သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ trump ရဲ့ အစ္စလာမ်ဆန့်ကျင်ရေး twitter ကိစ္စ ဗြိတိန်ဝန်ကြီးချုပ်ဝေဖန်


သမ္မတ Trump ရဲ့ Twitter
သမ္မတ Trump ရဲ့ Twitter

အစွန်းရောက် အမျိုးသားရေးဝါဒီ လက်ယာစွန်း ဗြိတိသျှအုပ်စုတစုရဲ့ မွတ်ဆလင် ဆန့်ကျင်ရေး ဗွီဒီယိုတွေကို သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်က Twitter မှာ ထပ်ပြီး ဖြန့်ခဲ့တာဟာ မှားယွင်းတယ်လို့ ဗြိတိန်ဝန်ကြီးချုပ် Theresa May က ကြာသပ တေးနေ့မှာ ပြောလိုက်ပါတယ်။ အဲဒီဗွီဒီယိုတွေဟာ အမုန်းတရားဖြန့်တာတွေ ဖြစ်တယ်လို့လဲ ဝန်ကြီးချုပ်မေက ပြောပါတယ်။

လုပ်ဖော်ကိုင်ဖက်တွေ ဆိုတာကြောင့်တော့ အမေရိကန်ပြည်ထောင်စု အမှားလုပ်ခဲ့တယ် လို့ မိမိတို့ ယူဆတာ ကို မပြောမဆိုရဲဘူး၊ သူတို့ကို ရှင်းရှင်းမပြောရဲဘူး ဆိုတဲ့အဓိပ္ပါယ် မသက်ရောက်ကြောင်း ဂျော်ဒန်နိုင်ငံ၊ အန်မန်မြို့တော် ခရီးစဉ် တခုအတွင်း ဝန်ကြီးချုပ်မေက ပြောပါတယ်။ Britain First အဖွဲ့ Twitter ပေါ်မှာ တင်ထားတာကို ထပ်ပြီးဖြန့်တာဟာ မှားယွင်းတဲ့ အလုပ်ဖြစ်တယ်ဆိုတာ ကျမရှင်းရှင်းပဲ ပြောပါတယ်လို့ ဝန်ကြီးချုပ်မေက ပြောပါတယ်။

ချိုင်းထောက်နဲ့ ဒတ်ချ်လူငယ်လေးတယောက်ကို မွတ်ဆလင် ရွှေ့ပြောင်းနေထိုင်သူလို့ ဆိုသူတယောက်က ရိုက်နှက်နေတယ် ဆိုတာကို ရိုက်ယူထားတဲ့ဗွီဒီယို၊ Virgin Mary ရုပ်တုကို မွတ်ဆလင်တယောက်က ဖျက်ဆီးနေတယ်ဆိုတာကို ရိုက်ယူထားတဲ့ ဗွီဒီယိုနဲ့ ဆယ်ကျော်သက်ရွယ် လူငယ်တဦးကို အစ္စလာမ်ဝါဒီ လူရမ်းကားတအုပ်လို့ ဆိုသူတွေက ခေါင်မိုးပေါ်ကတွန်းချပြီး ရိုက်သတ်ပစ်နေတယ်ဆိုတာကို ရိုက်ယူထားတဲ့ အတည်ပြုလို့ဗွီဒီယိုတွေကို သမ္မတထရမ့်ပ်က Twitter ပေါ်မှာ ပြန်ဖြန့်ခဲ့တာပါ။

ဗြိတိန်နိုင်ငံမှာ မွတ်ဆလင်တွေ ရွှေ့ပြောင်းအခြေစိုက် နေထိုင်တဲ့အပေါ် ဗြိတိသျှ ခရစ်ယာန်လူ့အဖွဲ့အစည်းကို ပြည်ပ မိစ္ဆာဒိဋ္ဌိတွေ သိမ်းပိုက်တဲ့အခြေအနေတခုအဖြစ် Britain First အုပ်စုက သတ်မှတ်တာပါ။ ဒီအုပ်စုဟာ ယဉ်ကျေးတဲ့ ဗြိတိသျှအစဉ်အလာနဲ့ ဆန့်ကျင်နေတယ်လို့ ဝန်ကြီးချုပ်မေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG