သုံးရလွယ်ကူစေသည့် Link များ

Kabul မြို့ ရှီအာ ဗလီ ဗုံးကွဲ ၄၀ ကျော်သေဆုံး


အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်က တိုက်ခိုက်ခံရတဲ့ Shiite ဗလီ။ (သြဂုတ်လ ၂၆-၂၀၁၇)
အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်က တိုက်ခိုက်ခံရတဲ့ Shiite ဗလီ။ (သြဂုတ်လ ၂၆-၂၀၁၇)

ကဘူးလ် က ရှီယာမူစလင် ဗလီထဲက လူအုပ်ကြီးထဲမှာ အသေခံဗုံးပေါက်ကွဲမှု တခု ဖြစ်ပွါးခဲ့တဲ့ အတွက် ဝတ်ပြုသူ ၄၀ ထက် မနည်း သေဆုံးခဲ့ရပြီး ဒါဇင်နဲ့ချီ ဒဏ်ရာတွေ ရခဲ့တယ်လို့ အာဖဂန် တာဝန်ရှိသူတွေက ပြောပါတယ်။

အာဖဂန်နစ္စတန် မြို့တော်ကဘူးလ်ရဲ့ Dashti Barch အနောက်ပိုင်းဒေသမှာ သောကြာနေ့ ညနေပိုင်းက ဗုံးခွဲသူဟာ Imam Zaman ပလီထဲ ဝင်လာခဲ့ပြီး ဗုံးကို ဖေါက်ခွဲခဲ့တာ ဖြစ်ကြောင်း မျက်မြင် သက်သေတွေနဲ့ လုံခြုံရေးတာဝန်ခံ တွေက ပြောပါတယ်။ ထိခိုက်သေဆုံးသူတွေထဲမှာ အမျိုးသမီးတွေနဲ့ ကလေးငယ်တွေလည်း ပါနေပါတယ်။ သေဆုံးသူ ခုထက် ပိုများနိုင်တယ်လို့ ဒေသတွင်း သတင်းတွေက ဆိုပါတယ်။

အိုင်အက်စ် စစ်သွေးကြွ လိုလားသူတွေရဲ့ ဝက်ဘ်ဆိုက်မှာတော့ ဒီတိုက်ခိုက်မှုကိုသူတို့ကို သစ္စာခံသူတွေက လုပ်ဆောင်တာလို့ ပြောပါတယ်။

အာဖဂန် တခွင်နဲ့ ကဘူးလ် က ရှီယာတွေ ဝတ်ပြုဆုတောင်းတဲ့ နေရာတွေမှာ မကြာသေးခင်က ဗုံးဖေါက်ခွဲမှုတွေအတွက် အိုင်အက်စ် အကြမ်းဖက်အဖွဲ့ရဲ့ အာဖဂန် ဌာနခွဲက သူတို့ လုပ်ဆောင်တာ ဖြစ်ကြောင်း ပြောပါတယ်။

အခုလို ဗုံးမပေါက်ကွဲခင် အစောပိုင်း တုန်းကလည်း အာဖဂန်အလယ်ပိုင်း ခရိုင် Ghor က ပလီတခုမှာ အသေခံဗုံး ပေါက်ကွဲမှု တခု ဖြစ်ခဲ့ပါတယ်။ အဲဒီပေါက်ကွဲမှုကြောင့် ဝတ်ပြုသူ အနဲဆုံး ၃၃ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ တာဝန်ရှိသူတွေက VOA ကို အတည်ပြုပါတယ်။

ဗုံးခွဲသမား ပလီထဲ ဝင်စီးချိန်မှာ အာဖဂန် အစိုးရကို လိုလားတဲ့ အာဖဂန်တပ်မှုး ဟောင်း တယောက်ဟာလည်း သူ့ရဲ့ နောက်လိုက်တွေနဲ့ အတူ ဝတ်ပြုနေတာ ဖြစ်ပြီး ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့က လုပ်ဆောင်တယ် ဆိုတာ မသိရသေးပါဘူး။

ဒီသီတင်းပတ်အတွင်း အာဖဂန်တလွှား စစ်သွေးကြွတွေရဲ့ တိုက်ခိုက်မှုတွေ ကြောင့် သေဆုံးသူ ၂၀၀ လောက်ရှိပြီး ဒီအထဲမှာ လုံခြုံရေး တပ်သားက အများစု ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG