သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်ထားရှိရေး အထောက်အပံ့ ဘင်္ဂလားဒေရှ့် ပိုမိုလိုအပ်


ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို အကူအညီပစ္စည်းများ ပေးနေစဉ်။ (စက်တင်ဘာ ၁၈-၂၀၁၇)
ဘင်္ဂလားဒေ့ရှ်နယ်စပ်က ရိုဟင်ဂျာဒုက္ခသည်စခန်းကို အကူအညီပစ္စည်းများ ပေးနေစဉ်။ (စက်တင်ဘာ ၁၈-၂၀၁၇)

ရခိုင်ပြည်နယ်မြောက်ပိုင်း အကြမ်းဖက်မှုတွေကြောင့် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်ဘက်ကို အခုချိန်ထိ ရိုဟင်ဂျာဒုက္ခသည်တွေ ထွက်ပြေးလာနေဆဲဖြစ်ပြီး ခန့်မှန်းချေ အနည်းဆုံး လူဦးရေ ၅၀၀,၀၀၀ ကျော်လောက်ရှိနေကြောင်း ကုလသမဂ္ဂက မနေ့ က ထုတ်ပြန်ကြေညာပါတယ်။ နယ်စပ် ဒုက္ခသည်စခန်း ၂ခုမှာ အရင်ရှိနေတဲ့ ဒုက္ခသည်ဦးရေထက် ၂ ဆနီးပါး ပိုပြီးများပြားလာတဲ့ အတွက် လူသားချင်းဆိုင်ရာ ဘေးဒုက္ခအကျပ်အတည်းကြီး ဖြစ်လာနေကြောင်းနဲ့ အရေးပေါ်အကူ အညီ ဒေါ်လာသန်းပေါင်း ၄၃၀ လိုအပ်နေကြောင်း ကုလသမဂ္ဂ တာဝန်ရှိပုဂ္ဂိုလ်တွေက သတိပေးပြောကြားခဲ့ပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို တင်ပြမှာပါ။

အခုလို လပိုင်းအတွင်း ဘင်္ဂလားဒေ့ရှ်ကို သိန်းနဲ့ချီ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကုလသမဂ္ဂက အရေးပေါ်ဆောင်ရွက်ပေးနေတာတွေကို ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ UNHCR ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီးရုံး ပြောခွင့်ရပုဂ္ဂိုလ် Joseph Tripura က ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို အခုလိုရှင်းပြပါတယ်။

"စားနပ်ရိက္ခာနဲ့ အခြားအထောက်အကူပစ္စည်းတွေပါဝင်တဲ့ အလေးချိန် မက်ထရစ်တန် ၅၀၀ လောက်ကို လေယာဉ်နဲ့ ၆ ကြိမ်လောက် ပို့ဆောင်ပေးခဲ့ပါတယ်။ နောက်ထပ်လည်း လေယာဉ်တွေ လာနေပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ ကျနော်တို့ရုံးမှာလည်း ဝန်ထမ်းဦးရေ ကို ၂ ဆတိုးမြှင့်ထားပြီး အခုဆိုရင် ၁၀၀ လောက်ရှိနေပါတယ်။ နောက်ထပ်လည်း ကျနော်တို့ရဲ့ အလုပ်တွေနဲ့ အစီအစဉ်တွေကို တိုးချဲ့ ဖို့ရှိပါတယ်။ အသစ်ရောက်လာတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေ နေရာထိုင်ခင်းအတွက် ဘင်္ဂလားဒေ့ရှ်အစိုးရကနေ ဧက ၂၀၀၀ ပေးထားတယ်ဆိုတာ ကျနော်တို့သိပါတယ်။"

ဒုက္ခသည်တွေများလာတဲ့အတွက် နောက်ထပ် ဧက ၁၀၀၀ ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထပ်ပြီး တိုးချဲ့ပေးထားတယ်လို့ သိရကြောင်း Joseph Tripura ကပြောပါတယ်။ ဒါအပြင် အသစ်ရောက်လာတဲ့ ဒုက္ခသည်ဦးရေ သန်းတဝက်ကျော်ကို အကာအကွယ်ပေးဖို့၊ နေရာထိုင်ခင်းပေးဖို့၊ မိလ္လာနဲ့ ရေသန့် စတာတွေကို ကူညီထောက်ပံဖို့အတွက် UNHCR အပိုင်းကနေ အရေးပေါ်ထောက်ပံဖို့ နောက်ထပ် ၆လစာ အမေရိကန်ဒေါ်လာ သန်း ၈၀ ကျော်ထပ်ပြီလိုအပ်နေကြောင်းနဲ့ နိုင်ငံတကာအလှုရှင်တွေအနေနဲ့ ဝိုင်းဝန်းကူညီဖို့လည်း Joseph Tripura ကတိုက်တွန်းခဲ့ပါတယ်။

အလားတူ IOMနိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေး အဖွဲ့ဝန်ထမ်းဟောင်းလည်းဖြစ် ဒုက္ခသည်အရေးဆိုင်ရာ ကျွမ်းကျင်သူလည်းဖြစ်တဲ့ Asif Munir က ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီတွေအနေနဲ့ ၆ လစာ အတိုင်းအတာနဲ့ လိုအပ်တဲ့ ရံပုံငွေပမာဏ ခန့်မှန်းတွက်ချက် ရတဲ့ အကြောင်းအရင်းဟာ ဒုက္ခသည်တွေ ပိုပိုပြီးများလာတဲ့ အခြေအနေကြောင့်ဖြစ်ပြီး တကယ့်လက်တွေ့မှာလည်း နောက်ပိုင်း လိုအပ်လာမယ့် အတိုင်းအတာကို အကဲဖြတ်ဖို့ အခက်အခဲရှိကြောင်း ဗွီအိုအေ ဘင်္ဂလားဒေ့ရှ်ဌာနကို အခုလိုပြောပါတယ်။

"ကျနော်နားလည်တာကတော့ ယာယီအကဲဖြတ်ထားတာဖြစ်ပါတယ်။ လာမယ့် ခြောက်လအတွင်းလိုအပ်ချက်အတွက် ယာယီခန့်မှန်းသုံးသပ်ထားတာပါ။ နောက်ခြောက်လအတွင်း ပိုပိုပြီးကြီးမားလာမယ့် နောက်ပိုင်း လိုအပ်ချက်တွေပေါ်မှာ အခြေခံပြီး နောက်ထပ် အကဲဖြတ်တွက်ချက်ဖို့ရှိပါတယ်။"

ဒါအပြင် ကုလသမဂ္ဂအေဂျင်စီတွေဘက်ကလည်း ဘင်္ဂလားဒေ့ရှ်အစိုးရက ဒုက္ခသည်တွေအတွက် ဘာတွေလုပ်ပေးမလဲဆိုတာလည်း စောင့်ကြည့်ချင်တဲ့အနေအထားရှိနေတယ်လို့ Asif Munir ကပြောပါတယ်။

ဒီအတောအတွင်း ဘင်္ဂလားဒေ့ရှ်နယ်စပ် ဒုက္ခသည်စခန်းတွေကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ လူသားချင်းစာနာမှုနဲ့ အရေးပေါ် အကူအညီပေးရေး ညှိနှိုင်းဆောင်ရွက်မှုဆိုင်ရာ ကုလသမဂ္ဂ လက်ထောက် အတွင်းရေးမှူးချုပ် Mark Lowcock ကလည်း ဒုက္ခသည်တွေဟာ မြန်မာစစ်တပ်ရဲ့ ကြောက်မက်ဖွယ်ကောင်းတဲ့ ညှမ်းပန်းနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရတယ်လို့ ဂျီနီဗာ ကုလသမဂ္ဂဌာနချုပ်ရုံးရဲ့ သောကြာနေ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

"ထွက်ပြေးလာတဲ့ ဒုက္ခသည် အမျိုးသမီး ၂၄ ဦးနဲ့ အတူထိုင်ပြီး ကျနော်စကားပြောခဲ့ပါတယ်။ သူတို့မျက်စိရှေ့မှာ သူတို့ရဲ့ အမျိုးသားတွေ၊ အဖေတွေ၊ သားတွေ အသတ်ခံရတာကို အတင်းအဓမ္မ ကြည့်ခိုင်းတဲ့ ဖြစ်ရပ်ဆိုးတွေကို ပြောပြခဲ့ကြပါတယ်။ နောက် အတင်းအဓမ္မပြုကျင့်တာ မျိုး တကယ့်ကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရတဲ့ ဖြစ်ရပ်တွေလည်း ကြားခဲ့ရပါတယ်။ ဒါအပြင် သူတို့ရဲ့ ရွာတွေလည်း မီးရှို့ခံရတဲ့အတွက်ကြောင့် ထွက်ပြေးခဲ့ရတဲ့ ဖြစ်ရပ်တွေလည်း ပြောပြခဲ့ကြပါတယ်။"

ဘင်္ဂလားဒေ့ရှ်အစိုးရကတော့ မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ သန်းဝက်ကျော်ကိုထားဖို့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းကို သူတို့နိုင်ငံဘက်အခြမ်းမှာ ဆောက်နေတယ်လို့ ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။ ၁၉၇၈ ခုနှစ်ကတည်းက မြန်မာနိုင်ငံကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို တရားဝင် စတင်လက်ခံခဲ့ပြီးနောက် အခုနောက်ဆုံးကိန်းကဏန်းတွေအရ ဒုက္ခသည် စုစုပေါင်း ၈၀၀,၀၀၀ ကျော်ရှိသွားပြီလို့လည်း ဘင်္ဂလားဒေ့ရှ်အစိုးရတာဝန်ရှိသူတွေကပြောပါတယ်။

ဒီလို ကြီးမားတဲ့ ဒုက္ခသည်စခန်းထားရှိတဲ့ အစီအစဉ်ဟာ ရေတိုပြေလည်မှုရရှိဖို့အတွက်သာဖြစ်ပြီး ရေရှည်အတွက်ဆိုရင် နေထိုင်ရေး အဆင်ပြေဖို့အတွက်၊ အလုပ်သမားဈေးကွက်နဲ့ နောက်ပြီး ဒုက္ခသည်တွေ အဆက်မပြတ် ဝင်ရောက်လာမှု စတာတွေကို ထည့်သွင်းစဉ်းစားပြီး ဖြေရှင်းတဲ့နည်းလမ်း လိုအပ်လိမ့်မယ်လို့ ဒုက္ခသည်အရေးဆိုင်ရာ ကျွမ်းကျင်သူ Asif Munir ကပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG