နိုဝင်ဘာလ ၁၅ ရက်နေ့ကစပြီး အဆက်အသွယ် ပြတ်တောက်သွားခဲ့တဲ့ အာဂျင်တီးနား ရေငုပ်သင်္ဘော ARA San Juan (ဟွမ်) ဟာ သဘောၤသား ၄၄ ယောက်စာ အောက်စီဂျင် အလုံအလောက်ရှိနိုင်တော့မှာမဟုတ်ဘူးလို့ သိရှိရပါတယ်။
ဆန်ဟွမ်းရေငုပ်သင်္ဘောဟာ လေထပ်မဖြည့်ဘဲ ရေအောက်မှာ ရက်သတ္တ တပတ်အထိသာ နေနိုင်ပါတယ်။တန်ချိန် ၂ ထောင်လေးတဲ့ ဒီရေငုပ်သင်္ဘောဟာ ရေပြင်ပေါ်မှာ ဒီဇယ်သုံးပြီး ရေအောက်မှာတော့ ဘက်ထရီသုံး လျှပ်စစ်မော်တာတွေနဲ့ လည်ပတ်ရတာဖြစ်ပါတယ်။ လျှပ်စစ်ဓာတ်အားပြဿနာနဲ့ကြုံနေရတယ်လို့ နောက်ဆုံးသတင်းပို့ထားခဲ့ပါတယ်။
ဂြိုဟ်တုဆက်သွယ်ရေး ဖုန်းခေါ်သံတွေ၊ ရေအောက်က အသံတွေကြောင့် ဒီသင်္ဘောသားတွေရဲ့ အသက်ရှင်ရေးအတွက် မျှော်လင့်ချက်တွေ ရှိခဲ့ပေမယ့် နောက်ဆုံးမှာတော့ ဒါတွေဟာ ဒီသင်္ဘောက လာတဲ့အသံတွေမဟုတ်မှန်း သိခဲ့ရပါတယ်။ ရေငုပ်သင်္ဘောရောက်ရှိနေတယ်လို့ သိခဲ့ရတဲ့ နောက်ဆုံးနေရာကတော့ Patagonia ကမ်းခြေမှာဖြစ်ပါတယ်။
ချီလီ၊ ဘရာဇီးလ်၊ အမေရိကန်၊ ဗြိတိန်နိုင်ငံတို့က လေယာဉ်တွေ၊ သင်္ဘောတွေနဲ့ ကူညီ ရှာဖွေပေးခဲ့ကြပေမယ့် ရာသီဥတုဆိုးဝါးမှုကြောင့် အနှောင့်အယှက်တွေ ဖြစ်ခဲ့ရပါတယ်။ အခုအခါမှာတော့ ရာသီဥတုအခြေအနေ အနည်းငယ် တိုးတက်လာပြီလို့ သိရပါတယ်။