဖိအားတွေ အများကြီးပေးတာ ခံနေရပါတယ်။ ဒီလက်ရှိ အစိုးရအနေနဲ့။ ဖိအားပေးတာကို ခံရတဲ့အပြင် ပြည်တွင်းမှာလည်း တနေ့ကဆိုရင် တောင်တွင်းကြီးမှာ ဆူပူမှုတွေ ဖြစ်တယ်။ နည်းနည်းမငြိမ်မသက်တွေ ဖြစ်တာပေါ့။ ဆိုတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လက်ရှိ အစိုးရအနေနဲ့ ဘယ်လို ဖြေရှင်းသင့်သလဲဆိုတာကို ဦးမောင်မောင်စိုး ပထမဦးဆုံး စပြောပြပေးပါ။

ဦးမောင်မောင်စိုး ။ ။ အခု ဘူးသီးတောင်၊ မောင်းတောဒေသမှာ ဖြစ်လာတဲ့ ပြဿနာတွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့  ကြည့်မြင်မှုနဲ့ ပတ်သက်လို့ ကျနော်တို့က ဒီအဖြစ်မှန်တွေကို ပြန်လည်ဖြေရှင်းဖို့ လိုပါတယ်။ ဆိုတာကတော့ နိုင်ငံတကာက ကြည့်မြင်တဲ့အခါမှာ ဒီဒေသမှာရှိတဲ့ ဘင်္ဂလီမူစလင်တွေရဲ့  အခွင့်အရေးနဲ့ ပတ်သက်ပြီး အမြဲတမ်းပြောလေ့ရှိတယ်။ ဒါပေမဲ့ သူတို့ အမြဲတမ်း မေ့လျော့နေတာက ဘူးသီးတောင်၊ မောင်းတောဒေသမှာရှိတဲ့ ရခိုင်တိုင်းရင်းသား ဒေသခံတွေနဲ့ ပတ်သက်ပြီး မေ့လျော့နေတယ်။ အဲဒီတော့ ကျနော်တို့က ပြဿနာတခုကိုကြည့်ရင် ဒီ ဘင်္ဂလီမူစလင်တွေမှာ လူ့အခွင့်အရေး လိုအပ်တယ်ဆိုတာ ငြင်းဆိုစရာ မရှိဘူး။

ဒါပေမဲ့ အလားတူပဲ ဒီဒေသမှာ လူနည်းစုဖြစ်နေတဲ့ ရခိုင်တိုင်းရင်းသားတွေမှာလည်း သူတို့ရဲ့  အခွင့်အရေးရဖို့ လိုအပ်တယ်ဆိုတာကိုလည်း ကျနော်တို့ ကြည့်ဖို့ လိုအပ်ပါတယ်။ အဲဒီတော့ ARSA အဖွဲ့ တိုက်ခိုက်မှုတွေ စခန်း (၃၀) လောက်ကို တပြိုင်တည်း တိုက်ခိုက်ပြီးတော့ တိုင်းရင်းသားကျေးရွာတွေကို တိုက်ခိုက်ခံရတယ်။ တိုင်းရင်းသားတွေလည်း ကြောက်လန့်ပြီး မနေရဲကြဘူး။ အခုဆိုရင် မောင်းတောထဲမှာ တိုင်းရင်းသားက သုံးသောင်းထဲက နှစ်သောင်းခြောက်ထောင်လောက်က ထွက်ပြေးနေရပြီ။ မနေရဲကြဘူး။ တည်ငြိမ်မှု ပျက်ပြားသွားပြီ။

ဒီပြဿနာရဲ့  အရင်ခံက ARSA အကြမ်းဖက်သမားတွေ ဖြစ်တယ်ဆိုတာကို ကျနော်တို့က ပြောဖို့လိုတယ်။ အဲဒီတော့ ဒီအရင်းခံက ဒါဖြစ်တယ်ဆိုတာကို အသိအမှတ်ပြုပြီးမှုအောက်မှာ ကျနော်တို့က ဘင်္ဂလီတွေ၊ မူစလင်တွေနဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး ပြောဖို့လိုပြီ။ နောက်တခုက အခုပြောနေတာက နိုင်ငံတကာက တချို့ ပြောနေတာက ဒီ ဘင်္ဂလီမူစလင်တွေအတွက် အန္တရာယ်ကင်းတဲ့ ဇုန်တခု သတ်မှတ်ပေးဖို့ လိုအပ်တယ်ဆိုတာ။ ကျနော်ထင်တာက အခြေခံမူအရ မှားယွင်းနေတယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က မတူတဲ့ဘာသာဝင်တွေ အတူတကွ ယှဉ်တွဲနေထိုင်ရေး ဖြစ်တယ်။

ဒီဒေသမှာ ဘင်္ဂလီမူစလင်တွေ၊ ကျန်တဲ့ ဘာသာဝင်တွေ၊ ရခိုင်တိုင်းရင်းသား ဘာသာဝင်တွေ ဗုဒ္ဓဘာသာဝင်ရှိတယ်။ ခရစ်ယာန်တွေ ရှိတယ်။ သူတို့က အတူတကွ သင့်သင့်မြတ်မြတ် ယှဉ်တွဲနေထိုင်မှု မူဝါဒနဲ့ ကွဲလွဲနေတယ်။ အဲဒီတော့ ကျနော်တို့ နိုင်ငံတကာကိုပြောဖို့ လိုတာက ဘင်္ဂလီမူစလင်တွေအတွက် မျှတမှု လိုသလို၊ ရခိုင်တိုင်းရင်းသားတွေအတွက် မျှတမှုလည်း လိုအပ်တယ်။ တဘက်ကို တိမ်းစောင်းမှု ရှိနေရင် ကျနော်တို့ ဒီပြဿနာကို မဖြေရှင်းနိုင်ဘူးဆိုတာကို နိုင်ငံတကာကို ပြောပြဖို့လိုမယ် ထင်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဒီလိုမျိုး နိုင်ငံတကာကို ဒါမျိုးတွေ သိစေဖို့အတွက် အစိုးရအနေနဲ့ အဓိက တာဝန်ယူ လုပ်ရမှာပေါ့။ နောက် သတင်းဌာနတွေမှာလည်း တာဝန်ရှိတာပေါ့။ ဆိုတော့ ကျမ သိတာက ရခိုင်ကိစ္စ ပေါ်လာတဲ့အခါမှာ ဖြေရှင်းဖို့ဆိုပြီး အတိုက်အခံပါတီတွေနဲ့ ပါတီအတော်များများအပြင် လွှတ်တော်တွေမှာ တင်ကြပါတယ်။ ကာလုံခေါ်ပေးဖို့ ကိစ္စဆိုပြီးတော့ - ဒါမျိုးက ကာလုံ ဖြေရှင်းမှ ရမယ်ဆိုပြီး သူတို့က တောင်းဆိုတာတွေ တော်တော်များပါတယ်။ ဒါပေမဲ့ လွှတ်တော်မှာ လက်မခံဘူး။ ဒါက သမ္မတ ကိစ္စ။ ကာလုံခေါ်တာနဲ့ ပတ်သက်ပြီးတော့ ဒေါက်တာရန်မျိုးသိမ်း နည်းနည်းပြောပြပေးပါ။ ဒါမျိုးက ဖြစ်သင့်လား။ မဖြစ်သင့်ဘူးလား။ ဖြေရှင်းတဲ့အခါမှာ ဒါ အဓိကကျလား။ မကျဘူးလား။

ဒေါက်တာရန်မျိုးသိမ်း ။ ။ အစိုးရ၊ လွှတ်တော်၊ တပ်မတော်အနေနဲ့ ကျနော်တို့ ဒီဘက်က တိုင်းရင်းသားအဖွဲ့အစည်း ခေါင်းဆောင်တွေ။ ဥပမာအားဖြင့် လက်ရှိ ရခိုင်မှာ ဖြစ်နေတဲ့ ပြဿနာတွေနဲ့ ပတ်သက်ပြီးတော့ ရခိုင်နိုင်ငံ ရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီတော့ ဆွေးနွေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ရခိုင်မှာရှိတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့  ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်ပါတယ်။ နောက်ပြီးတော့ ရခိုင်မှာရှိတဲ့ ပညာရှင်တွေ - အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ - သူတို့နဲ့လည်း တွေ့ဆုံဆွေးနွေးပြီးတော့ သူတို့တွေရဲ့  အသံတွေရဲ့  ကျယ်ကျယ်ပြန့်ပြန့် နားထောင်ဖို့ လိုအပ်တယ်လို့ မြင်ပါတယ်။

အဲဒီလိုပဲ ကျနော့်အမြင်အားဖြင့် နိုင်ငံတော်အဆင့်မှာ ပြောမယ်ဆိုရင်လည်း ကျနော်တို့အနေနဲ့ အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ အစည်းအဝေးပုံစံမျိုးကိုလည်း ထည့်သွင်းစဉ်းစားသင့်တယ်လို့ ကျနော်ကမြင်တယ်။ ဒါပေမဲ့ ကျနော့်ရဲ့  စဉ်းစားပုံက ဘာလဲဆိုတော့ လက်ရှိဖြစ်နေတဲ့ ပဋိပက္ခတွေ အားလုံးရဲ့  အဓိကဖြစ်စေတဲ့ အကြောင်းအရင်းတခုက ကျနော်တို့နိုင်ငံမှာ အရပ်ဘက်နဲ့ စစ်ဘက်အကြား ဆက်ဆံရေးမှာ ကွာဟမှုတွေ ကြီးမားတဲ့အတွက်ကြောင့်လို့ မြင်တယ်။ အဲဒီတော့ ဒီအရပ်ဘက်နဲ့ စစ်တပ်ကြား ဆက်ဆံရေးမှာ ကွာဟမှုတွေ ကြီးမားတဲ့အတွက်ကြောင့်လို့ ကျနော်က မြင်တယ်။ အဲဒီတော့ အရပ်ဘက်နဲ့ စစ်ဘက်ကြား ဆက်ဆံရေး ကွာဟမှုတွေကို တတ်နိုင်သမျှ ကျဉ်းမြောင်းသွားအောင် ကျနော်တို့က အမျိုးသားကာကွယ်ရေး နဲ့ လုံခြုံရေးကောင်စီ platform တခုအနေနဲ့ နိုင်ငံရေး ပလက်ဖောင်း တခုအနေနဲ့ သုံးလာနိုင်မယ်ဆိုရင် ဒီကောင်စီမှာ အရပ်ဘက်ခေါင်းဆောင်တွေ၊ စစ်ဘက်ခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးမယ်။ ကျနော်တို့ တိုင်းပြည်မှာ ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အကြိတ်အနယ် ဆွေးနွေးပြီးတော့ သဘောတူညီချက်တွေရအောင် လုပ်နိုင်မယ်ဆိုရင် ကျနော့်အမြင်ကတော့ တိုင်းပြည်ရဲ့  ဒီမိုကရေစီ အပြောင်းအလဲအတွက်လည်း အများကြီး အကျိုးရှိမယ်လို့ မြင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီ အာနန်ကို ဒီက နိုင်ငံတော်အစိုးရအနေနဲ့ ဒီကိစ္စ ဖြေရှင်းဖို့ ဘယ်လိုလုပ်ရမလဲဆိုတာကို အကြံပေးဖို့ ပြောထားပါတယ်။ ပြောထားတဲ့ကိစ္စမှာ မစ္စတာကိုဖီ အာနန်လည်း အကြံပေးသွားပါတယ်။ စောစောက ဦးမောင်မောင်စိုးပြောတဲ့အထဲကလို ဒီတခါ စနစ်တကျ နိုင်ငံသားဖြစ်ဖို့။ လွတ်လွတ်လပ်လပ် သွားခွင့်လာခွင့်ပေးဖို့။ ဒေသဖွံ့ဖြိးမှု။ ဒါတွေနဲ့ ပတ်သက်ပြီး ဒေါက်တာရန်မျိုးသိမ်း နည်းနည်းဝေဖန်ပြပါ။ ဒီ အစိုးရကို နိုင်ငံတကာကနေ ဒီလိုပြောတယ်။ အစိုးရကိုယ်တိုင် ခေါ်ထားတဲ့ မစ္စတာကိုဖီအာနန်ကလည်း ပြောတယ် ဒါတွေကို အတိုင်းအတာ - ဘယ်လောက်အထိ လုပ်နိုင်တယ်။ လုပ်သင့်သလားဆိုတာကို ပြောပြပေးပါ

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်တို့ ဒေသခံပြည်သူတွေ၊ နောက်ပြီးတော့ ဒေသခံ အရပ်ဖက်အဖွဲ့အစည်းတွေ၊ ဒေသခံ နိုင်ငံရေးခေါင်းဆောင်တွေရဲ့  ပါဝင်မှု - အဲဒီ ပုဂ္ဂိုလ်တွေနဲ့ ထိတွေ့ဆက်ဆံမှုကလည်း အင်မတန်မှ အရေးကြီးတယ်လို့ ကျနော်က မြင်တယ်။ အဲဒီမှာ ဒေသခံတွေရဲ့  ထောက်ခံမှုကို မရဘူး။ ဒေသခံတွေရယ် ဝိုင်းဝန်းကူညီမှုကို မရဘူးဆိုရင် ဒီလုပ်ငန်းတွေကို အကောင်အထည်ဖော်တဲ့ နေရာမှာ အင်မတန်မှ ကြန့်ကြာမှုတွေ ဖြစ်လာနိုင်တယ်။ အခက်အခဲတွေ ဖြစ်လာနိုင်တယ်။ ဒေသဆိုင်ရာ အစိုးရတွေ၊ လွှတ်တော်တွေသာမကဘူး ပြည်ထောင်စုအဆင့် အစိုးရ၊ ပြည်ထောင်စုလွှတ်တော်က အလေးထားပြီးတော့ ထိတွေ့ဆက်ဆံနိုင်ဖို့ကလည်း အရေးကြီးတယ်လို့ မြင်တယ်။

နောက်တချက် ကျနော်မြင်မိတာက ကျနော်တို့ တိုင်းပြည်ရဲ့  ဒီမိုကရေစီ အပြောင်းအလဲကြီးတခုလုံးနဲ့လည်း ဆက်စပ်နေတယ်။ အဲဒါ ဘာလဲဆိုတော့ အဂတိလိုက်စားမှု - ဒီပြဿနာတွေရဲ့  ဒီပြဿနာတွေ ဒီလောက်ကြီးမားလာအောင် တွန်းပေးတဲ့ အကြောင်းအရင်းထဲမှာ အဂတိလိုက်စားမှုက အင်မတန်မှ မြင့်မားတယ်လို့ ကျနော် မြင်တယ်။ အရေးကြီးတယ်လို့ မြင်တယ်။ အဲဒီတော့ တဘက်က လုပ်ငန်းတွေကို အကောင်အထည်ဖော်နေတဲ့ တပြိုင်နက်ထဲမှာ အဂတိ လိုက်စားမှုတွေကိုလည်း အပေါ်ကနေအောက် အဆင့်ဆင့် တိုက်ဖျက်ထိန်းကျောင်း စည်းရုံးသိမ်းသွင်း အရေးယူနိုင်ဖို့ လိုအပ်တယ်လို့ ကျနော်ကတော့ အဲဒီလိုမျိုးမြင်တယ်။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ အခုလိုမျိုး နိုင်ငံတော်အစိုးရက ရခိုင်ပြဿနာကို ပြေလည်ဖို့ဆိုပြီးတော့ မစ္စတာကိုဖီအာနန်တို့ကို အဖွဲ့အစည်းတခု ဖွဲ့စည်းပြီး ရခိုင်ပြည်နယ်ရဲ့  အရေးကို ဘာလုပ်ရင် ကောင်းမလဲဆိုတဲ့ အကြံပေးဖို့ဖွဲ့တယ်။ ဒါပေမဲ့ အဲဒီလိုဖွဲ့တဲ့ တချိန်တည်းမှာပဲ ရခိုင်က ပါတီကြီးတွေက လက်မခံဘူး ဘာဘူးဆိုပြီး လက်မခံဘဲ အစိုးရဖွဲ့ ဖွဲ့လို့သာ ဖွဲ့လိုက်တယ် သူတို့ လုံးဝ လက်မခံဘူး။ နောက်ပြီးတော့ မစ္စတာကိုဖိအာနန်တို့နဲ့လည်း ပူးပေါင်းဆောင်ရွက်တာ မရှိဘူး။ ဆွေးနွေးတာတွေ မရှိဘူး။ အဲဒီလို အနေအထား - အခု ရခိုင်ပြည်နယ် အခြေအနေ။ ဒီပါတီကြီးတွေအနေနဲ့ ဒေသခံတွေ မပါရင် ဒီဟာက ဘာမှလုပ်လို့ မရဘူးဆိုတာကို နားမလည်လို့လား။ ဒါမှမဟုတ် သူတို့ ဘာကြောင့် ဒါမျိုး ပုံစံမျိုး ဖြစ်နေလဲ။ လုပ်ရကိုင်ရလွယ်အောင် ပါတီကြီးတွေအနေနဲ့ ဘာလုပ်သင့်လဲ။ ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့ ဒေသခံတွေ …

ဦးမောင်မောင်စိုး ။ ။ အဓိကတော့ အစိုးရဘက်က လုပ်ရမယ်လို့ ကျနော် မြင်တယ်။ ရခိုင်ပြဿနာကို ဖြေရှင်းချင်ရင် ရခိုင်လူထု ပါဝင်ဖို့ လိုတယ်။ အခုနက ဆရာရန်မျိုးသိမ်းလည်း အကျယ်ရှင်းသွားခဲ့တယ်။ ရခိုင်ဒေသခံတွေ မပါဘူးဆိုရင် ဒီပြဿနာကို ဖြေရှင်းဖို့ခက်တယ်။ အဲဒီတော့ ကိုဖီအာနန် ကော်မရှင်နဲ့ မပူးပေါင်းတာပဲဖြစ်ဖြစ်၊ ဟိုတလောက ရသေ့တောင်မှာဖြစ်တဲ့ ကိစ္စမျိုးတွေဖြစ်ဖြစ် - ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့ ဒေသခံတွေကို မစည်းရုံးတာ။ ဒေသခံကိုယ်စားပြုတွေကိုလည်း ပြဿနာ ဖြေရှင်းမှုထဲမှာ မထည့်နိုင်ဘူး။ ဒါကြောင့် ကျနော်တို့ကပြောတာ အစိုးရနဲ့ လုံခြုံရေးဆိုင်ရာ တာဝန်ရှိသူတွေသာမက ဒေသခံကိုယ်စားလှယ်တွေပါဖို့ လိုတယ်။ ဒီပြဿနာ ဖြေရှင်းတဲ့အခါ။

ဒေါ်ခင်မျိုးသက် ။ ။ ဆိုတော့ ရခိုင်ပြည်နယ်အကြောင်း ပြောတဲ့နေရာမှာ အဓိကလဲ ဒီနေရာက ဆင်းရဲတွင်းနက်နေတဲ့ နေရာထဲမှာပါတယ်။ ဆိုတော့ ဒီကိစ္စကို စီးပွားရေးနဲ့ ပတ်သက်ပြီးတော့ ရခိုင်ဒေသမှာ ဘာတွေလုပ်သင့်လဲ။ စီးပွားရေးအပါအဝင် အလုပ်အကိုင် ဖန်တီးတာတွေ ဘာတွေပေါ့။ အဲဒါတွေ ပြေလည်မှလဲ အစိုးရအနေနဲ့ ဒီပြဿနာကို ဖြေရှင်းနိုင်မယ်လို့ အကြံပေးတဲလူတွေလည်း ရှိပါတယ်။ ဒေါက်တာရန်မျိုးသိမ်း ဘယ်လို မြင်ပါလဲ။ ဒါနဲ့ ပတ်သက်လို့။

ဒေါက်တာရန်မျိုးသိမ်း ။ ။ ကျနော်လည်းပဲ လေ့လာမိသလောက် ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တို့က မြန်မာနိုင်ငံမှာ ဖွံ့ဖြိုးမှု နောက်အကျဆုံး ပြည်နယ်နှစ်ခု။ အဲဒီတော့ တကယ်တမ်း ပြောမယ်ဆိုရင် ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်မှုအတွက်ကို အခွင့်အလမ်းတွေ အများကြီးရှိတယ်။ သို့သော်လဲ ဒီအခွင့်အလမ်းတွေကို အမိအရ ဆုပ်ကိုင်နိုင်တဲ့အပိုင်း။ နောက်ပြီးတော့ ဖော်ဆောင်နိုင်တဲ့ အပိုင်းမှာ ကျနော့်အမြင်အားဖြင့် အားနည်းချက်တွေရှိတယ်လို့ မြင်တယ်။ အဲဒီတော့ တကယ်တမ်းပြောမယ်ဆိုရင် ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်ပြီးတော့ ဖွဲ့ခဲ့တဲ့ ကော်မတီတွေ။ အရင်အစိုးရလက်ထက်မှာလည်း ရှိတယ်။ အများကြီးပဲ။ လက်ရှိ အစိုးရလည်း ဖွဲ့ထားတာကို တွေ့ရတယ်။ ဒါပေမဲ့ တကယ်တမ်း ဒီကော်မတီတွေရဲ့  လုပ်ငန်းဆောင်ရွက်မှုအပိုင်းမှာ အားနည်းချက်တွေ ရှိနေသေးတယ်လို့ ကျနော်မြင်တယ်။

အဲဒီတော့ တကယ်တမ်းတော့ အခုနပြောသလိုပဲ ကျနော်တို့က အစိုးရအနေနဲ့ သူ့ရဲ့ လုပ်ငန်းတွေမှာ ဖော်ဆောင်တဲ့နေရာမှာ ဒေသခံပြည်သူတွေနဲ့ ထိတွေ့ဆက်ဆံဖို့ လိုအပ်သလို၊ သူဘာလုပ်နေလဲ။ သူဘာလုပ်ဖို့ စိတ်ကူးနေတယ်ဆိုတာကို ပြည်သူတွေ သိအောင် အသိပေးဖို့ လိုအပ်တယ်လို့ မြင်တယ်။ အဲဒီအခါကြတော့မှ အစိုးရနဲ့ ပြည်သူကြားမှာ အပြန်အလှန် ပေါင်းကူးပြီးတော့ နားလည်မှု ယုံကြည်မှုကို တည်ဆောက်လာနိုင်မယ်လို့ မြင်တယ်။ အဲဒီလို အစိုးရက ပြည်သူတွေကို ချပြမှုအပိုင်းမှာ ကျနော့်အမြင်အားဖြင့် သတင်းမီဒီယာတွေကို ထိထိရောက်ရောက် သုံးဖို့ လိုအပ်တယ်။ နောက် လက်ရှိ အခြေအနေမှာ ကျနော့်အမြင်က လူမှုကွန်ရက်စာမျက်နှာတွေ - ဒီစာမျက်နှာတွေကနေ ပြည်သူနဲ့ အင်မတန်မှ အလွယ်တကူ မိနစ်ပိုင်းအတွင်း၊ နာရီပိုင်းအတွင်း ထိတွေ့ဆက်ဆံနိုင်တဲ့ အနေအထားမျိုးတွေ ရှိတယ်။

လက်ရှိ အခြေအနေမှာ ဘာဖြစ်နေလဲဆိုတော့ ကျနော်တို့ ရခိုင်ပြည်နယ်မှာလည်း အစိုးရလွှတ်တော်တွေ။ နောက်ပြီးတော့ ပြည်ထောင်စုအဆင့် အစိုးရတွေ၊ လွှတ်တော်တွေက ဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ပွင့်လင်းမြင်သာစွာ ချပြဖို့ ဝန်လေးနေတဲ့ ပုံစံမျိုးတွေ တွေ့နေရတယ်။ အဲဒီအခါကြတော့ အဲဒါတွေကြောင့်ပဲ ရခိုင်ပြည်နယ်ရဲ့  ဖွံ့ဖြိုးတိုးတက်မှုအပိုင်းမှာ၊ နောက်ပြီးတော့ လက်ရှိ ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဖြေရှင်းတဲ့အပိုင်းမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဆက်တိုက်ကို ဖြစ်နေတယ်လို့ ကျနော်ကတော့ အဲဒီလို သုံးသပ်ပါတယ်။

ဒေါ်ခင်မျိုးသက် ။ ။ အခု ဒီကနေ့ VOA ဆွေးနွေးပွဲမှာ ပါဝင်ခဲ့တဲ့ ဦးမောင်မောင်စိုး နဲ့ ဒေါက်တာရန်မျိုးသိမ်းတို့ကို အများကြီးကျေးဇူးတင်ပါတယ်။

XS
SM
MD
LG