သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာလုပ်ငန်းရှင်ကြီးတဦး လက်နက်များနဲ့ဖမ်းဆီးမိ


မြန်မာ အစိုးရ အားကစားဝန်ကြီးဟောင်းရဲ့သား စီးပွားရေး လုပ်ငန်းရှင် ဦးဖြိုးကိုကိုတင့်ဆန်းထံကနေ ပစ္စတို သေနတ် ၇ လက်၊ ကျည်မျိုးစုံ ၉၀၀ နီးပါး၊ လက်ဖြောင့် သေနတ်သမားသုံး မှန်ပြောင်း (စနိုက်ပါမှန်ပြောင်း) တလက်၊ WY စာတမ်းပါ စိတ်ကြွ မူးယစ်ဆေးပြား ၁၂ ပြား၊ ICE မူးယစ်ဆေးဝါး ၁ ဒသမ ၅ ဂရမ် ဖမ်းဆီးရမိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ သူ့နဲ့ အတူ ဖမ်းဆီးရမိသူ နှစ်ဦးထံကနေလည်း ပစ္စတို သေနတ် ၂ လက်နဲ့ ကျည်တွေ သိမ်းဆည်းရမိပါတာကြောင့် စုစုပေါင်း သေနတ် ၉ လက်၊ ကျည်မျိုးစုံ ၉၀၀ နီးပါး သိမ်းဆည်းရမိတာ ဖြစ်ပါတယ်။

သမ္မတ ဦးသိန်းစိန် လက်ထက်က အားကစား ဝန်ကြီးဟောင်း ဦးတင့်ဆန်းရဲ့ သားဖြစ်သူ ACE လုပ်ငန်းစုရဲ့ အကြီးအကဲ ဖြစ်တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းကို နေပြည်တော် အေလာ နယ်မြေ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ပုဒ်မနဲ့ အမှုဖွင့်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားပါတယ်။ ဦးဖြိုးကိုကိုတင့်ဆန်းနဲ့ သူ့ဝန်ထမ်း နှစ်ဦးတို့ကို နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ်မှာ မနေ့တုန်းက လက်နက်တွေ၊ မူးယစ်ဆေးဝါးတွေနဲ့ ဖမ်းဆီးမိပြီးနောက် နေပြည်တော်က သူပိုင် ACE ဟိုတယ်ကို ရှာဖွေတာမှာ လက်နက်၊ ခဲယမ်းတွေ ထပ်မံရှာဖွေ တွေ့ရှိတာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ ရန်ကုန်မြို့က ACE လုပ်ငန်းစု ကုမ္ပဏီဝင်းကို ရဲက ဝင်ရောက် စီးနင်းရှာဖွေတာမှာ လက်နက်တချို့နဲ့ တိုက်ခိုက်ရေး အသုံးအဆောင်တချို့ ထပ်တွေ့ထားပါတယ်။

ကြံခိုင်ရေးဝန်ကြီးဟောင်းရဲ့သားလည်းဖြစ် စီးပွားရေးသြဇာကြီးသူတယောက်လည်းဖြစ်တဲ့ ဦးဖြိုးကိုကိုတင့်ဆန်းထံကနေ လက်နက်ခဲယမ်းတွေ ဖမ်းမိတဲ့ကိစ္စနဲ့ပတ်သက်ပြီး၊ အများပြည်သူကြား လုံခြုံရေးအရ စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။

XS
SM
MD
LG