သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နေပြည်တော်မှာ Drone သုံးတဲ့ တူရကီရုပ်သံသတင်းထောက် ၂ ဦး ထောင်ဒဏ် ၂ လ စီရင်ချက်ချ


ထောင်ဒဏ်စီရင်ချက်အချခံလိုက်ရတဲ့ သတင်းထောက်တွေ။ ( နိုဝင်ဘာ ၁၀-၂၀၁၇)
ထောင်ဒဏ်စီရင်ချက်အချခံလိုက်ရတဲ့ သတင်းထောက်တွေ။ ( နိုဝင်ဘာ ၁၀-၂၀၁၇)

နေပြည်တော်လွှတ်တော်အဆောက်အအုံကို အဝေးထိန်း ဒရုန်းနဲ့ရိုက်ကူးဖို့ပြင်ဆင်နေချိန် ဖမ်းဆီးခံထားရတဲ့ နိုင်ငံခြားသတင်းထောက် ၂ ဦး မြန်မာနိုင်ငံသား သတင်းထောက်တစ်ဦးနဲ့ ယာဉ်မောင်းတို့ကို လေကြောင်း ပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ဒီကနေ့မှာ ထောင်ဒဏ် ၂ လ ချမှတ်လိုက်ပါတယ်။ အရင်ကသူတို့ကို သွင်းကုန် ထုတ်ကုန်ဥပဒေနဲ့တရားစွဲဆိုထားတာဖြစ်ပေမဲ့ ဒီကနေ့ တရားရုံးမှာ လေကြောင်းပျံသန်းမှုဆိုင်ရာ ဥပေဒနဲ့ ထပ်တိုးတရားစွဲပြီး အရေးယူခဲ့တာဖြစ်ပါတယ်။ သွင်းကုန်ထုတ်ကုန်အမှုအတွက် နောက်ထပ်ရုံးချိန်းမတိုင်ခင် အာမခံလဲ မရရှိခဲ့ပါဘူး။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။

အောက်တိုဘာ ၂၇ ရက် မနက်ပိုင်းက နေပြည်တော် လွှတ်တော်အဆောက်အအုံအနီးမှာ အဝေးထိန်းဒရုန်း လွှတ်တင်ရိုက်ကူးဖို့ပြင်ဆင်နေတဲ့ တူရကီနိုင်ငံအခြေစိုက် TRT သတင်းဌာနရဲ့ စင်္ကာပူရုံးခွဲက မလေးရှားနိုင်ငံသူ သတင်းထောက်အမျိုးသမီး ၊ စင်ကာပူနိုင်ငံသား အမျိုးသားသတင်းထောက်တို့အပြင် ဘာသာပြန်အဖြစ် လိုက်ပါသွားတဲ့ မြန်မာနိုင်ငံသား သတင်းထောက် ကိုအောင်နိုင်စိုးနဲ့ ယာဉ်မောင်းတို့ကို ဒီကနေ့ နေပြည်တော် ဇမ္ဗူသီရိမြို့နယ် တရားရုံးမှာ ရုံးထုတ်ပြီး ထောင်ဒဏ် ၂ လစီချမှတ်လိုက်ပါတယ်။

သူတို့ကို ပထမစွဲထားတဲ့ အမှုနဲ့မဟုတ်ဘဲ နောက်ထပ် အမှုတခုဖြစ်တဲ့ လေကြောင်းပျံသန်းမှု ဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ် ၂ လ ချမှတ်လိုက်တယ်လို့ အမှုကို လိုက်ပါ ကူညီဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဆွေကပြောပါတယ်။

" အဲ့တာအမိန့်ချလိုက်တာပြောမယ်ဆိုလို့ရှိရင်တော့ လေကြောင်းပျံသန်းမှု အက်ဥပဒေ ဆိုတာ ၁၉၃၄ခုနှစ်က ပြဌာန်းထားတဲ့ဥပဒေပါ အဲ့ဒီ့ဥပဒေရဲ့ပြဌာန်းချက်အရဆိုရင် တရားသူကြီးကလည်း သူတို့ကိုရှင်းပြပါတယ်။ ခွင့်ပြုချက်မရှိပဲနဲ့ လေကြောင်းနဲ့ကောင်းကင်ထဲမှာ ပျံသန်းနိုင်တဲ့အရာ တခုကို လွှတ်တင်ပြီးတော့ ပျံသန်းဖို့ ကြိုးစားရင် လွှတ်တင်တာပဲဖြစ်ဖြစ် လွှတ်တင်လို့ ကြိုးစားရင်ပဲဖြစ်ဖြစ် ခွင့်ပြုချက်မရပဲ လုပ်ရင်ပေါ့ဗျာ ပြစ်ဒဏ်ချမှတ်နိုင်တယ်ဆိုတဲ့ ပြဌာန်းချက်ရှိတယ်ပေါ့ဗျာ။ အဲ့ဒီ့ပြဌာန်းချက်က သုံးလအထိ ထောင်ဒဏ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်နိုင်တယ်ဆိုတဲ့ပြဌာန်းချက်ပဲ။ အဲ့ဒီ့တော့ အဲ့ဒီ့ပုဒ်မနဲ့ သူတို့ကို ထောင်ဒဏ် နှစ်လချလိုက်တယ်။"

တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဆွေဟာ မြန်မာနိုင်ငံသား ၂ ယောက်အပြင် စင်္ကာပူလူမျိုးသတင်းထောက် Lau Hon Meng တို့အတွက် အမှုလိုက်ပေးနေ တာဖြစ်ပါတယ်။ စင်္ကာပူနဲ့ မလေးရှား သတင်းထောက်တွေအတွက် သက်ဆိုင်ရာ သံရုံးတွေကလည်း ဒီကနေ့ လာရောက်ခဲ့ကြပါတယ်။ သူတို့အားလုံးကို ပထမဖမ်းဆီးခဲ့စဉ်က သွင်းကုန် ထုတ်ကုန် ပုဒ်မ ၈ နဲ့တရားစွဲခဲ့တာဖြစ်ပါတယ်။

အဲဒီအမှုကိုတော့ နောက်တပါတ် နိုဝင်ဘာ ၁၆ ရက်နေ့မှာ ကြားနာစစ်ဆေးမှာဖြစ်ပါတယ်။ ဒီကြားထဲသူတို့အားလုံးအတွက် အာမခံလေ ျှာက်ထားခဲ့ပေမဲ့ အာမခံပယ်ချခံခဲ့ရပါတယ်။ အောက်တိုဘာ ၂၇ ရက်နေ့မှာ စတင်ဖမ်းဆီးခံခဲ့ရတဲ့ ၂ ပတ်ကျော်ကာလအတွင်း မိသားစုနဲ့လည်း သီးသန့်တွေ့ဆုံခွင့် မရခဲ့ပါဘူး။

ဒီကနေ့ တရားရုံးထုတ်စဉ် တရားရုံးအချုပ်မှာသာ မိသားစု အနေနဲ့တေ့ွခွင့်ရခဲ့ပါတယ်။ ဒီကနေ့ ထောင်ဒဏ်ချလိုက်တာနဲ့ပါတ်သက်လို့ ကိုအောင်နိုင်စိုးမိသားစုကိုယ်စား လိုက်ပါဆောင်ရွက်ပေးသူ ကိုရဲထူးက အခုလိုပြောပါတယ်။

" ကျနော်တို့က ဒါကို မမျှော်မှန်းထားဘူး ရှေ့နေလည်း မသိထားဘူး။ ရုံးရောက်တော့မှာ လေကြောင်းပျံသန်းမှု အက်နဲ့ စွဲတယ်ပေါ့နော်။ စွဲတယ် ဒါနဲ့ချလိုက်တယ်ဆိုတော့ ကျနော်တို့က ဘာမှပြောပိုင်ခွင့်မရှိဘူး တရားဥပဒေနဲ့ပတ်သက်ပြီးတော့ တရားသူကြီး ဆုံးဖြတ်တဲ့ဟာကို ကျနော်တို့က လက်ခံရမှာပဲ လိုက်နာရမှာပဲ အဲ့လိုပုံစံဖြစ်နေတာပေါနော်။ ဒီနေ့ မိဘတွေ မိသားစုတွေနဲ့တွေ့ခွင့်ရတယ်ဆိုတာ အလယ်မှာ စည်းရိုးခြားထားတယ် ကျနော်တို့ တရားရုံးအချုပ်မှာ အပြင်နဲ့ အတွင်းနဲ့တွေ့တာ အဲ့ပုံစံ တွေ့လို့ရတာ။"

နေပြည်တော် လွှတ်တော်အဆောက်အဦးနားမှာ အဝေးထိန်း ဒရုန်းယာဉ်နဲ့ ရုပ်ပုံတွေရိုက်ကူးဖို့ ကြိုးစားခဲ့တာကြောင့် လေကြောင်းပျံသန်းမှုဆိုင်ရာ အက်ဥပဒေနဲ့ ထောင်ဒဏ် ချမှတ်လိုက်မှုအပေါ် သတင်းမီဒီယာ ကောင်စီက ကိုမြင့်ကျော်ကလည်း အခုလိုသုံးသပ်ပါတယ်။

" ကျနော်အမြင်တော့ ထောင်ဒဏ်မချသင့်ဘူးလို့ထင်တယ်။ ဒီကိစ္စမျိုးက သတင်းမီဒီယာတွေ လွှတ်တော်လို နေရာမျိုးမှာ ဘယ်လိုဓာတ်ပုံကို ရိုက်လို့ရတယ် ဘယ်လိုဓာတ်ပုံကို ရိုက်လို့မရဘူး ဆိုတဲ့ဟာမျိုးကို ကြိုတင်အသိပေး ထားတဲ့ဟာမျိုးမ ရှိသေးတော့ ဒီကိစ္စ က တကယ်တော့ ဒဏ်ငွေလောက်ချရင်တောင် မပြောလိုဘူးပေါ့နော် အခုလို ထောင်ဒဏ်ချတာတော့ မဖြစ်သင့်ဘူး မတရားဘူးလို့ ကျနော်မြင်တယ်။ နောက်သွင်းကုန်ထုတ်ကုန် ပုဒ်မတခုလည်းကျန်သေးတယ်ဆိုတော့ အဲ့တာလည်း တကယ်တော့ မဖြစ်သင့်တဲ့ပုဒ်မပါ။"

ဆက်လက်စွဲဆိုခံထားရတဲ့ သွင်းကုန်ထုတ်ကုန်ဥဒေပုဒ်မ ၈ မှာ အပြစ်ရှိရင်တော့ ထောင်ဒဏ် ၃ နှစ်ဖြစ်စေ ငွေဒဏ်ဖြစ်စေ ချမှတ်ခံရမှာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG