သုံးရလွယ်ကူစေသည့် Link များ

မြောက်ကိုရီးယားအရေး ကန်နိုင်ငံခြားရေးဝန်ကြီး Tillerson တရုတ်ခေါင်းဆောင်တွေနဲ့ဆွေးနွေး


အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson နဲ့ တရုတ် နိုင်ငံတော်ကောင်စီဝင် Yang Jiechi (မတ်လ ၂၀၁၇)

မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နက်ပိုင်ဆိုင်ရေးရှေ့တိုးလုပ်ဆောင်နေမှုကို ဝိုင်းဝန်းဖိအားပေးရာမှာ တရုတ်နိုင်ငံရဲ့ ပူးပေါင်းမှုရရေး ကြိုးပမ်းဖို့ ပီကင်းမြို့တော်ကိုသွားရောက်ရှိသွားတဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ဟာ ဒီကနေ့မှာ တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပါတယ်။

တရုတ်သမ္မတ Xi Jinping နဲ့ တွေ့ဆုံခဲ့ပြီး မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်မလုပ်ဖို့ ဘယ်လိုဖိအားပေးနိုင်မလဲဆိုတာကို ဆွေးနွေးခဲ့ကြပါတယ်။ တရုတ်နဲ့ အမေရိကန် ၂ နိုင်ငံ ကုန်သွယ်ရေးနဲ့ ရှေ့လ နိုဝင်ဘာလမှာ တရုတ်နိုင်ငံကို ပထမဆုံးအကြိမ်အဖြစ် ရောက်ရှိလာမယ့် အမေရိကန်သမ္မတ Donald Trump ရဲ့ ခရီးစဉ်အတွက် ဘယ်လိုပြင်ဆင်ကြမလဲဆိုတာတွေကိုလည်း ခေါင်းဆောင် ၂ ဦး ထည့်သွင်းဆွေးနွေးခဲ့ကြတာပါ။ စနေနေ့ အစောပိုင်းကတော့ တရုတ်နိုင်ငံရဲ့ထိပ်တန်းသံတမန်ဖြစ်သူ နိုင်ငံတော်ကောင်စီဝင် Yang Jiechi ယန်ဂျေးချီ တရုတ်နိုင်ငံခြားရေးဝန်ကြီး Wang Yi တို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။

အိမ်နီးချင်း မြောက်ကိုရီးယား နိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု မှာ တရုတ်နိုင်ငံက အများဆုံး လုပ်နေတာဖြစ်ပြီး မြောက်ကိုရီးယားရဲ့ ပြည်ပကုန်သွယ်မှု ၉၀ ရာခိုင်နှုန်းက တရုတ်နိုင်ငံနဲ့ ဖြစ်ပါတယ်။ မြောက်ကိုရီးယားက ကျောက်မီးသေး သံ၊ သံသတ္တုရိုင်း၊ ခဲ၊ ခဲသတ္တုရိုင်း နဲ့ ပင်လယ်စာ တွေ တင်သွင်းနေတာကိုလျှော့ချဖို့ ကိစ္စမှာ အမေရိကန်နဲ့ အနီးကပ်တိုင်ပင်ဆွေးနွေးတာတွေ ရှိတာပါ။ အခုဆို တရုတ်က ကုလသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုအတိုင်း လိုက်နာလုပ်ဆောင်ပြီး မြောက်ကိုရီးယားနဲ့ စီးပွားရေးလုပ်နေတာတွေကို ရပ်တန့်ချင်တဲ့ပုံ ပိုတွေ့လာရတယ်လို့ အမေရိကန် အရာရှိတွေကလည်း ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုကတော့ မြောက်ကိုရီးယားရဲ့ နျူကလီးယား လက်နက်နဲ့ ဒုံးကျည်အစီအစဉ်ကို ဆက်မလုပ်ဖို့ဖိအားပေးတဲ့အနေနဲ့ စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပိုတင်းကြပ်လုပ်ဆောင်ထားတာလည်း ဖြစ်ပါတယ်။

XS
SM
MD
LG