၂၀၁၂ ခုနှစ်တုန်းက လစ်ဗျားနိုင်ငံ ဘန်ဂါဇီမြို့မှာရှိတဲ့ အမေရိကန်ကောင်စစ်ဝန်ရုံးကို တိုက်ခိုက်ခဲ့မှုနဲ့ ဆက်စပ်နေတဲ့ စစ်သွေးကြွတစ်ဦးကို အမေရိကန်ပြည်ထောင်စု မြို့တော် ဝါရှင်တန်ဒီစီက အမေရိကန်ပြည်ထောင်စုတရားရုံးမှာ ပထမဆုံးအကြိမ်အဖြစ် သောကြာနေ့တုန်းက ရုံးတင်စစ်ဆေးပါတယ်။ သူ့ကို ကြာသပတေးနေ့ ကြားနာပွဲမတိုင်ခင် အထိ ထိန်းသိမ်းထားဖို့ အမိန့်ပေးထားခဲ့တာလည်း ဖြစ်ပါတယ်။
လစ်ဗျားနိုင်ငံသား Mustafa al-Iman ကို အမေရိကန်အစိုးရပိုင်အဆောက်အအုံကို တိုက်ခိုက်စဉ် တစုံတယောက်ကိုသတ်မှုနဲ့ လူသေစေတဲ့အကြမ်းဖက်မှု အတွက် လက်နက်ပံ့ပိုးပေးမှုတို့နဲ့ တရားစွဲဆိုထားတာပါ။ ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၁ ရက်တုန်းက IS တို့ က ဘန်ဂါဇီမြို့ အမေရိကန်သံရုံးဝန်းအတွင်းမှာ အမေရိကန်သံအမတ်ကြီး Christopehr Stevens နဲ့ တခြား အမေရိကန်နိုင်ငံသား ၃ ယောက်ကို သတ်ခဲ့ပါတယ်။
al-Iman ကို ဖမ်းမိတဲ့အကြောင်း ပြီးခဲ့တဲ့အပတ်တုန်းက သမ္မတ Trump က ကြေညာခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီးဟောင်း Hillary Clinton နဲ့ တခြား အမေရိကန်အကြီးတန်း တာဝန်ရှိသူတွေက ကောင်စစ်ဝန်ရုံးမှာ အကြမ်းဖက်မှု ဖြစ်နိုင်တဲ့ အန္တရာယ်ရှိလျက်နဲ့ လုံခြုံရေးတိုးမြှင့်ဖို့ သတိပေးဖို့ပျက်ကွက်ခဲ့သလာဆိုတာနဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေနဲ့ လွှတ်တော် ကြားနာပွဲများစွာကို ကာလရှည်စွာ ကျင်းပခဲ့ကြရပါတယ်။
အဲဒီလွှတ်တော်ကြားနာပွဲတွေနဲ့ ရီပါဘလစ်ကန်တွေ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပေပမဲ့လည်း Clinton နဲ့ နိုင်ငံခြားရေးဌာနတို့အနေနဲ့ ဘန်ဂါဇီအကြမ်းဖက်တိုက်ခိုက်ခံရမှုကို တမင်လစ်လျူရှုခဲ့တာ ဒါမှမဟုတ် အမှားအယွင်းလုပ်ခဲ့တာမျိုးစတာတွေအတွက် သက်သေအထောက်အထားကိုတော့ မတွေ့ကြပါဘူး။