သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးအပေါ် ကန် အရေးယူပိတ်ဆို့


အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး- သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI
အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုး- သတင်းဓာတ်ပုံ- ပြန်ကြားရေးဝန်ကြီးဌာန MOI

ကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ်(၁၃)ယောက်အနက် မြန်မာစစ်အရာရှိ တဦးလည်း ပါဝင်ခဲ့ပါတယ်။ မြန်မာနိုင်ငံက ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိသူအဖြစ် ထည့်သွင်းလိုက်တာပါ။

ရခိုင်ပြည်နယ်တွင်းက ရိုဟင်ဂျာတွေအပေါ် ဥပဒေမဲ့သတ်ဖြတ်မှု လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်စော်ကားမှု ဖမ်းဆီးမှုတွေအပါအဝင် လူ့အခွင့်အရေးချိုးဖောက်မှုတွေမှာ တာဝန်ရှိကြောင်း ခိုင်လုံတဲ့အထောက်အထားတွေ တွေ့ရှိခဲ့တာကြောင့် ဆိုပြီး ဒီကနေ့ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြထားပါတယ်။

သြဂုတ်လအတွင်း ARSA အစွမ်းရောက်အဖွဲ့တွေကို လိုက်လံရှင်းလင်းတဲ့ မြန်မာစစ်တပ်ရဲ့ စစ်ဆင်ရေးတွေမှာ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်က စစ်သားတွေဟာ ရိုဟင်ဂျာကျေးရွာတွေကို ဝင်ရောက်ပြီး ပစ်ခတ်သတ်ဖြတ်တာ အဓမ္မပြုကျင့်တာတွေ ရှိခဲ့ကြောင်း မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရသူတွေက ပြောဆိုခဲ့ကြောင်းလည်း ကိုးကားဖော်ပြထားပါတယ်။

အမေရိကန်က ဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့စာရင်းမှာ အနောက်ပိုင်းတိုင်းတိုင်းမှူး ဗိုလ်ချုပ်မောင်မောင်စိုးကိုတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလထဲမှာပဲ ရုတ်တရက် တာဝန်ကနေ ဖယ်ရှားပြီး သူ့နေရာမှာတော့ ဗိုလ်မှူးချုပ်စိုးတင့်နိုင်ကို အစားထိုး ခန့်အပ်ထားတာဖြစ်ပါတယ်။

အမေရိကန်သမ္မတ ဒေါနယ်လ်ထရမ့် လက်မှတ်ရေးထိုးထုတ်ပြန်လိုက်တဲ့ အမိန့်အရ ဒဏ်ခတ်မှု ချမှတ်ခံလိုက်ရသူတွေအနေနဲ့ အမေရိကန်မှာ ပိုင်ဆိုင်မှုတွေရှိရင် ထိန်းချုပ်ခံရမှာဖြစ်သလို အမေရိကန်နဲ့ ဘဏ္ဍာရေးလုပ်ငန်းတွေမှာ ထိတွေ့ဆက်ဆံ လုပ်ပိုင်ခွင့်လည်း ရှိမှာမဟုတ်ပါဘူး။

XS
SM
MD
LG