မြန်မာနိုင်ငံမှာ အပြောင်းအလဲတွေနဲ့ ဖြစ်ထွန်းတိုးတက်မှုတွေ ပေါ်ပေါက်လာနေချိန်မှာပဲ၊ ဆယ်စုနှစ်တွေနဲ့ချီ ထိုင်း-မြန်မာ နယ်စပ်ဒေသမှာ နေထိုင်နေကြရတဲ့ မြန်မာဒုက္ခသည်တွေကတော့ နိုင်ငံတကာ အလှူရှင်တွေရဲ့ အကူအညီတွေ ဖြတ်တောက်မှုတွေနဲ့အတူ အခက်အခဲတွေနဲ့ ရင်ဆိုင်နေကြရပါတယ်။ နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ဆက်လက်ရပ်တည်ဖို့ ခက်ခဲလာနေသလို၊ ဒုက္ခသည်အဖြစ် နှစ်ပေါင်းများစွာ နေခဲ့ရတဲ့ သူတွေအတွက် နေရပ်ရင်းပြန်လည် အခြေချနေထိုင်ဖို့လည်း အခက်ခဲတွေ ကြုံနေကြရတာပါ။ ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်တွေရဲ့ အခြေအနေနဲ့ ပတ်သက်လို့ ဗွီအိုအေသတင်းထောက် Steve Sandford ရဲ့ သတင်းဆောင်းပါးကိုတော့ ကိုအောင်လွင်ဦး ကတင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံက လက်နက်ကိုင် ပဋိပက္ခတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာကြရတဲ့ ကရင်တိုင်းရင်းသား အများစုပါဝင်တဲ့ ဒုက္ခသည်တွေ အတွက်တော့ ထိုင်း-မြန်မာနယ်စပ်က မယ်လဒုက္ခသည် စခန်းဟာ စားရေးသောက်ရေးနဲ့ ပညာရေးအတွက် အားထားစရာ နေရာတခုပါ။ ဒါပေမဲ့လည်း ဒုက္ခသည်တွေ နှစ်ပေါင်း ၃၀ လောက် ခိုလှုံနေထိုင်ခဲ့ကြတဲ့ စခန်းတွေကို အကူအညီပေးနေကြတဲ့ နိုင်ငံတကာ အလှူရှင်တွေ ပြည်တွင်းကို တိုက်ရိုက်ထောက်ပံ့လာနေကြပြီး၊ နယ်စပ်စခန်းတွေမှာ အထောက်အပံ့တွေ ဖြတ်တောက်လာရာက စားနပ်ရိက္ခာနဲ့ အရည်အသွေးရှိတဲ့ ကျောင်းဆရာတွေ နည်းပါးလာနေတယ်လို့ မယ်လဒုက္ခသည်စခန်းက တာဝန်ရှိသူတဦးဖြစ်တဲ့ စောဟန်နရီ ကပြောပါတယ်။
“တခြားဒုက္ခသည်စခန်းတွေက ကျောင်းသားတွေ မယ်လစခန်းကကျောင်းမှာလာပြီး အဆင့်မြင့်ပညာသင်ကြပါတယ်။ အထောက်အပံံ့တွေ ဖြတ်တောက်လိုက်တဲ့အတွက် ကျနော်တို့ကျောင်းကိုလည်း ထိခိုက်ပါတယ်။ ဆန်နဲ့ ကျောင်းသုံးပစ္စည်းတွေ အရေးတကြီးလိုနေပါတယ်။ ရပ်တည်နိုင်အောင် မနည်းကြိုးစားနေရပြီး၊ ဆရာတွေနဲ့ ကျောင်းသားတွေပေါင်းပြီး အဖြေရှာနိုင်ဖို့ ကြိုးစားနေရပါတယ်။”
မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ အုပ်ချုပ်မှု အဆုံးသတ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွေ ကျင်းပခဲ့ချိန်ကစလို့ ထိုင်း-မြန်မာ နယ်စပ်က ဒုက္ခသည် ၉ သောင်းလောက်အတွက် ရိက္ခာအထောက်အပံ့တွေ လျော့နည်းလာခဲ့တာပါ။ ဒုက္ခသည်တွေ အနေနဲ့ စခန်းတွေအပြင်ထွက်ပြီး အလုပ်လုပ် ဝင်ငွေရှာခွင့်လည်း မရှိပါဘူး။ နေရပ်ရင်း ပြန်တဲ့အခါမှာလည်း အလုပ်အကိုင်နဲ့ နေရေးထိုင်ရေး အာမခံချက် ရှိပါ့မလား ဆိုတာကို ဒုက္ခသည်စခန်းမှာ ၁၀ နှစ်ကြာ နေထိုင်ခဲ့တဲ့ နော်ဘလေးဆေး တို့လို ဒုက္ခသည်တွေက စိုးရိမ်နေပါတယ်။
“နေရပ်ပြန်ပို့ရေးမှာ တာဝန်ရှိတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ဒုက္ခသည်တွေကို ထောက်ပံ့ကူညီနိုင်ဖို့နဲ့ နိုင်ငံသားအခွင့်အရေး တန်းတူရအောင် လုပ်ပေးဖို့ လိုပါတယ်။ ပြောတဲ့အတိုင်း ကတိတည်ဖို့လည်း လိုပါတယ်။”
နေရပ်ပြန်ရေး အစီအစဉ်တွေ အကောင်အထည် ဖော်နေတာနဲ့အမျှ အရေးပေါ် လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးပမ်းနေတဲ့အကြောင်း ဒုက္ခသည်တွေကို အကူအညီပေးနေတဲ့ The Border Consortium အဖွဲ့က Duncan McArthur ကပြောပါတယ်။
“ရေတိုကာလမှာတော့ အလှူရှင်တွေဘက်က ပြုလွယ်ပြင်လွယ်လုပ်နိုင်မယ့် နည်းလမ်းမျိုးကို ရှာရပါတယ်။ ရန်ပုံငွေတွေကို ဘယ်လိုသုံးမယ် ဆိုတာမျိုး၊ ဒုက္ခသည်တွေ ပြန်နိုင်ဖို့နဲ့ ပဋိပက္ခတွေကြားက ပြန်လည်ထူထောင်ရတဲ့ လူမှုအသိုင်းအဝန်းမှာ အသားကျအောင် မြန်မာအစိုးရနဲ့ သာမကပဲ တိုင်းရင်းသား လက်နက်ကိုင် အုပ်စုတွေနဲ့ပါ လက်တွဲလုပ်ကိုင်လိုတဲ့ နည်းလမ်းမျိုးတွေ ရှာရပါတယ်။”
မြန်မာနိုင်ငံတွင်းက အစိုးရထိန်းချုပ်ရာ နယ်မြေတွေမှာ နိုင်ငံတကာ ဖွံ့ဖြိုးရေးအစီအစဉ်တွေ အကောင်အထည် ဖော်နေတဲ့ တချိန်တည်းမှာပဲ၊ နယ်စပ်က တိုင်းရင်းသား ဒေသတွေမှာ စီးပွားရေးလုပ်ငန်းတွေကို အလျင်စလိုလုပ်ရင်း ဒေသခံတွေ ပစ်ပယ်ခံရတဲ့အဖြစ်မျိုး ကြုံရမှာကိုလည်း စိုးရိမ်မှုတွေ ရှိနေကြပါတယ်။