သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

KIO မှ တပ်သားသစ် ဖမ်းဆီးထားမှု ပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ တောင်းဆို


ကချင်လွတ်မြောက်ရေးတပ်မတော် KIA
ကချင်လွတ်မြောက်ရေးတပ်မတော် KIA

ကချင်လွတ်လပ်ရေးKIOတပ်ရင်း(၃)အဖွဲ့ကနေ ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်အတွင်း ဒေသခံရှမ်းရွာသား တွေအပါအဝင် ခြံအလုပ်သမားအယောက်(၄၀)ကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတာကိုပြန်လွှတ်ပေးဖို့ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေကနေ KIOဗဟိုဌာနချုပ်ကတောင်းဆိုခဲ့ပါတယ်။ ဖမ်းဆီးထားတဲ့သူတွေကို ပြန်လွှတ်ပေးဖို့ဗဟိုကနေညွှန်ကြားချက်ပေးလာပေမဲ့ ရှမ်းရွာသားတချို့သာပြန်လည်လွတ်မြောက်လာပြီး ကျန်ရှိတဲ့ သူတွေ လွတ်မြောက်လာမှုရှိမရှိကိုတော့မသိရှိသေးဘူးလို့ PCGတာဝန်ရှိသူတွေကပြောပါတယ်။ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက် နိုင်ကွန်းအိန်ကနေသတင်းပေးပို့ထားပါတယ်။

ကချင်ပြည်နယ်ဝိုင်းမော်မြို့နယ်ထဲမှာ KIOကချင်လွတ်လပ်ရေးအဖွဲ့ တပ်ရင်း(၃)ကနေ ဒေသခံရွာသားတွေနဲ့ ခြံအလုပ် သမားအယောက်(၄၀)ခန့်ကို တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အပေါ် ပြန်လည်လွှတ်ပေးဖို့PCGခေါ် ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေကနေ KIOဗဟိုဌာနချုပ်ကို မနေ့ညကတောင်းဆိုခဲ့တာပါ။

ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့ရဲ့တင်ပြချက်အပေါ် KIOဌာနချုပ်ကနေ အကြောင်းပြန်လာတဲ့အခြေအနေနဲ့ ပက်သက်လို့ PCGအဖွဲ့ဝင်ဦးလမိုင်ဂွမ်ဂျာကအခုလိုပြောပါတယ်။

"အဲဒီကိစ္စနဲ့ပက်သက်လို့ တနေ့က ဝါရှောင်ကဘုန်းကြီးတပါးက ကျွန်တော်ဆီဖုန်းဆက်လာတယ်။ အဲဒီမှာ KIOအဖွဲ့တွေ တပ်သားစုဆောင်းတယ်တဲ့။ သူတို့ ရှမ်းအမျိုးသားတွေ(၆)ဦးပါသွားတယ်တဲ့။ သူတို့ကိုတော့ပြန်လွှတ်ပေးဖို့ တောင်း ဆိုပေးပါဆိုပြီးတော့ကျွန်တော်တို့ဆီကိုအကူညီတောင်းလာတယ်။ ကျွန်တော်တို့က သက်ဆိုင်ရာKIOကိုပြန်တင်ပြတဲ့ အပေါ်မှာ ဗဟိုကနေပြီးမှ သူတို့ရဲ့ပေါ်လစီအရလုပ်တာတော့မဟုတ်ဘူး။ ဒါပေမဲ့ အောက်ခြေတပ်ရင်းတပ်ဖွဲ့တွေအနေနဲ့ သူတို့လုပ်တာဖြစ်ကောင်းဖြစ်လိမ့်မယ်။ ဆက်လက်စုံစမ်းကြည့်ပါ့မယ် မေးမြန်းကြည့်ပါမယ်။ အဲဒါတွေကိုဒီနေ့ပြန် လွှတ်ပေးဖို့အတွက် အောက်ခြေကိုအမိန့်ပေးထားပြီးတဲ့။ ရှမ်းအမျိုးသား(၆)ဦးကို ဖမ်းသွားတယ်ဆိုတဲ့ဟာ လွတ်လာပြီး။ ဒါပေမဲ့မနက်ကလမ်းခုလတ်မှာ ကျန်နေတာ။"

တပ်သားသစ်အဖြစ်စုဆောင်းခံရတဲ့ ဝိုင်းမော်မြို့နယ် ဆိုင်လော်၊ ကောင်ခမ်းကျေးရွာက ရှမ်းအမျိုးသား(၆)ဦး ပြန်လည် လွတ်မြောက်လာပြီးဖြစ်ပေမဲ့ ကျန်ရှိနေတဲ့သူတွေရဲ့သတင်းအခြေအနေကိုမသိရသေးဘူးလို့ ကချင်ငြိမ်းချမ်းရေး အကျိုးဆောင်ဦးလမိုင်ဂွမ်ဂျာကပြောပါတယ်။

ပြီးခဲ့တဲ့ကြာသာပတေးနေ့တုန်းက ဝိုင်းမော်မြို့နယ် ဆိုင်လော်၊ ကောင်ခမ်း စတဲ့ရွာတွေက ဒေသခံရွာသားတွေ အပါ အဝင် ငှက်ပျောခြံလုပ်သား အယောက်(၄၀)ခန့်ကို KIOကနေ တပ်သားသစ်အဖြစ်ခေါ်ဆောင်သွားတဲ့အကြောင်း ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်ဦးဆမ်အောင်ကပြောပါတယ်။

"အားလုံးပေါင်း(၄၀)လောက်လို့ပြောတာဘဲ။ ဘယ်နှစ်ယောက်လွတ်ပြီးဘယ်နှစ်ယောက်ပါသွားလဲမသိဘူး။ အစခေါ် သွားတာ(၄၀)လောက်။ တောထဲမှာအလုပ်လုပ်နေတဲ့သူ ခြံတွေမှာအလုပ်လုပ်နေတဲ့သူတွေပါသွားတယ်။"

ဒါ့အပြင် စက်တင်ဘာလလယ်တုန်းကလဲ မြစ်ဆုံဒေသက လီဆူးကျေးရွာသားတွေကို KIOကနေ တပ်သားသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်မှုတွေရှိခဲ့တယ်လို့ လီဆူးအမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီ (ဒူးလေး ပါတီ) ဥက္ကဌ ဦးရွှေမင်းက ပြောပါတယ်။

"လွန်ခဲ့တဲ့နှစ်ပါတ်လောက်တော့ သယံဇွပ်အထက်မှာ လူ လေး ငါးဆယ်ဖမ်းသွားတာပေါ့ဗျာ။ ကျွန်တော်တို့မြစ်ဆုံအထက် သယံဇွပ်။ တချို့ကိုပြန်လွှတ်ပေးတယ်။ တချို့ကိုပြန်မလွှတ်ပေးဘူး။ ကျွန်တော်တို့လူမျိုးတွေလဲတော်တော်ပါသွားတယ်။"

ကချင်ပြည်နယ်အတွင်း လီဆူးလူမျိုးတွေကို အဓမ္မလူသစ်စုဆောင်း၊ ဆက်ကြေးကောက်တာတွေ လုပ်ဆောင်နေမှု နဲ့ ပက်သက်လို့ ပြီးခဲ့တဲ့ မေလ ၂၂ ရက်နေ့ကလီဆူးတိုင်းရင်းသားအယောက် နှစ်ထောင်ကျော်ကနေ မြစ်ကြီးနားမြို့ ပေါ်မှာ ဆန္ဒပြခဲ့ကြပါတယ်။

KIOကချင်လွတ်လပ်ရေးအဖွဲ့လှုပ်ရှားရာဒေသတွေမှာ တပ်သားသစ်အဖြစ်စုဆောင်းနေမှု ဖြစ်စဉ်တွေဟာ နှစ်စဉ်လိုလို သတင်းတွေပေါ်ထွက်နေပါတယ်။

KIOအဖွဲ့အတွင်းတပ်သားသစ်စုဆောင်းမှုပေါ်လစီနဲ့ပက်သက်လို့ ဗိုလ်မှူးကြီးဇော်ဂမ်ကအခုလိုပြောပါတယ်။

"ကျွန်တော်တို့ရဲ့ထိမ်းချုပ်နယ်မြေထဲမှာ ကျွန်တော်တို့ရဲ့ကျေးရွာတွေမှာ လူငယ်လူလတ်ပိုင်းတွေကတော့ ကျွန်တော်တို့ ရဲ့ပေါ်လစီအရ ပြည်သူ့စစ်တပ်ဖွဲ့တွေတော့ရှိတယ်။ အဲဒီလိုမျိုးအသစ်စုဆောင်းတဲ့ဟာမျိုးရှိတယ်။ မဝင်မနေရ အဲတာမျိုး တော့မရှိဘူး။ ကိုယ့်ရဲ့နယ်မြေ ကိုယ့်ရဲ့ဒေသ ကိုယ့်ရဲ့ရပ်ရွာကို ကာကွယ်ဖို့ဆိုပြီးတော့မှ သင်တန်းပေးတာပေါ့။ သင်တန်း ပေးပြီးတော့မှ ကိုယ့်ရဲ့ရွာမှာဘဲနေပြီးတော့မှ ကိုယ့်ရဲ့နယ်မြေဒေသကို ကာကွယ်တဲ့ပုံစံမျိုး အဲတာမျိုးလုပ်ထားတာရှိတယ်။ နှစ်အကန့်အသတ်တော့မရှိဘူး။ အသက်(၅၀)ကျော်ရင်တော့ သူတို့ကို တာဝန်ပေးထားတဲ့ဟာမျိုးတော့ မရှိဘူး။?

ဒေသခံတွေဆန္ဒမပါဘဲအတင်းအဓမ္မတပ်သားသစ်စုဆောင်းတဲ့လုပ်ဆောင်ချက်မျိုးဟာ လူ့အခွင့်အရေးကိုချိုးဖေါက် ရာကျပြီး လူမျိုးတမျိုးနဲ့တမျိုးအကြား အထင်မြင်လွှဲမှားမှုကိုဖြစ်စေတယ်လို့လည်း (ဒူးလေး ပါတီ) ဥက္ကဌ ဦးရွှေမင်းက ပြောပါတယ်။

လက်ရှိကချင်ပြည်နယ်အတွင်းမှာ ဒီလဆန်းပိုင်းကစလို့ဒီကနေ့အထိ KIOကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မြန်မာ့ တပ်မတော်တို့အကြားမှာ ရက်ဆက်တိုက်ဆိုသလိုတိုက်ပွဲဖြစ်ပွားနေပါတယ်။

KIOဟာ မြန်မာအစိုးရနဲ့ NCAအပစ်ရပ်လက်မှတ်ရေးထိုးနိုင်ခြင်းမရှိသေးသလို UWSA ဝပြည်သွေးစည်းညီညွတ်ရေး အဖွဲ့ ဦးဆောင်တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ FPNCC အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG