သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘူးသီးတောင်မြို့နယ်က ဗလီတခုတွင်း ဗုံးပေါက်


ဘူးသီးတောင်မြို့နယ် ဗလီဝင်းတွင်း ရှာဖွေတွေ့ရှိတဲ့ လက်လုပ်ဗုံး ( သတင်းဓာတ်ပုံ- Information Committee)
ဘူးသီးတောင်မြို့နယ် ဗလီဝင်းတွင်း ရှာဖွေတွေ့ရှိတဲ့ လက်လုပ်ဗုံး ( သတင်းဓာတ်ပုံ- Information Committee)

စစ်တွေ၊ ဘူးသီးတောင်အပါအဝင် တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ်တွင်း နေရာတော်တော်များများမှာ လုံခြုံရေးတိုးမြှင့်ချထားပေမယ့် ဒီကနေ့ ဘူးသီးတောင်မြို့နယ် မီးကျောင်းခေါင်းဆွဲ ကျေးရွာက ဗလီတခုအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပါတယ်။ ဒီသတင်းကိုဗွီအိုအေ သတင်းဌာနကမေခက စုစည်း တင်ပြထားပါတယ်။

ဒီကနေ့မနက်ပိုင်း ၁၁နာရီဝန်းကျင် မီးကျောင်းခေါင်းဆွဲ ကျေးရွာက ဗလီတခုအတွင်း ဗုံးတစ်လုံးပေါက်ကွဲခဲ့ပေမယ့် လူအသေ အပျောက် ထိခိုက်ဒဏ်ရာတော့ မရှိခဲ့ဘူးလို့ ရခိုင်ပြည်နယ် ရဲမှူးကြီး အောင်မြတ်မိုးကပြောပါတယ်။

" ဗုံးပေါက်တာ မှန်ပါတယ် ဘူးသီးတောင်မြို့နယ် မိချောင်းခေါင်းဆွဲ ကျေးရွာမှာပေါ့နော် မောင်တော ဘူးသီးတောင်နဲ့ဆို ၁၅ မိုင်လောက်ဝေးတယ်။ အတော်လေးဝေးပါတယ် အဲ့ဒီ့က ဗလီအတွင်းမှာ ကွဲတယ်လို့သိရပါတယ် အကျယ်လေးပေ အနက်၂ပေလောက် ရှိတဲ့ ကျင်းတကျင်းဖြစ်သွားတယ်။ အဆောက်အဦးတွေက ပျက်စီးခြင်းရှိ-မရှိကတော့ ကျနော်တို့ဆီက ဓာတ်ပုံတွေ သွားတုန်း စိစစ်ဆဲမို့ လတ်တလော ပြောဆိုနိုင်ခြင်း မရှိသေးလို့ပါ ခင်ဗျ။ လောလောဆယ်ကတော့ စိစစ်ဆဲ ဆိုတော့ ပြောဖို့က စောနေပါသေးတယ်။ အဖွဲ့အစည်းတွေဘာတွေကလည်း ကိုယ်မသိပဲနဲ့ ရမ်းပြောလိုက်ရင် မကောင်းဘူးလေ ဒီအချိန်မှာက ထိလွယ်ရှလွယ် ဖြစ်တဲ့အတွက် မှန်းဆပြောဆိုချက်က မပြောသင့်တဲ့အချိန်ဖြစ်နေတယ်။"

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ဘူးသီးတောင်မြို့နယ်နားက အစ္စလာမ် ဘာသာဝင်တွေနေထိုင်တဲ့ တောင်ဘဇာနယ်မြေ ကျောင်းတောင်အုပ်စု တင်းမေ ကျေးရွာမှာပေါက်ကွဲမှုတခုဖြစ်ပွားခဲ့ပါသေးတယ်။ ဗုံးလုပ်နေတုန်း ပေါက်ကွဲခဲ့လို့ ထိခိုက်သေဆုံးခဲ့တာရှိခဲ့တယ်လို့ အစိုးရဘက်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်းစစ်တွေ-အမ်းကားလမ်းမပေါ်မှာ ဗုံးသုံးလုံးဆက်တိုက် ပေါက်ကွဲခဲ့သလို၂၀ရက် နေ့ကလည်း စစ်တွေမြို့ပေါ်မှာ စားနပ်ရိက္ခာလုလို့ လူစုလူဝေး ဖြစ်ခဲ့ပါတယ်။ အခုလို အကြမ်းဖက် လုပ်ဆောင်ဖို့ ဘယ်သူတွေက စေခိုင်းနေတယ်ဆိုတာကိုသိရဖို့ စစ်ဆေးနေတယ်လို့ ရဲမှုးကြီး အောင်မြတ်မိုးကပြောပါတယ်။

ဒီလို အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားနေတာကြောင့် စစ်တွေ၊ ဘူးသီးတောင် အပါအဝင် တည်ငြိမ်မှုမရှိသေးတဲ့ ရခိုင်ပြည်နယ် အတွင်းလုံခြုံရေး ပိုတိုးချထားတယ်လို့ ရဲမှုးကြီးအောင်မြတ်မိုးကပြောပါတယ်။

"စစ်တွေမြို့ရဲ့အနေအထားကတော့ အရင်တုန်းက အခြေအနေနဲ့ မတူတော့တာကတော့ ပျံကျတွေ အနယ်နယ်အရပ်ရပ်က စွန့်ခွာလာတဲ့သူတွေ စီးပွားရေးအရသော်လည်းကောင်း လာတဲ့ပုဂ္ဂိုလ်တွေ များတဲ့အတွက် မူလရှိရင်းနေထိုင်ခဲ့သူတွေနဲ့ရောနှောပြီးတော့မှ အင်အားများလာတယ် မူခင်းဖြစ်ပွားနိုင်ခြေတွေများတာပေါ့။ ဟိုနေ့ကဖြစ်စဉ်လိုမျိုးပေါ့ စစ်တွေမြို့ လုံခြုံရေးက ဖိဖိစီးစီးဆောင်ရွက်နေတာရှိပါတယ်။ ရဲတပ်ဖွဲ့က လှည့်ကင်းကားတွေနဲ့ နယ်မြေစိုးမိုးရေးအတွက် ဆောင်ရွက်နေလျက်ရှိပါတယ်။

ခုနက စစ်တွေ ကားလမ်းမကြီးပေါ်မှာလည်း သက်ဆိုင်ရာ ရဲစခန်းနယ်မြေအပိုင် ရဲစခန်းအပိုင်လိုက် တပ်မတော်အဖွဲ့တွေနဲ့ပေါင်းပြီးတော့ လုံခြုံရေးစိုးမိုးမှုအပိုင်းကို ဆောင်ရွက်နေတာတွေရှိပါတယ်။"

ဒီကနေ့ဘူးသီးတောင်မှာ ပေါက်ကွဲမှုနဲ့ ပတ်သတ်ပြီးအဖြစ်မှန်သိရဖို့ စုံစမ်းစစ်ဆေးနေဆဲမို့ အသေးစိတ် ထုတ်ဖော်ပြောလို့မရသေးဘူးလို့ ရဲမှုးကပြောပါတယ်။ ဗုံးပေါက်ကွဲမှုကြောင့် ဘူးသီးတောင်ဒေသခံတွေနဲ့ အနီးမှာရှိတဲ့ ဒုက္ခသည်စခန်း တွေမှာ ထိတ်လန့်မှုတွေ ရှိနေတယ်လို့ အဲဒီဒေသကရခိုင်အမျိုးသားပါတီက ဦးထွန်းအောင်စိန်ကပြောလာပါတယ်။

" ဗုံးပေါက်တဲ့နေရာမှာ အနီးအနားမှာတော့ တိုင်းရင်းသားရွာတွေမရှိဘူး။ တိုင်းရင်းသားရွာတွေနဲ့ လှမ်းတယ် ဗုံးပေါက်တဲ့နေရာကတော့ ၅၅၂ တပ်ရင်းနဲ့ ၅၆၄ တပ်ရင်း နဲ့နီးတဲ့နေရာပေါ့နော် မြို့ပေါ်မှာ အခြေအနေကတော့ မြို့ပေါ်စခန်းက ၁၀ကျော်ရှိနေတယ်။ ဗုံးပေါက်တယ်ဆိုတော့ ကျနော်တို့ပြည်သူတွေကတော့ စိုးရိမ်နေကြတာပေါ့ဗျာ။"

စက်တင်ဘာ ၁၉ ရက်က စစ်တွေ-အမ်း ကားလမ်းမမှာ ဗုံးပေါက်ခဲ့တာကြောင့် အဲဒီဒေသ မှာ ပြေးဆွဲနေတဲ့ အဝေးပြေး ယာဉ်လိုင်း တွေပြေးဆွဲတာမှာ ညနေပိုင်းနဲ့မနက်စောပိုင်း ဝင်ထွက်ချိန် မလုပ်ဖို့ လုံခြုံရေးတာဝန်ရှိသူတွေ က ကန့်သတ်ထားတယ် လို့ သတင်း တွေထွက်ပေါ်နေပေမယ့် ရဲမှူးအာင်မြတ်မိုးကတော့ ထုတ်ပြန်ထားတာမရှိဘူးလို့ ပြောပါတယ်။

စက်တင်ဘာ ၁၉ ရက်က ဗုံးပေါက်ကွဲမှုကြောင့်ထိခိုက်ခဲ့တဲ့ မန္တလေး- စစ်တွေပြေးတဲ့ ကစ္ဆပနဒီ ခရီးသည် တင်ယာဉ်က တာဝန်ခဲ ကို သွင်စိုးက လုံခြုံရေးကြောင့် ယာဉ်ဝင်ထွက်မှု ကန့်သတ်ထားတာမရှိဘူးလို့ပြောပါတယ်။

" ကျနော်တို့ကို အစိုးရဘက်ကတော့ ဘာမှ မမှာသေးဘူးခင်ဗျ။ ကျနော်တို့သိတာကတော့ လုံခြုံရေးကင်းတွေကတော့ အရင်ကထက်စာရင် လုံခြုံရေးသတိဝီရိယနဲ့ရှာတယ်။ ညဘက်မထွက်တာကတော့ နဂိုကတည်းက မထွက်ကြဘူး။ တကယ်လို့ အရေးကြီးလို့ ထွက်တယ်ဆိုရင်လည်း လုံခြုံရေးတွေ ဘာတွေ နောက်ပြီး လူမှုအဖွဲ့အစည်းတွေ ပြောပြီးမှ ဖြတ်ကြတယ်ခင်ဗျ။ အမှန်ပြောရမယ်ဆိုရင် မကြောက်သင့်ပဲ ကြောက်နေရတာ တဘက်က ကိုယ့်ကို ဘယ်လိုကြံရွယ်လာမယ်မှန်းမသိပဲနဲ့ ဖြတ်သန်းနေရတဲ့အတွက်ပေါ့ အမရယ် အဲ့ဒီ့လမ်းပေါ်မှာ တခုရှိတာက နေ့လည်နေ့ခင်းတောင်မှ ခဲနဲ့ထုတာတို့ ဂွနဲ့ပစ်တာတို့ ဟိုးတုန်းကတည်းက ရှိတယ် ဒါပေမဲ့ ကျနော်တို့က တော်ရုံကိစ္စကို ရဲစခန်းတိုင်တာတို့ ပြောတာဆိုတာတို့ မလုပ်ဘူး။ အဲ့ဒီ့လမ်းခရီးမှာ အဲ့ဒီ့မူဆလင်တွေ ရှိနေတာကိုကကို ခရီးသွားတာကို အနှောင့်အယှက်ဖြစ်နေတာကြာပြီ အခုမှ မဟုတ်ဘူး။ "

လက်ရှိစက်တင်ဘာ ၁၉ ရက်နေစပြီး စစ်တွေ၊ ဘူးသီးတောင်တို့မှာ အကြမ်းဖက်မှုတွေ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်နေလျက်ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG