သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ရိုဟင်ဂျာ ဒုက္ခသည်တွေအတွက် ဝမ်းရောဂါကာကွယ်ဆေး ပေးပို့မည်


ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ (သြဂုတ် ၂၀၁၇)
ဘင်္ဂလားဒေ့ရှ်ရောက် ရိုဟင်ဂျာ ဒုက္ခသည်များ (သြဂုတ် ၂၀၁၇)

ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox’s Bazar ဒေသအတွက် ဝမ်းရောဂါ ကာကွယ်ရေး သောက်ဆေး ၉ သိန်း ဒီစနေနေ့မှာ ရောက်မယ်လို့ ကမ္ဘာ့ ကျန်းမာရေးအဖွဲ့ WHO က ပြောဆိုလိုက်ပါတယ်။ ရိုဟင်ဂျာဒုက္ခသည်တွေအတွက် ကာကွယ်ရေးထိုးပေးရေး စည်းရုံးလှုှုံဆော်မှုအစီအစဉ်ကို အောက်တိုဘာလ ၁၀ ရက် အင်္ဂါနေ့မှာ စတင်ဖို့ စီစဉ်ထားပါတယ်။ ဂျနီဗာမြို့က WHO ဌာနချုပ်ကနေ VOA သတင်းထောက် Lisa Schlein ပေးပို့တဲ့သတင်းကို မအိသန့်စင်က ပြောပြပေးပါမယ်။

အကြမ်းဖက်မှုတွေကြောင့် မြန်မာနိုင်ငံဖက်ကနေ ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ဒုက္ခသည် အရေအတွက်ဟာ သြဂုတ်လ ၂၅ ရက်နေ့ စာရင်းအရ သန်းတဝက်ကျော် ရှိနေပြီ ဖြစ်ပြီး ဝမ်းရောဂါ ဖြစ်နိုင်တဲ့ အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။ Cox’s Bazar မှာ အခြေချဖို့ ပေးထားတဲ့ နေရာတွေမှာ လူတွေ ထူထပ်ပြီး သေစေလောက်တဲ့ ရောဂါတွေ ဖြစ်နိုင်မယ့် အခြေအနေတွေကို ဖန်တီးထားသလို ဖြစ်နေပါတယ်။ မသန့်ရှင်းတဲ့ သောက်ရေ၊ မလတ်တဲ့ အစားအစာ နဲ့ မိင်္လာ စနစ်တွေ မသန့်ရှင်းတာကြောင့် ဝမ်းရောဂါ ပြန့်နှံ့နိုင်ပါတယ်။ ဝမ်းရောဂါအဆိုးဆုံးအခြေအနေတွေ မဖြစ်ပွားအောင် သောက်ဆေးတွေ ဖြန့်ဖြူးပေးတဲ့အစီအစဉ်နဲ့ ကာကွယ်နိုင်မယ်လို့ WHO အဖွဲ့ ပြောခွင့်ရ Tarik Jasarevic က ပြောပါတယ်။

“လူဦးရေ ၆သိန်းခွဲအတွက် ရည်ရွယ်ပါတယ်။ တစ်နှစ်ကျော် အရွယ်ရှိသူတိုင်းအတွက်ပါ။ ကာကွယ်ဆေးထိုးပေးမယ့်သူတွေနဲ့ စေတနာ့ဝန်ထမ်းတွေပါဝင်တဲ့ အဖွဲ့ ၂၀၀ ကျော်က ဆောင်ရွက်မှာပါ။ ပထမတစ်သုတ်အပြီး နှစ်ပတ်အကြာမှာ နောက်တစ်သုတ် ဆက်လက်ဆောင်ရွက်ဖို့ စီစဉ်ထားပါတယ်။”

အသက် ၁ နှစ်ကနေ ၅ နှစ်အရွယ် ကလေး ၂ သိန်းခွဲအတွက် ကာကွယ်ဆေးကို ဒုတိယအသုတ်မှာ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ Jasarevic က ပြောပါတယ်။ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဒုက္ခသည်တွေကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်အသိုင်းအဝိုင်းကိုလည်း ဝမ်းရောဂါကာကွယ်ဆေး ပေးသွားမယ်လို့လည်း သူက ဆိုပါတယ်။

ဒုက္ခသည်တွေ အဆင်ပြေစေဖို့ မြေဧက ၁ ထောင်ကို ဘင်္ဂလားဒေ့ရှ်အစိုးရက ထပ် ချပေးထားတယ်လို့ နိုင်ငံတကာရွှေ့ပြောင်းအခြေချသူများ အကူအညီပေးရေးအဖွဲ့ IOM ပြောခွင့်ရ Joel Millman က ပြောပါတယ်။စက်တင်ဘာလလယ်တုန်းက ဧက ၂ ထောင် ပေးခဲ့ပြီး အခု နောက်ထပ် ထပ်ပေးတာလည်း ဖြစ်တဲ့အကြောင်း Millman က ပြောပါတယ်။

“ အရင်ရောက်နှင့်ပြီးတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေရော အသစ်ရောက်လာသူတွေပါ Cox’s Bazar က နေရာတစ်ခုတည်းမှာ တပေါင်းတစည်းထဲ အခြေချနေထိုင်နိုင်ဖို့ တရားဝင်စီစဉ်နေပါတယ်။ ဒုက္ခသည်ပေါင်း ၇ သိန်း နေထိုင်တဲ့ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်လာမှာပါ။”

ဒုက္ခသည်တွေအတွက် ပိုကောင်းတဲ့ အိမ်ယာတွေလိုအပ်တယ်လို့ အထောက်အပံတွေပေးရေးတာဝန်ရှိသူတွေက ပြောဆိုနေပြီး ဒုက္ခသည်စခန်းကြီး တည်ဆောက်တာဟာ ရိုဟင်ဂျာပြဿနာအတွက် အဖြေမဟုတ်ဘူးလို့လည်း ပြောပါတယ်။ ပြဿနာရဲ့ ဇစ်မြစ်ကို ဖြေရှင်းရမယ်လို့ ဆိုပါတယ်။ မြန်မာနိုင်ငံဖက်ကို ဒုက္ခသည်တွေ ဘေးကင်းလုံခြုံစွာ ကိုယ့်သဘောနဲ့ ကိုယ် ပြန်နိုင်မယ့် အခြေအနေတွေကို ဖန်တီးပေးရမှာ ဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG