၁၉၇၉ ခုနှစ်က အီရန်နိုင်ငံမှာရှိတဲ့ အမေရိကန်သံရုံးကို ဝင်ရောက်စီးနှင်းပြီး ဓါးစာခံတွေကို ဖမ်းဆီးခဲ့တဲ့ အထိမ်းအမှတ် နှစ်ပတ်လည်နေ့ကို အီရန်နိုင်ငံမှာ ဒီကနေ့ကျင်းပခဲ့ပြီး၊ ဒီနှစ်ပတ်လည်နေ့အစိတ်အပိုင်းတရပ်အဖြစ်နဲ့ မြေပြင်ကနေ မြေပြင်ပစ်ဒုံးကျည်တွေကို အီရန်နိုင်ငက ပြသခဲ့ပါတယ်။ အီရန်နဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား နျူးကလီးယားသဘောတူညီချက်ဟာ မရေမရာဖြစ်လာနေတဲ့အချိန်မှာ အီရန်ဘက်က အခုလို ပြသလိုက်တာဖြစ်ပါတယ်။
တဟီရန်မြို့လယ်က အရင် အမေရိကန်သံရုံးတည်ရှိခဲ့တဲ့နေရာမှာ လူတွေထောင်နဲ့ချီစုဝေခဲ့ပြီး၊ အဲဒီမှာ မိုင် ၁၂၀၀ လောက် ပျံသန်းနိုင်တယ် လို့ယူဆရတဲ့ Sejjil ဒုံးကျည်ကို ပြသခဲ့ပါတယ်။ ဒါဟာ အီရန်နိုင်ငံဘက်က လူထုစုဝေးပွဲအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ဒုံးကျည်ကို ပြသတာဖြစ်ပါတယ်။ ၁၉၇၉ ခုနှစ်က အမေရိကန်ကထောက်ခံတဲ့ ရှားဘုရင်ကိုဖြုတ်ချခဲ့တဲ့ အစ္စလာမ်မစ်တော်လှန်ရေး ပြီးတဲ့နောက် ၊ အီရန်နိုင်ငံက ကျောင်းသားရာပေါင်းများစွာက အမေရိကန်သံရုံးကို ဝင်ရောက်စီးနှင်းပြီး အမေရိကန်ဓါးစာခံ ၅၂ ယောက်ကို ရက်ပေါင်း ၄၀၀ ကျော် ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ဒီ နှစ်ပတ်လည် လူထုစုဝေးမှုအခမ်းအနားအတွင်း - အမေရိကန်ကျဆုံးပါစေ၊ အစ္စရေးလ်ကျဆုံးပါစေဆိုပြီး ကြွေးကြော်သံတွေကို အော်ဟစ်ခဲ့ကြပါတယ်။ ဒါ့အပြင် အီရန်နိုင်ငံက တခြားမြို့တွေမှာလည်း အလားတူနှစ်ပတ်လည်အခမ်းအနားတွေ ကျင်းပခဲ့ကြတာကို အီရန်နိုင်ငံပိုင်ရုပ်သံတွေကနေ ပြသခဲ့ကြပါတယ်။ အီရန်နိုင်ငံနဲ့ ကမ္ဘာ့အင်အားကြီးနိုင်ငံတွေကြား ၂၀၁၅ ခုနှစ်က ချုပ်ဆိုထားတဲ့ နျူးကလီးယားသဘောတူညီချက်အပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ပြီးတရားဝင်အသိအမှတ်ပြုဖို့ ငြင်းဆိုတာနဲ့ အီရန်ရဲ့ တိုက်ချင်းပစ်ဒုံးကျည်အစီအစဉ်အပေါ် အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့မှုတွေ ထပ်ချမှတ်ခဲ့တာဖြစ်ပါတယ်။