မြန်မာအစိုးရအနေနဲ့ စေ့စပ်ညှိနှိုင်းမှုတွေလုပ်ဖို့အတွက် အဆင်သင့်ပဲလို့ ရိုဟင်ဂျာအစွန်းရောက်သူပုန်အဖွဲ့ (ARSA) က ဒီကနေ့ စနေနေ့မှာ ပြောကြားလိုက်ပါတယ်။ ရိုဟင်ဂျာသူပုန်အဖွဲ့က ငြိမ်းချမ်းရေးအတွက် မြန်မာအစိုးရဘက်က လုပ်ဆောင်လာခဲ့မယ်ဆိုရင် သူတို့ဘက်ကလည်း ဒါကို တုံ့ပြန်ဆွေးနွေးသွားဖို့အဆင်သင့်ပဲလို့ ပြောပါတယ်။ ဒါပေမဲ့ ရခိုင်ပြည်နယ်အတွင်းမှာ လူသားချင်းစာနာမှုအကူအညီတွေ ပေးနိုင်ဖို့ အတွက် ၁ လကြာ အပစ်ခတ်ရပ်စဲထားတာဟာ ကုန်ဆုံးခါနီးပြီလို့ ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို အပစ်အခတ်ရပ်စဲတဲ့ကာလ ကုန်ဆုံးသွားပြီးဆိုရင်၊ ဘာလုပ်မယ်ဆိုတာကိုတော့ ပြောဆိုခြင်းတော့မရှိပါဘူး။
ARSA အဖွဲ့ရဲ့ ကြေငြာချက်ထဲမှာတော့ - တချိန်ချိန်မှာ မြန်မာအစိုးရအနေနဲ့ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပြောဆိုချင်တယ်ဆိုရင်၊ ARSA အဖွဲ့အနေနဲ့ အပြန်အလှန်ဆွေးနွေးသွားမယ်လို့ ဖော်ပြထားကြောင်း ရိုက်တာသတင်းဌာနက ပြောပါတယ်။
ဒါနဲ့ ပတ်သက်ပြီး - မြန်မာအစိုးရပြောခွင့်ရပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ဘူးလို့လည်း ရိုက်တာသတင်းကဆိုပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၅ ရက်နေ့က ARSA လို့ခေါ်တဲ့ ရိုဟင်ဂျာအစွန်းရောက်တွေက လုံခြုံရေးစခန်းတွေကို ၀င်ရောက်တိုက်ခိုက်ခဲ့ရာကနေ ဒေသတွင်းမှာ ပဋိပက္ခတွေဖြစ်ပေါ်လာခဲ့ပြီး၊ အဲဒီပဋိပက္ခတွေကြောင့် ရိုဟင်ဂျာမွတ်စလင်တွေ သိန်းနဲ့ချီပြီး ဘင်္ဂလားဒေ့ရှ်နိုင်ဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။
မြန်မာအစိုးရကတော့ ARSA အဖွဲ့ကို အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားပါတယ် ခင်ဗျာ။