သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ဗလီတချို့ တိုက်ခိုက်ခံရမှု ၇၀ ကျော်သေဆုံး


အာဖဂန်လုံခြုံရေး ရဲတပ်ဖွဲ့ (အောက်တိုဘာ ၂၀၁၇)
အာဖဂန်လုံခြုံရေး ရဲတပ်ဖွဲ့ (အောက်တိုဘာ ၂၀၁၇)

အာဖဂန်နစ္စတန်နိုင်ငံမှာ မနေ့သောကြာနေ့ နဲ့ ဒီကနေ့ စနေနေ့တွေမှာ အသေခံဗုံးခွဲတိုက်ခိုက်မှုတွေကြောင့် ၈၇ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ အသေခံဗုံးခွဲသူဟာ ဒီကနေ့ညနေ ၄ နာရီက Marshal Fahim စစ်သင်တန်းကျောင်းက ကျောင်းသားတွေစီးနှင်းတဲ့ ဘတ်စ်ကားရှေ့မှာ သူ့ကိုယ်မှာ တပ်ဆင်ထားတဲ့ ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ မှုခင်းရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်ချုပ်ကြီး Saleem Almas Kabul က ဗီအိုအေကို ပြောပါတယ်။

အခင်းဖြစ်တဲ့နေရာကို ကာရံတားဆီးလိုက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ အခုချိန်ထိတော့ ဘယ်သူကမှ သူတို့လက်ချက်ဖြစ်တယ်လို့ မပြောသေးပါဘူး။ သောကြာနေ့တုန်းကလည်း ဗလီ ၂ ခုကို အသေခံဗုံးခွဲတိုက်ခိုက်ခဲ့တာကြောင့် ၇၂ ယောက်ထက်မနည်း သေဆုံးသွားခဲ့ပါတယ်။ အာဖဂန်နိုင်ငံ ကဘူးလ်မြို့တော်မှာရှိတဲ့ ရှီယာမွတ်စလင်ဗလီမှာတော့ အမျိုးသမီးနဲ့ ကလေးတွေအပါအဝင် အနည်းဆုံး ၃၉ ယောက် သေဆုံးပြီး ၄၁ ယောက် ဒဏ်ရာရသွားခဲ့ပါတယ်။

အသေခံဗုံးခွဲသူဟာ ကဘူးလ်မြို့အနောက်ဘက်မှာရှီတဲ့ အီမန်ဇာမန်ဗလီကို သောကြာနေ့ညနေပိုင်းမှာ ဝင်သွားပြီးတော့ ၊ သူ့ကိုယ်သူ အသေခံဗုံးခွဲလိုက်တာဖြစ်တယ်လို့ အာဖဂန်လုံခြုံရေးတပ်ဖွဲ့တွေက ဗီအိုအေကို ပြောပါတယ်။ IS အဖွဲ့ရဲ့ သစ္စာခံတွေကတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်လို့ IS အဖွဲ့ကို ထောက်ခံတဲ့ အင်တာနက်စာမျက်နှာပေါ်မှာ ပြောလိုက်ပါတယ်။

သောကြာနေ့က ဒုတိယတိုက်ခိုက်မှုကတော့ အာဖဂန်အလယ်ပိုင်းက Ghor ခရိုင်က ဆူနီမွတ်စလင်ဗလီမှာ ဖြစ်ခဲ့တာဖြစ်ပြီး၊ ဒေသခံခေါင်းဆောင်တဦး အပါအဝင်အနည်းဆုံး ၃၃ ယောက် သေဆုံးသွားခဲ့ပါတယ်။ ဘယ်သူကမှတော့ ဒီတိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တယ်လို့ အခုချိန်ထိ မပြောသေးပါဘူး စနေနေ့အစောပိုင်းတုန်းကတော့ စစ်သွေးကြွတွေက ကဘူးလ်မြို့လယ်မှာရှိတဲ့ နေတိုးတပ်ဖွဲ့ဌာနချုပ်ကို ဒုံးကျည်နဲ့ ၂ ခါတိုက်ခိုက်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိမှုဘယ်လောက်ရှိတယ်ဆိုတာတော့ မသိရသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG