သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားအပေါ် ကန်အရေးယူမှု တရုတ် လိုက်ပါဆောင်ရွက်ပါ့မလား


တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump။
တရုတ်သမ္မတ Xi Jinping နဲ့ အမေရိကန်သမ္မတ Donald Trump။

မြောက်ကိုရီးယားက တိုက်ချင်းပစ် ဒုံးလက်နက်ကို နိုဝင်ဘာလ ၂၈ ရက်နေ့မှာ စမ်းသပ် ပစ်လွှတ်လိုက်ပြီးတဲ့နောက်ပိုင်း သူ့ရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံအနေနဲ့ ပိုမို ပြင်းထန်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ဆောင်ရွက်ဖို့ အမေရိကန်ပြည်ထောင်စုက ဖိအားပေးနေပါတယ်။ ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂလုံခြုံရေးကောင်စီ စည်းဝေးပွဲမှာလည်း တရုတ်နိုင်ငံအနေနဲ့ မြောက်ကိုရီးယားကို ရေနံ တင်ပို့မှုတွေ ဖြတ်တောက်ပေးဖို့ အမေရိကန်က တောင်းဆိုခဲ့ပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Bill Ide ဘေဂျင်းမြို့က ပေးပို့ထားတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

မြောက်ကိုရီးယားက နောက်ဆုံးနဲ့ အဆင့်အမြင်ဆုံး ဒုံးကျည် စမ်းသပ်ပစ်လွတ်မှု ပြုလုပ်လိုက်ပြီးတဲ့နောက် တရုတ်နိုင်ငံက အခုချိန်ထိ လုပ်ဆောင်ဖို့ ဝန်လေးနေတဲ့ မြောက်ကိုရီးယားကို ရေနံတင်ပို့မှု ဖြတ်တောက်ပေးဖို့ အမေရိကန်ပြည်ထောင်စုက တရုတ်အစိုးရကို တောင်းဆိုလိုက်ပါတယ်။

တရုတ်တို့ဘက်က အဲဒီလို လုပ်ဆောင်ဖို့ ဝန်လေးနေသေးတဲ့ လက္ခဏာတွေ ပြသနေဆဲဖြစ်ပေမယ့်လည်း အဲဒီလို လုပ်ဆောင်ဖို့အတွက် သူတို့အနေနဲ့ အလေးနက်ထား စဉ်းစားဖို့ လိုတဲ့ကိစ္စဖြစ်တယ်လို့ လေ့လာသူတွေက သုံးသပ်ကြပါတယ်။

Zhao Tong ဟာ Carnegie Tsinghau ဌာနက ကမ္ဘာ့ပေါ်လစီဆိုင်ရာ သုတေသီဖြစ်ပါတယ်။ သူက လက်ရှိ ဖြစ်ပေါ်နေတဲ့ မြောက်ကိုရီးယား အခြေအနေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။

“မြောက်ကိုရီးယားအပေါ် အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်နိုင်ငံတို့က စီးပွားရေး ပိတ်ဆို့အရေးုယူမှုတွေ ပိုပြီး တင်းကြပ်မှာကတော့ သေချာပါတယ်။ ဒါဟာ ရှောင်လွဲလို့မရနိုင်တဲ့ ကိစ္စရပ်ဖြစ်ပါတယ်။ အထူးသဖြင့် Hwasong – 15 ဒုံးကျည် စမ်းသပ်မှုက အမေရိကန်နဲ့ နိုင်ငံတကာ အသိုင်းအပေါ် ခြိမ်းချောက်မှုအရှိန် မြင့်သွားစေတဲ့အတွက် မြောက်ကိုရီးယားအနေနဲ့ အရေးယူခံထိုက်ပါတယ်။”

ပိတ်ဆို့အရေးယူမှုတွေ နောက်ထပ် ချမှတ်ဖို့လည်း သိပ်နေရာ မရှိတော့ဘူးလို့ သူကပြောပါတယ်။

တရုတ်နိုင်ငံထဲမှာ ရှိနေတဲ့ မြောက်ကိုရီးယား စီးပွားရေးလုပ်ငန်းတွေ ပိတ်ပစ်ဖို့ တရုတ်အစိုးရက အမိန့်ထုတ်ပြန်ထားပြီး ဖြစ်သလို တရုတ် ကုမ္ပဏီတွေအနေနဲ့လည်း မြောက်ကိုရီးယားက အလုပ်သမားအသစ်တွေ ထပ်မငှားတော့ဖို့နဲ့ ရှိပြီးသား အလုပ်သမားတွေကိုလည်း သက်တမ်း ထပ်တိုးမပေးတော့ဖို့ ညွန်ကြားချက် ထုတ်ပြန်ထားပြီး ဖြစ်ပါတယ်။

မြောက်ကိုရီးယားကို ရေနံတင်ပို့မှုဟာ တရုတ်အစိုးရက အထူး သတိထားပြီး ကိုင်တွယ် ဆောင်ရွက်နေတဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီမေးခွန်းအပေါ် တရုတ်အစိုးရအနေနဲ့ သတိထား စဉ်းစားဖို့ လိုအပ်ကြောင်း ပီကင်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ Jia Qingguo က ပြောပါတယ်။

“ရေနံတင်ပို့မှုကို ရုတ်တရက် အပြီးအပိုင် ဖြတ်တောက်လိုက်မယ်ဆိုရင် မြောက်ကိုရီးယား နိုင်ငံအတွင်း ပိုမို ကြီးမားတဲ့ စီးပွားရေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရနိုင်သလို နိုင်ငံရေးအရ မတည်ငြိမ်မှုတောင် ဖြစ်လာနိုင်ပါတယ်။ တိုင်းပြည်အတွင်း မတည်ငြိမှုတွေ ဖြစ်သွားနိုင်ပါတယ်။ မြောက်ကိုရီးယားနဲ့ ပတ်သက်လာရင် တရုတ်ဘက်က ပထမဆုံး စဉ်းစားတဲ့အချက်က - နျူကလီးယား လက်နက် တည်ဆောက်တဲ့ကိစ္စဖြစ်ပါတယ်။ ဒုတိယ စဉ်းစားတဲ့အချက်ကတော့ ကိုရီးယားကျွန်းစွယ်မှာ စစ်ပွဲတွေ ဖြစ်ပေါ်တဲ့ဘက်ကို ဦးတည်သွားစေမယ့် မတည်ငြိမ်မှုတွေ ဖြစ်မလာအောင် ဘယ်လို ရှောင်ရှားနိုင်မလဲဆိုတဲ့ အချက် ဖြစ်ပါတယ်။”

ဗုဒ္ဓဟူးနေ့က ကုလသမဂ္ဂမှာ ပြောကြားတဲ့ မိန့်ခွန်းအတွင်း တရုတ်သမ္မတ ရှီကျင့်ဖျင်အနေနဲ့ ဒီကိစ္စမှာ ဘယ်ကို ရပ်တည် မလဲဆိုတာကို အမေရိကန်က စောင့်ကြည့်နေကြောင်း ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley က ပြောကြားလိုက်ပါတယ်။

“နိုင်ငံအားလုံးအတွက် အကျိုးဖြစ်ထွန်းစေဖို့ မှန်ကန်တဲ့ လမ်းကြောင်းကို ရွေးချယ်ပြီး လုပ်ဆောင်ဖို့ သမ္မတ ရှီကျင့်ဖျင်ထံမှာ အခွင့်အရေး ရှိနေပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ခေါင်းဆောင်မှုကို ပြသပြီး လက်တွေ့ လုပ်ပြဖို့ လိုပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ဒီကိစ္စကို သူ့တနိုင်ငံထဲ လုပ်မလား၊ ဒါမှမဟုတ် ဒီ ရေနံတင်ပို့မှုကိစ္စကို ကျမတို့ဟာ ကျမတို့ ဆုံးဖြတ်ပြီး လုပ်ဆောင်ရမလားဆိုတာပါဘဲ။”

တရုတ်နိုင်ငံခြားရေးဌာနကတော့ နျူကလီးယားလက်နက် ဖျက်သိမ်းရေးနဲ့ မြောက်ကိုရီးယားအရေးမှာ ပါဝင်သူအားလုံး တွေ့ဆုံ ဆွေးနွေးရေး စားပွဲဝိုင်းထံ ပြန်ရောက်လာရေးကိစ္စကို အာရုံစိုက် လုပ်ဆောင်နေကြောင်း ကြာသပတေးနေ့က ပြောပါတယ်။

တရုတ်နိုင်ငံအနေနဲ့ အဲဒီ ရည်မှန်းချက်တွေကို အောင်မြင်နိုင်အောင် အတတ်နိုင်ဆုံး ကြိုးစား လုပ်ဆောင်သွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂက ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေကိုလည်း အပြည့်အ၀ လိုက်နာ ဆောင်ရွက်သွားမှာဖြစ်ကြောင်း တရုတ်နိုင်ငံခြားရေးဌာန ပြောခွင့်ရ Geng Shuang က ပြောပါတယ်။

“မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့အရေးယူမှုတွေ အားလုံးကို နိုင်ငံတကာက လုပ်ဆောင်ရမယ့် တာဝန် ဝတ္တရားတွေနဲ့အညီ တရုတ်နိုင်ငံအနေနဲ့ အသေအချာ အပြည့်အ၀ လိုက်နာ ဆောင်ရွက်သွားမှာဖြစ်ပါတယ်။”

ဒါပေမယ့် အခု နောက်ဆုံး မြောက်ကိုရီးယားပြုလုပ်လိုက်တဲ့ ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုနဲ့ ပတ်သက်လို့ တရုတ် သတင်းမီဒီယာတွေထဲမှာ အမေရိကန်ကို အပြစ်တင်တဲ့ပုံစံမျိုး အစိုးရရဲ့ ရပ်တည်ချက်နဲ့ ဆန့်ကျင်ပြီး ရေးသားထားကြပါတယ်။

သမ္မတ Trump အစိုးရက မြောက်ကိုရီးယားကို အကြမ်းဖက်မှု ထောက်ခံအားပေးတဲ့ နိုင်ငံစာရင်းထဲ ထည့်သွင်းလိုက်တဲ့အတွက် အခု နောက်ဆုံး ဒုံးကျည် စမ်းသပ် ပစ်လွတ်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း အစိုးရပိုင် China Daily သတင်းစာရဲ့ အယ်ဒီတာ့ အာဘော်မှာ ရေးသားထားပါတယ်။

တဦးနဲ့တဦး ရန်စောင်နေကြတဲ့ မြောက်ကိုရီးယားနဲ့ အမေရိကန်က ခေါင်းဆောင် ၂ ဦးတို့အနေနဲ့ စိတ်အေးအေးထားကြဖို့ တရုတ်အစိုးရက လိုလားနေတာပါ။ ဒါ့အပြင် မြောက်ကိုရီးယားအရေး တွေ့ဆုံ ဆွေးနွေးမှု လုပ်ဆောင်နိုင်မယ့် အခွင့်အရေးဟာလည်း သမ္မတ Trump အစိုးရကြောင့် လက်လွတ် ဆုံးရှုံးသွားရပြီလို့ ယူဆပြီး တရုတ်တို့က အမေရိကန်အပေါ် အမျက်ထွက်နေတယ်လို့လည်း အဲဒီ သတင်းစာမှာ ရေးသားထားပါတယ်။

ဒီကိစ္စကို အနီးကပ် စောင့်ကြည့်နေတဲ့ ပညာရှင်တချို့ကလည်း ဘယ်လိုဘဲဖြစ်ဖြစ် မြောက်ကိုရီးယားအပေါ် ပိုမို တင်းကြပ်တဲ့ ပိတ်ဆို့အရေးယူမှုတွေ ထပ်မံ ချမှတ်ဖို့ အချိန်တန်နေပြီလို့ သုံးသပ်ကြပါတယ်။

တရုတ်နဲ့ အမေရိကန်တို့အနေနဲ့ မြောက်ကိုရီးယားအပေါ် ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ရေးကိစ္စမှာတင် မဟုတ်ဘဲ တခြား အကြောင်းအရာ အတော်များများအတွက် ပူးပေါင်း ဆောင်ရွက်နိုင်မယ့် နည်းလမ်းတွေကို ရှာဖွေ လုပ်ဆောင်ကြရမှာဖြစ်ကြောင်း ပီကင်းတက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခ Jia Qingguo က ပြောပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG