သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Maria ဟာရီကိန်းမုန်တိုင်း အတ္တလန္တိတ်သမုဒ္ဒရာထဲက Turks နဲ့ Caicos ကျွန်းတွေဆီ ဦးတည်


Hurricane Maria
Hurricane Maria

ဟာရီကိန်းမုန်တိုင်း Maria ဟာ တနာရီကို လေတိုက်နှုန်း ၂၀၅ ကီလိုမီတာနှုန်းနဲ့ ဒီကနေ့ အစောပိုင်းမှာပဲ အတ္တလန်တိတ်သမုဒ္ဒရာထဲက Turks နဲ့ Caicos ကျွန်းတွေဆီ ချဉ်းကပ်လာနေပါတယ်။ Puerto Rico ကျွန်းနဲ့ Dominican သမ္မတနိုင်ငံတွေမှာ မိုးသည်းထန် ရွာသွန်းပြီး မနေ့ညက ဖြတ်သန်းရွေ့လျားလာခဲ့တဲ့ မုန်တိုင်းဟာ ဘဟားမားကျွန်း အရှေ့တောင်ပိုင်းကိုလည်း ဖြတ်သန်းတိုက်ခတ်မယ်လို့ ခန့်မှန်းထားပါတယ်။

လတ်တလော ပြင်းအားအဆင့် ၃ ရှိတဲ့ ဟာရီကိန်း Maria ဟာ ဗုဒ္ဓဟူးနေ့က Puerto Rico ကျွန်းကို ဖြတ်သန်း တိုက်ခိုက်ချိန်မှာ ပြင်းအားအဆင့် ၄ အထိ ရှိခဲ့ပြီး၊ လျှပ်စစ်မီးတွေလည်း ပြတ်တောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ မုန်တိုင်းအားပျော့သွားပေမဲ့ နေရာတော်တော်များများမှာ ရေကြီးမှုတွေ ကြုံခဲ့ရသလို၊ Dominican သမ္မတနိုင်ငံမှာလည်း မုန်တိုင်းဒဏ် အပြင်းအထန်ခံခဲ့ရတာပါ။

နှစ်ပေါင်း ၉၀ အတွင်း အပြင်းထန်ဆုံး ဟာရီကိန်းမုန်တိုင်းဒဏ် ခံခဲ့ရတဲ့ အမေရိကန်ပိုင် Puerto Rico ကျွန်းမှာ လူသားချင်းစာနာမှု အရေးပေါ် အခြေအနေတွေ ကြုံနေရကြောင်း အုပ်ချုပ်ရေးမှူး Ricardo Rossello က ပြောပါတယ်။ ဆက်သွယ်ရေးနဲ့ လမ်းပမ်း အခက်အခဲတွေကြောင့် မုန်တိုင်းဒဏ်ကြောင့် ထိခိုက်ဆုံးရှုံးမှု အခြေအနေ အားလုံးကိုတော့ မသိရသေးသလို၊ ရေကြီး မြေပြိုမှု သတင်းတွေလည်း ထွက်ပေါ်နေတာပါ။

Puerto Rico ကျွန်းက ရာနဲ့ချီတဲ့ အရေးပေါ်စခန်းတွေမှာ လူပေါင်း ၁၁,၀၀၀ ကျော် ခိုလှုံနေကြရပါတယ်။ ဟာရီကိန်း Maria ကြောင့် ဓာတ်အားပေးလိုင်းတွေ၊ လက်ကိုင်မိုဘိုင်းဖုန်း ဆက်သွယ်ရေးမျှော်စင်တွေ၊ အိမ်ခေါင်မိုးတွေလည်း ပျက်စီးကုန်ပါတယ်။ မုန်တိုင်းဟာ Puerto Rico ကျွန်းကို လုံးဝဖျက်ဆီးလိုက်ကြောင်း အမေရိကန်သမ္မတ Donald Trump က ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မနေ့တုန်းက ပြောဆိုလိုက်သလို၊ အမေရိကန် အရေးပေါ် အကူအညီပေးရေး ဝန်ထမ်းတွေ ပြန်လည်ထူထောင်ရေးအတွက် စတင်ကူညီနေကြောင်း ပြောဆိုခဲ့တာပါ။

သမ္မတ Trump က Puerto Rico ကျွန်းကို အရေးပေါ် အခြေအနေ ကြေညာထားပြီး၊ သွားရောက်ကြည့်ရှုမယ့်အကြောင်း ပြောဆိုထားပေမဲ့ ဘယ်တော့သွားမယ်ဆိုတာကိုတော့ တိတိကျကျ ပြောမထားပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG