သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု တရားခံပြသက်သေထွက်ချက် ရှေ့နောက်မညီလို့ အရေးယူရေး တရားလိုဘက်က လျှောက်လဲ


ဦးကိုနီ လုပ်ကြံခံရမှုမှာ သံသယရှိသူတရားခံများ ရုံးထုတ်စစ်ဆေးစဉ် (မတ် ၂၄၊ ၂၀၁၇)
ဦးကိုနီ လုပ်ကြံခံရမှုမှာ သံသယရှိသူတရားခံများ ရုံးထုတ်စစ်ဆေးစဉ် (မတ် ၂၄၊ ၂၀၁၇)

ရှေ့နေကြီးဦးကိုနီလူသတ်မှုမှာ တိမ်းရှောင်နေတဲ့ တရားခံပြေး အောင်ဝင်းခိုင် ကို နေပြည်တော်သို့ ကားမောင်းပို့ ပေးခဲ့သူက တရားရုံးတွေမှာ ရှေ့နောက်မညီတဲ့ ကွဲလွဲတဲ့ ထွက်ဆိုချက်များကို ထွက်ဆိုခဲ့တဲ့အတွက် မမှန်သက်သေထွက်ဆိုချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၃ ဖြင့် အရေးယူပေးရန် ဦးကိုနီလူသတ်မှုမှာ လိုက်ပါဆောင်ရွက်နေတဲ့ ဥပေဒေအကျိုးဆောင်တွေက တရားရုံးကိုဦးတိုက်လျှောက်ထားခဲ့ကြပါတယ်။ လေဆိပ်လိုနေရာမျိုးမှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ဦးကိုနီနဲ့ တရားခံကို ဖမ်းပေးရင်း သေဆုံးသူ ဦးနေဝင်းတို့ အမှု မျှတတဲ့တရားရေး စီရင်မှုရစေဖို့ အမှုမှန်ဖော်ထုတ်နိုင်ရေး တရားဥပဒေဆိုင်ရာနဲ့ သက်ဆိုင်ရာတာဝန်ရှိသူတွေက စွမ်းစွမ်းတမံဆောင်ရွက်ပေးဖို့ကိုလည်း လိုလားနေကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့က ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခံခဲ့ရတဲ့ NLD အစိုးရရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် ရှေ့နေကြီးဦးကိုနီ လူသတ်မှုမှာ နောက်ကွယ်ကခိုင်းစေသူလို့ ယူဆရတဲ့ တရားခံပြေး အောင်ဝင်းခိုင် နေပြည်တော်ကိုထွက်ပြေးတဲ့အချိန် ကားမောင်းပြီးတော့ လိုက်ပို့ခဲ့သူ ရဲထွဋ်လှိုင် ရဲ့ အင်းစိန်မြို့နယ် တရားရုံးထွက်ဆိုချက်နဲ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံး ထွက်ဆိုချက်တွေဟာ ရှေ့နောက်မညီတဲ့အတွက် မမှန်သက်သေထွက်ဆိုချက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၁၉၃ နဲ့ အရေးယူပေးဖို့ တရားလိုဥပဒေအရာရှိက တရားရုံးကို လျှောက်ထားခဲ့ကြတာပါ။

၃၁ကြိမ်မြောက်ရုံးထုတ်တဲ့ နိုဝင်ဘာလ ၁၇ရက်နေ့မှာတော့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးကို တရားလိုဥပေဒေအကျိုးဆောင်က ဦးတိုက်လျှောက်ထားခဲ့တဲ့အကြောင်း တရားလိုရှေ့နေ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောပါတယ်။

"ပထမဦးဆုံး ဦးဆုံး အင်းစိန်မြို့နယ်တရားရုံးမှာ ရာဇဝတ် ကျင့်ထုံးဥပဒေ ပုဒ်မ ၁၆၄ အရ ကြိုတင် ထွက်ချက်ကို ပေးထားခဲ့တယ်။ အဲဒီ ကြိုတင်ထွက်ချက် ပေးထားချက်မှာ သူ့ကို ရောင်ဝါဖြိုး ကုမ္မဏီပိုင်ရဲ့ ဥက္ကဌ အောင်ဝင်းခိုင်ကနေပြီးတော့ ၃၀ ရက်နေ့မှာ နေပြည်တော်မှာ တင်ဒါ ကိစ္စသွားမယ်ဆိုပြီးတော့ ကားမောင်းပြီး သူ့ကို လိုက်ပို့ခိုင်းတယ်။ အဲဒီ ရဲထွဋ်လှိုင်ကလည်း ဒါရိုက်တာ အဖွဲ့ဝင်တစ်ယောက်ဖြစ်တယ်။ အဲဒီတော့ ကားမောင်းလိုက်ပို့တယ်။ နေပြည်တော် ရောက်တဲ့အခါကျတော့ ဘယ်မှာတည်းလဲဆိုရင် လွှတ်တော် ကိုယ်စားလှယ်တွေ တည်းလေ့ တည်းထ ရှိတဲ့ စည်ပင်ရိပ်သာရဲ့ အနောက်ဖက် ရွှေကြာပြင် ရပ်ကွက် ၂ လမ်းထဲမှာ အိမ်တစ်အိမ်ကို ဝင်သွားတယ်။ အဲဒီရောက်တော့ ကားလဲတယ်။ ပြီးတော့ ဘုရားဖူးမလိုလို ဘာလိုလိုနဲ့ မကွေးကို သွားမယ်လို့ လုပ်ပြန်ရော။ မြို့မဈေး မကွေးကားဂိတ်ကို မသွားတော့ဘဲနဲ့ ပရဆေး ဥယျာဉ်နားကျတော့ အောင်ဝင်းခိုင် ဆင်းသွားပါတယ်လို့ သူကထွက်တယ်။

ဒါပေမယ့်လို့ တရားသူကြီးရဲ့ ရှေ့မှောက် ဒေါ်မြငြိမ်းအေးရဲ့ ရှေ့မှောက်မှာ ကြိုတင်ထွက်ချက်ပေးထားတဲ့ အချက်ထဲမှာတော့ ဇေယျာဖြိုးကနေပြီးတော့ အောင်ဝင်းခိုင်ကို နေပြည်တော်ဖက် လိုက်ပို့လိုက်ပါလို့ ပိုပြီးတော့ ရဲထွဋ်နိုင်ကို စေခိုင်းခဲ့တယ်လို့ ပါထားတယ်။ အဲဒါကို သူက ဟိုမှာ ကျတော့ အဲဒီအချက်အလက်တွေ မထွက်ဆိုတဲ့အတွက် သူ့ကို တိုက်ဆိုင်ပြီးတော့ ကြိုတင်ထွက်ချက်ကလည်း ကျမ်းသစ္စာပြုပြီးထွက်ရတာ ဖြစ်သလို အခုရုံးရှေ့မှာ လာထွက်တဲ့ အခါမှာလည်းပဲ ကျမ်းသစ္စာပြုပြီး ထွက်ရတာ။ အဲဒီတော့ ဥပဒေအရာရှိကနေ ဒီဥစ္စာကတော့ဖြင့် မမှန်မကန် သက်သေခံကို သက်သေထွက်နေတယ်၊ အဲဒါကြောင့်မို့လို့ သူ့ကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၁၉၃ အရ တရားစွဲဆိုအရေးယူပေးဖို့ဆိုပြီးတော့ တရားရုံးမှာ လျှောက်ထားတယ်။"

တရားခံပြေးအောင်ဝင်းခိုင်ကို ကားမောင်းပို့သူကို မမှန်ထွက်ဆိုချက် ထွက်ဆိုတယ်ဆိုပြီး အရေးယူဖို့ ဦးတိုက်လျှောက်ထားတဲ့ ပုဒ်မ၁၉၃ကတော့ မမှန်သက်သေခံမှု၊ မမှန်သက်သေခံဖန်တီးမှု ဖြစ်ပြီး ဒီပုဒ်မနဲ့ စွဲဆိုသင့် အရေးယူရန်သင့်မသင့်ကိုတော့ လာမယ့် နိုဝင်ဘာ ၂၄ရက်နေ့ ရုံးချိန်းမှာဆုံးဖြတ်မယ်လို့လည်း ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံသူကြည်လင်းကို အုတ်ခဲနဲ့ပစ်ခတ်ဖမ်းဆီးရင်း သေနတ်ပစ်ခံရလို့ သေဆုံးသွားရသူ ဦးနေဝင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်ဆန်းအောင်ကပြောပါတယ်။

"ကျနော်တို့ဖက်ကလည်း ရဲထွဋ်နိုင်ကို ဒီလူသတ်တရားခံ ရာဇဝတ်ကောင် အောင်ဝင်းခိုင်ကို အဖမ်းအဆီးမခံရအောင် ကားမောင်းပို့တာက ဒီအမှုကြီးမှာ နောက်တိုး တရားခံလျှောက်မယ်။ အစိုးရဖက်က သက်သေ ၈၀ တင်ထားတာ ၅၈ ယောက်ပြီးသွားပြီဆိုတော့ ၂၂ ယောက်ပဲ ကျန်တော့တယ်။ အဲဒီတော့ အခု ရက်ချိန်းတချိန်း တချိန်းကိုလည်းပဲ စစ်လာလိုက်တာ အရင်တုန်းကလိုပဲ အိပဲ့အိပဲ့နဲ့ အညာလှည်းလိုတော့ မနှေးကွေးတော့ဘူး။ ယန္တယားတော့မြန်လာတယ်။ သောကြာနေ့တိုင်း စစ်နေပါတယ်။ အဲဒီတော့ သက်သေစုံရင် စွဲချက် တင်သင့် မတင်သင့် အပိုင်းကို သွားရမယ်။”

ဒါ့အပြင် တရားခံပြေး အောင်ဝင်းခိုင်ကို နေပြည်တော် ပရဆေးဥယျာဉ်အနီးမှာ ချန်ထားခဲ့တဲ့ ကားမောင်းလိုက်ပို့သူ ရဲထွဋ်လှိုင်ကိုလည်း နောက်တိုးတရားခံအဖြစ် တရားလိုရှေ့နေတွေက တင်သွင်းထားတယ်လို့လည်း ဦးနေဝင်းရဲ့ အကျိုးဆောင်ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

ရန်ကုန်နိုင်ငံတကာလေဆိပ်လို လူစည်ကားတဲ့နေရာမျိုးမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ်လုပ်ကြံတာဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်သလို ဦးကိုနီ ဘာကြောင့်လုပ်ကြံသတ်ဖြတ်ခံရမှုရဲ့ အဓိကကျတဲ့အကြောင်းအရင်းကို အဓိကဖော်ထုတ်အရေးယူနိုင်ဖို့ အရေးကြီးသလို ဦးကိုနီကို ကိုယ်တိုင်ပစ်သတ်ခဲ့သူအပါအဝင် ကြံရာပါတွေနဲ့ နောက်ကွယ်က ခိုင်းစေသူတွေကိုလည်း ဖော်ထုတ်ဖို့လိုတယ်လို့ သုံးသပ်မှုတွေရှိပါတယ်။

နေပြည်တော်လို လုံခြုံရေးတင်းကျပ်လှတဲ့နေရာမှာ ကားနဲ့လိုက်ပို့ခဲ့ပြီးကာမှ တရားခံပြေးအောင်ဝင်းခိုင် ခြေရာပျောက်သွားတဲ့ အဖြစ်အတွက်လည်း မေးခွန်းထုတ်စရာတွေဖြစ်နေတယ်လို့ မြန်မာ့အရေးသုံးသပ်သူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်းဦးရဲထွန်းက သုံးသပ်ပါတယ်။

"ဒီ ကျနော်တို့ နေပြည်တော်ဆိုတဲ့ တကယ့် အစိုးရ ရုံးဆိုက်တဲ့ မြို့ရဲ့ သိပ်ပြီး ရှုပ်ရှုပ်ထွေးထွေးမရှိလှတဲ့ ပရဆေး ဥယာဉ်နားမှာ အဓိက တရားခံ ပျောက်သွားရတာကို ဒီနေ့အထိ ရှာမတွေ့တာကတော့ အားမရစရာပေါ့နော်။ ကျနော်တို့ တရားဥပဒေစိုးမိုးဆိုတဲ့ဟာနဲ့ ပတ်သက်လို့ ကျနော်တို့ တိုင်းပြည်ဟာ အားရစရာမရှိဘူးဆိုတာကိုတော့ ဖော်ပြနေတာပေါ့။”

အခုဆိုရင် ရှေ့နေကြီးဦးကိုနီလုပ်ကြံခံရပြီး တစ်နှစ်နီးပါးကြာမြင့်လာခဲ့ပြီဖြစ်ပါတယ်။ ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေအပေါ် အများ ပြည်သူတွေ သိလိုတဲ့ တရားဥပဒေစိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ အစိုးရဘက်ကရော သက်ဆိုင်ရာ ဥပဒေရေးရာနဲ့ လုံခြုံရေးတာဝန်ရှိသူတွေဘက်က အများပြည်သူသိရှိနိုင်အောင် သတင်းထုတ်ပြန်မှု အားနည်းခဲ့တယ်ဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG