သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရတ်-အီရန် နယ်စပ်ငလျှင် လူ ၃၀၀ ကျော်သေဆုံး


Iran Iraq Earthquake
Iran Iraq Earthquake

အီရတ်နဲ့ အီရန် နယ်စပ်တလျှောက် မနေ့ တနင်္ဂနွေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးပြီး ၂၅၀၀ ကျော် ထိခိုက် ဒဏ်ရာရထားပါတယ်။ လူပေါင်း ၃၂၈ ဦး သေဆုံးခဲ့ရပြီး အများစုက ကာမန်ရှား ပြည်နယ် Sarpol-e-Zahab မြို့က အများဆုံး ဖြစ်တယ်လို့ အီရန် နိုင်ငံပိုင် သတင်းဌာနက ဒီကနေ့ တနလာၤနေ့မှာ ဖော်ပြပါတယ်။ ငလျင်ဒဏ်သင့်သူတွေကို ကယ်ဆယ်နိုင်ဖို့ ကူညီကယ်ဆယ်ရေး လုပ်သားတွေ မနားမနေ ရှာဖွေနေကြပါတယ်။

အီရတ်နိုင်ငံ ကာဒ့်ဒေသက Halabji မြို့ အနီးကို ဗဟိုပြုလှုပ်ခတ်ခဲ့တဲ့ ငလျင်က ပြင်းအား ၇ ဒသမ ၃ ရှိတယ်လို့ အမေရိကန် ဘူမိဗေဒ တိုင်းထွာရေးဌာနက ပြောပါတယ်။ ကျန်းမာရေးနဲ့ အကူအညီပေးရေး အဖွဲ့အစည်းတွေ အနေနဲ့ တတ်နိုင်တာ မှန်သမျှ ဆောင်ရွက်ပေးကြဖို့ ညွှန်ကြားထားကြောင်း အီရတ် ဝတ်ကြီးချုပ် Haider al-Abadi က ပြောပါတယ်။ ကူညီနိုင်တာ မှန်သမျှ လုပ်ပေးမှာ ဖြစ်ပြီး ပြည်သူအားလုံး ဘေးကင်းလုံခြုံစေလိုကြောင်း အီရတ်ဝန်ကြီးချုပ်က တွစ်တာ လူမှုကွန်ယက်မှာ ရေးသားပါတယ်။

ငလျင်ကြီး အပြီး နောက်ဆက်တွဲ ငလျင်တွေ လှုပ်ခတ်ခဲ့တာကြောင့် ညကြီးမင်းကြီး လူတွေ အိမ်တွေကနေ ထွက်ပြေးခဲ့ကြပါတယ်။ ငလျင်ဒဏ်ကြောင့် အီရန်နဲ့ အီရတ် နိုင်ငံတို့က မြို့အတော်များများမှာ လျှပ်စစ်မီးနဲ့ တယ်လီဖုန်းလိုင်းတွေ ပြတ်တောက်နေတာကြောင့် ကယ်ဆယ်ရေး လုပ်ငန်းတွေ ပိုပြီး အခက်တွေ့စေပါတယ်။

ပြတ်ရွေ့ကြောတွေပေါ်မှာ တည်ရှိနေတဲ့ အီရန်နိုင်ငံဟာ အရင်တုန်းကလည်းဆိုးရွားတဲ့ ငလျင်ဒဏ်ကို အကြိမ်ကြိမ် ခံစားခဲ့ရတာပါ။၂၀၀၃ ခုနှစ်တုန်းက တောင်ပိုင်းမြို့ Bam မှာ ငလျင်ဒဏ်ကြောင့် အနည်းဆုံး လူပေါင်း ၂ သောင်း ၆ ထောင် သေဆုံးခဲ့ရသလို ၂၀၁၂ ခုနှစ်မှာလည်း East Azerbaijan ပြည်နယ်တွင်း ငလျင်ကြောင့် လူပေါင်း ၃၀၀ ကျော် သေဆုံးခဲ့ရပါတယ်။

XS
SM
MD
LG