သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအရေး ငြိမ်းချမ်းစွာဖြေရှင်းဖို့ ကန်ကာကွယ်ရေးဝန်ကြီးပြော


အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis

မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ ဖြစ်နေတဲ့ ကိစ္စကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ဖို့ အမေရိကန်ဘက်က နည်းလမ်းရှာနေတယ်လို့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား ဘက်ကတော့ အမေရိကန် သမ္မတ Trump ရဲ့ မနေ့ တနလာင်္နေ့က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားချက်ဟာဆိုရင် စစ်ကြေညာချက် ဖြစ်တယ်လို့ ပြောဆိုထားတာပါ။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုကို တားဆီးနိုင်ဖို့ အတွက် ကိုရီးယား ကျွန်းဆွယ်မှာ အမေရိကန် စစ်တပ်ရှိနေဖို့ လိုအပ်တယ်၊ ပဋိပက္ခကို သံတမန်ရေး နည်းလမ်းနဲ့ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးကိုလည်း ထောက်ခံ အားပေးတဲ့ အကြောင်း အိန္ဒိယ နိုင်ငံ နယူးဒေလီကို ရောက်ရှိနေတဲ့ ကာကွယ်ရေး ၀န်ကြီး Jim Mattis က ပြောဆိုတာပါ။

အမေရိကန် အိန္ဒိယ ဆက်ဆံရေး တိုးတက်ခိုင်မာရေး အိန္ဒိယ တာဝန်ရှိသူတွေနဲ့ အမေရိကန် ကာကွယ်ရေး ၀န်ကြီး Jim Mattis ဆွေးနွေးဖို့ အိန္ဒိယကို ရောက်ရှိနေတာပါ။ ခြိမ်းခြောက်မှုတွေ ဆက်လုပ်နေမယ်ဆိုရင်တော့ မြောက်ကိုရီးယား အစိုးရ သိပ်ပြီး ကြာကြာခံတော့မှာမဟုတ်ဘူးလို့ အမေရိကန် သမ္မတ Trump က တွစ်တာ လူမှုကွန်ယက်မှာ မနေ့ တနလာင်္နေ့က ရေးသားခဲ့တာပါ။

အမေရိကန် သမ္မတ တာဝန်ယူထားသူက ဒီလိုပြောတာဟာ ရှင်းရှင်းလင်းလင်း စစ်ကြေညာလိုက်တာဘဲ ဖြစ်တယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Ri Yong Ho က သတင်းထောက်တွေကို မနေ့က ပြောကြားခဲ့ပါတယ်။ မြောက်ကိုရီးယား အပေါ် အမေရိကန်က စပြီး စစ်ကြေညာတယ်ဆိုတာ ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံအားလုံးနဲ့ ကမ္ဘာကြီးက မမေ့ဖို့ လိုတယ်လို့လည်း ပြောခဲ့ပါတယ်။ သမ္မတရဲ့ တွစ်တာမှာ ရေးသားချက် အပေါ် မြောက်ကိုရီးယား နိုင်ငံခြားရေး ၀န်ကြီးရဲ့ ပုံဖော်မှုက အဓိပ္ပါယ် မရှိဘူးလို့လည်း အမေရိကန် သမ္မတ အိမ်ဖြူတော် ပြောခွင့်ရ Sarah Huckabee Sanders က ပြောဆိုလိုက်ပါတယ်။

XS
SM
MD
LG