သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကို လောင်စာတင်ပို့မှု လျှော့ချရေး တရုတ်ကြေညာ


မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ တရုတ်သမ္မတ ရှီကျင့်ဖျင်

တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားနိုင်ငံကို တင်ပို့နေတဲ့ လောင်စာထုတ်ကုန်တွေကို ကန့်သတ်လျှော့ချသွားမှာဖြစ်တယ်လို့ တရုတ်နိုင်ငံက ဒီကနေ့မှာ ကြေညာလိုက်ပါတယ်။ မြောက်ကိုရီးယားနိုင်ငံရဲ့ နျူးကလီးယား နဲ့ ဒုံလက်နက်ထုတ်လုပ်မှု အစီအစဉ်တွေအပေါ် ကုလသမဂ္ဂက ဒဏ်ခတ်အရေးယူလိုက်တာနဲ့ အညီ လုပ်ဆောင်လိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားကိုတင်ပို့နေတဲ့ သန့်စင်ပြီးသားလောင်စာဆီတွေကို လာမယ့်အောက်တိုဘာ ၁ ရက်နေ့ကစတင်ပြီး တနှစ်ကို ပေပါ ၂ သန်းပဲ တင်ပို့ဖို့ လျှော့ချသွားမှာဖြစ်တယ်လို့ တရုတ်အစိုးရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနကရဲ့ အင်တာနက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် သဘာဝဓါတ်ငွေ့ရည် ရောင်းချမှုကိုတော့ ချက်ချင်းရပ်ဆိုင်းသွားမှာဖြစ်တယ်လို့ ပြောပါတယ်။

မြောက်ကိုရီးယားနိုင်ငံရဲ့ ပဲ့ထိန်းဒုံးအစီအစဉ်နဲ့ တခြားလုပ်ဆောင်မှုတွေမှာ အသုံးပြုဖို့အတွက် လောင်စာဆီတင်ပို့မှုတွေကို ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုထဲမှာ တားမြစ်ထားတယ်လို့ အဲဒီကြေညာချက်က ပြောပါတယ်။ ဒါ့အပြင် မြောက်ကိုရီးယားနိုင်ငံကနေ တင်သွင်းနေတဲ့ အထည်အလိပ်တင်သွင်းမှုတွေကိုလည်းချက်ချင်း တရုတ်အစိုးရဘက်က ချက်ချင်း ရပ်ဆိုင်းသွားမှာဖြစ်ပါတယ်။

ကုလသမဂ္ဂက မြောက်ကိုရီးယားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေ ဆက်တိုက်လုပ်လာခဲ့ပြီးတဲ့နောက် အထည်အလိပ်လုပ်ငန်းဟာ မြောက်ကိုရီးယားအစိုးရအတွက် နိုင်ငံခြားဝင်ငွေရရှိတဲ့ တခုတည်းသော လုပ်ငန်းဖြစ်ပါတယ်။ ကုလသမဂ္ဂရဲ့အရေးယူပိတ်ဆို့မှုတွေကြောင့်၊ တရုတ်နိုင်ငံက မြောက်ကိုရီးယားဆီကနေ ကျောက်မီးသွေ၊ သံ၊ ပင်လယ်စာ နဲ့ တခြားကုန်ပစ္စည်းဝယ်ယူတာတွေကို ရပ်တန့်ပစ်လိုက်ပါတယ်။

တချိန်တည်းမှာပဲ၊ မြောက်ကိုရီးယားနိုင်ငံမှာ ပြင်းအား ၃.၄ အဆင့်ရှိတဲ့ ငလျင်တခုလှုပ်ခတ်သွားတာကို တိုင်းတာသိရှိခဲ့ရတယ်လို့ မြောက်ကိုရီးယား အိမ်နီးချင်းနိုင်ငံတွေက ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ဒါဟာ သဘာဝအတိုင်းဖြစ်တဲ့ငလျှင် ဟုတ်မဟုတ် ဆိုတာနဲ့ ပတ်သက်ပြီး တောင်ကိုရီးယားနဲ့ တရုတ်နိုင်ငံတို့ကတော့ သဘောမတူကြပါဘူး။ မြောက်ကိုရီးယားမှာ အရင်ကဖြစ်ခဲ့တဲ့ ငလျင်တွေကတော့ နျူးကလီးယားစမ်းသပ်မှုကြောင့်လို့ ညွှန်ပြခဲ့ပါတယ်။

တောင်ကိုရီးယား မိုးလေဝသနဌာနကတော့ ဒီငလျင်ဟာ သဘာဝအတိုင်းဖြစ်တဲ့ငလျင်လို့ သုံးသပ်လိုက်ပြီး၊ တရုတ်နိုင်ငံကတော့ ဒါဟာ ပေါက်ကွဲမှုကြောင့်ဖြစ်တာလို့ သံသယရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG