သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရှ်မှာ အာမခံရ မြန်မာသတင်းထောက် ၂ ဦး လွတ်မြောက်ရေး သံတမန်ရေး ကြိုးပမ်းမှု အောင်မြင်ဖို့မျှော်လင့်


ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်
ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မြန်မာသတင်းထောက်နှစ်ဦး ဒီကနေ့ အာမခံရရှိသွားပြီဖြစ်ပါတယ် ဒါပေမဲ့ သူတို့နှစ်ဦး မြန်မာနိုင်ငံကို ပြန်ခွင့်မရသေးပဲ ဆက်ပြီးတော့ ရှေ့သီတင်းပတ်ထဲ တရားရင်ဆိုင်ရဦးမယ်လို့ ဘင်္ဂလားရဲအာဏာပိုင်က ပြောပါတယ်။ အခုလိုမြန်မာသတင်းသမားနှစ်ဦး အာမခံရတဲ့အပေါ် မြန်မာသတင်းအဖွဲ့တွေဘက်က ကြိုဆိုလိုက်ပြီး နှစ်နိုင်ငံ သံတမန်ရေး ကြိုးပမ်းမှုတွေကြောင့် သတင်းသမားနှစ်ဦး အမြန်ဆုံးပြန်လွတ်မြောက်လာဖို့ကိုလည်း မျှော်လင့်နေကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ရခိုင်မြောက်ပိုင်းအကြမ်းဖက်တိုက်ခိုက်မှုတွေအတွင်း နယ်မြေရှင်းလင်းရေးတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို တိမ်းရှောင်ထွက်ပြေးသွားသူ ဒုက္ခသည်တွေအကြောင်း ဂျာမနီ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းအတွက်သတင်းနဲ့သတင်းဓာတ်ပုံတွေ ရယူနေချိန်ပြီးခဲ့တဲ့စက်တင်ဘာလ ၇ရက်နေ့က မြန်မာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုမင်းဇေယျာဦးနှင့် ကိုခွန်လတ်တို့ဟာ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေရဲ့ ဖမ်းဆီး ထိန်းသိမ်းခြင်းခံလိုက်ရတာဖြစ်ပါတယ်။

ဒီကနေ့ စက်တင်ဘာလ ၂၃ရက်နေ့ စနေနေ့မှာတော့ ဘင်္ဂလားဒေ့ရှ်အကျဉ်းထောင်ထဲ အထိန်းသိမ်းခံထားရတဲ့ မြန်မာသတင်းသမားနှစ်ဦးကို အာမခံနဲ့ပြန်လွှတ်ပေးလိုက်တာဖြစ်ပါတယ်။ ဒါပေမဲ့လို့ သူတို့နှစ်ဦး မြန်မာနိုင်ငံကို ပြန်ခွင့်မရသေးဘူးလို့ ဘင်္ဂလားဒေ့ရ်ှရဲအရာရှိ Ranajit Kumar Baruaက Reuters သတင်းဌာနကိုပြောပါတယ်။ ရှေ့သီတင်းပတ်ထဲ တရားရုံးမှာ အမှုကို သီးခြားစီရင်ဆိုင်ကြရမှာဖြစ်ပြီး သူတို့နှစ်ဦး နေရပ်ရင်းပြန်ခွင့်ရှိ-မရှိ ကိုတော့ တရားရုံးကနေ ဆုံးဖြတ်ပေးမှာဖြစ်တယ်လို့ အဲ့ဒီ့ရဲအရာရှိကပြောပါတယ်။

သူတို့နှစ်ဦးရဲ့ရှေ့နေကတော့ အာမခံရရှိခဲ့တယ်ဆိုတာ အတည်ပြုပေမဲ့ အမှုနဲ့ပတ်သက်လို့တော့ တစုံတရာ အသေးစိတ် ပြောကြားတာမရှိဘူးလို့ ရိုက်တာသတင်းဌာနမှာ ဖော်ပြပါရှိပါတယ်။ ဒီ မြန်မာသတင်းထောက် နှစ်ဦးဟာ ဘင်္ဂလားဒေရှ့်နိုင်ငံထဲကို အလည်အပတ် ပြည်ဝင်ခွင့် တိုးရစ်ဗီဇာနဲ့ ရောက်ရှိလာပြီး သတင်းတွေ ရယူနေတာကြောင့် ဖမ်းဆီးတာ ဖြစ်သလို သူလျှိုလုပ်စုံစမ်း ထောက်လှမ်းတယ်လို့လည်း ဘင်္ဂလား အာဏာပိုင်တွေဘက်က အစောပိုင်းက စွပ်စွဲပြောဆိုထားတာပါ။

အခုလိုမြန်မာသတင်းသမားနှစ်ဦး အာမခံရပြီး ပြန်လွတ်လာတဲ့အပေါ် မြန်မာစာနယ်ဇင်းကောင်စီဘက်က ကြိုဆိုလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်အစိုးရနဲ့ မြန်မာအစိုးရတို့ကြား သံတမန်ရေးညှိနှိုင်းဆောင်ရွက်ချက်တွေကြောင့် လာမယ့်သီတင်းပတ်ထဲ အမှုနဲ့ပတ်သက်ပြီး တရားရင်ဆိုင်မှုတွေမှာ ရလဒ်ကောင်းတွေရလာဖို့ကိုလည်း မျှော်လင့်တယ်လို့ မြန်မာစာနယ်ဇင်းကောင်စီအဖွဲ့ဝင်လည်းဖြစ် မြန်မာဂျာနယ်လစ်ကွန်ရက်တာဝန်ရှိသူလည်းဖြစ်တဲ့ ဦးမြင့်ကျော်က ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“အာမခံရတာတော့ ကြိုဆိုပါတယ်။ နောက်တစ်ခုက ဒါကလည်း ဒီအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနတို့ရဲ့ သူတို့ရဲ့ ဆောင်ရွက်မှုကြောင့်လည်း ဖြစ်မယ်လို့ ကျနော်တို့ ယုံကြည်တယ်ပေါ့လေ။ ဆိုတော့ ဒီဟာကိုလည်း ပိုပြီးတော့ ရလာဒ်ကောင်းထွက်ပေါ်လာအောင် ဆောင်ရွက်ပေးဖို့လည်း ကျနော်တို့ကတော့ ပန်ကြားချင်တာပေါ့။ ”

နှစ်နိုင်ငံကြား ထူးခြားဖြစ်စဉ်အခြေအနေကြောင့် သတင်းသမားနှစ်ဦးဟာသတင်းသမားတာဝန်အတိုင်း သတင်းသွားရောက်ရယူတာသာဖြစ်တဲ့အတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပြီး သူတို့နှစ်ဦး အမြန်ဆုံးပြန်လွတ်မြောက်လာစေချင်ပါတယ်လို့လည်း မြန်မာသတင်းသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ စာရေးဆရာ၊ သတင်းစာဆရာ ဦးဇင်လင်းကလည်း ဆိုပါတယ်။

“သူတို့သတင်းထောက်ဖြစ်တယ်ဆိုတာ ခိုင်လုံတဲ့အထောက်အထားတွေ ရှိတယ်လေ။ သူတို့ကို တာဝန်ပေးလိုက်တဲ့ ဒီ geo မဂ္ဂဇင်းအပါအဝင်ပေါ့။ နောက်ပြီးတော့ CPJ ကလည်းပဲ statement တွေဘာတွေ ထုတ်ထားတာ ရှိတယ်။ ဘာပဲပြောပြော သူတို့လည်း ပြန်ပြီးတော့ ချင့်ချိန်ပုံ၊ တွက်ချက်ပုံ ရပါတယ်။ သတင်းစာလွတ်လပ်ခွင့်နဲ့ ပတ်သက်လို့ ဖိနှိပ်သလို မတရားသလို ဖြစ်လို့ရှိရင် သူတို့နိုင်ငံရဲ့ ပုံရိပ် ထိခိုက်နိုင်တယ်ဆိုတာ၊ ဒါ သူတို့ သဘောပေါက်ပုံ ရ ပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာ သူတို့ ညင်ညင်သာသာပဲ ကိုင်တွယ်မယ့် သဘောရှိတယ်။ သို့သော်လည်းပဲ တစ်ဖက်မှာတော့ ဖြစ်နေတဲ့ ပြဿနာတွေ tension တွေ မြင့်နေတဲ့အပေါ်မှာ မူတည်ပြီးတော့ နောက်ပိုင်း တရားရုံးဖြစ်စဉ်တွေမှာတော့ သူတို့ဖက်က မှန်မှန်ကန်ကန်နဲ့ အလျှော့ပေးသွားမလား သို့မဟုတ် ဒီဥစ္စာကို သူတို့ဖက်က ကစားမယ့် ဖဲတစ်ချပ်အနေနဲ့များ ယာယီ ကိုင်ထားဦးမလားဆိုတာတော့ ၊ အဲဒါတော့ တွက်ရတာ နည်းနည်းခက်ပါတယ်။ တစ်ဖက်က issue ကလည်း တော်တော်ကြီးတယ်။ တော်တော်မြင့်တယ်။ သူတို့ဖက်က တော်တော်ကြီးလည်း ဝါဒဖြန့်ချီမှုတွေက တအား လုပ်နေတယ်။ ”

မြန်မာသတင်းသမားနှစ်ဦး ရှေ့သီတင်းပတ်ထဲ တရားရင်ဆိုင်ရမယ့်အပေါ် မျှတတဲ့တရားရေးစီရင်မှုနဲ့ သတင်းသွားရောက်ရယူတာသာဖြစ်တဲ့ သတင်းသမားနှစ်ဦး ပြန်လွတ်လာဖို့ မျှော်လင့်ကြောင်း ဦးမြင့်ကျော်ကလည်းပြောပါတယ်။

“ကျနော်တို့အနေနဲ့ကတော့ ဒါသတင်းသမားတွေ သတင်းအလုပ်လုပ်တယ်။ ရတဲ့ tour ဗီဇာနဲ့ ဝင်သွားတဲ့ဟာပဲ ဖြစ်တဲ့အတွက် ဒီဟာမျိုးကိုတော့ ခွင့်လွှတ်နားလည်ဖို့ ကျနော်တို့ကတော့ တိုက်တွန်းချင်တာပေါ့။ သူတို့ ဘင်္ဂလားဒေ့ရှ်ဖက်အစိုးရအနေနဲ့ အပြစ်ပေးအရေးယူတာတော့ မလုပ်သင့်ဘူးလို့ ကျနော်တို့ မြင်တဲ့အကြောင်း သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ကောင်စီအနေနဲ့ပဲ ဖြစ်စေ၊ နောက် အစိုးရရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ပဲ ဖြစ်စေ အဲဒါမျိုးကို ပြောဆိုသင့်တယ်လို့တော့ ကျနော်တို့က မြင်ပါတယ်။”

မြန်မာသတင်းသမားနှစ်ဦးပြန်လွတ်မြောက်ရေး အခုလို မြန်မာအစိုးရဘက်က သံတမန်ရေးနည်းလမ်းနဲ့ ဆောင်ရွက်ချက်တွေအပေါ် အားရကျေနပ်မှုရှိတယ်လို့လည်း ဦးဇင်လင်းကပြောပါတယ်။

“အစိုးရဖက်ကတော့ အရင်အစိုးရတွေနဲ့ မတူဘဲနဲ့ အခုဒီအစိုးရကတော့ ဘာပဲပြောပြော နိုင်ငံတကာမှာ ရှိနေတဲ့ ဖြစ်စဉ် ပျက်စဉ်တွေမှာ မြန်မာသံရုံးကတော့ ကူတာတွေရှိပါတယ်။ ဒီကိစ္စမှာလည်း အစိုးရကလည်းပဲ သူအခြေအနေအကျိုးအကြောင်း ပြည့်စုံအောင် လေ့လာပြီး အစိုးရအနေနဲ့လည်း ကူပေးမယ်လို့ ယူဆပါတယ်။ သူတို့ လွတ်မြောက်ရေးအတွက်ရော အခုဖြစ်နေတဲ့ ရခိုင်အရေးနဲ့ ညှိုနေတဲ့ ဒီကိစ္စအပါအဝင်ပေါ့လေ။ ပြဿနာတွေကတော့ အရှုပ်ကြီးပေါ့။ အဲဒီထဲမှာ သူတို့ကလည်း ဒါ ကို အသုံးချချင်တာကို။ မြန်မာအစိုးရကို ဖိအားပေးဖို့ အခုဒီ သတင်းသမားနှစ်ယောက်ကိစ္စဆိုရင်လည်းပဲ ဒါ သူတို့က ဘယ်လောက်အသုံးချလို့ ရမလဲဆိုတာ၊ အကျိုးဘယ်လောက်ဖြစ်နိုင်မလဲ၊ အပြစ်ဘယ်လောက် ဖြစ်နိုင်မလဲဆိုတာ တွက်ချက်ချိန်ဆနေပုံရပါတယ်။ ဒီကိစ္စက သတင်းစာလွတ်လပ်ခွင့်တွေနဲ့ ပတ်သက်နေတော့ ဒီလောက်ကြီးတော့ သူတို့ဘက်က ဆိုးဆိုးရွားရွားတော့ လုပ်လိမ့်မယ်လို့တော့ မထင်ဘူး။”

ဒီမြန်မာသတင်းထောက်နှစ်ဦးနဲ့ပတ်သက်ပြီးတော့ မြန်မာနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနဘက်က ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးသို့ တရားဝင်စာပေးပို့ပြီး ကောင်စစ်ရေးရာ တွေ့ဆုံမှုပြုလုပ်ခွင့်ရရှိဖို့နဲ့ လိုအပ်တဲ့အကူအညီတွေ ပံ့ပိုးပေးနိုင်ဖို့ တောင်းဆိုထားသလို ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံရုံးကိုလည်း မြန်မာသတင်းထောက်နှစ်ဦးကို ကောင်စစ်ရေးရာ တွေဆုံခွင့် အမြန်ဆုံးရရှိရေးနဲ့ သူတို့နှစ်ဦး လိုအပ်တဲ့ အကူအညီတွေ အမြန်ဆုံးပေးနိုင်ရေး ဆောင်ရွက်ဖို့ ညွှန်ကြားထားပြီး သတင်းသမားနှစ်ဦးနဲ့ပတ်သက်လို့ ထူးခြားဖြစ်စဉ်တွေကို ထုတ်ပြန်သွားမှာဖြစ်ကြောင်းကိုလည်း ပြီးခဲ့တဲ့စက်တင်ဘာလ ၁၈ရက်နေ့က မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။

သတင်းသမားနှစ်ဦး ဖမ်းဆီးခံလိုက်ရတဲ့သတင်းကြားကြားချင်းမှာပဲ ဂျာမနီ ဟမ်းဘာခ့်အခြေစိုက် GEO မဂ္ဂဇင်းကလည်း ကြေညာချက်ထုတ်ပြန်သလို သူတို့နှစ်ဦးလွတ်မြောက်ရေးအတွက် မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များအသင်း၊ မြန်မာသတင်းမီဒီယာကောင်စီ၊ မြန်မာနိုင်ငံ သတင်းစာဆရာများအသင်း၊ မြန်မာဂျာနယ်လစ်ကွန်ရက်စတဲ့ မြန်မာသတင်းမီဒီယာအဖွဲ့အစည်းအသီးသီးက ကြေညာချက်တွေ အသီးသီးထုတ်ပြန်ပြီး တောင်းဆိုထားကြတာဖြစ်ပါတယ်။

XS
SM
MD
LG