အီရန်နိုင်ငံ တဟီရန်မြို့မှာ အရက်သေစာတွေ တိုက်ကျွေးခဲ့တဲ့ ပါတီပွဲ ၂ ခုကနေ လူငယ်အမျိုးသား နဲ့ အမျိုးသမီး ၂၃၀ ကို အီရန်အာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ အီရန်ရဲ့ နိုင်ငံပိုင်သတင်းဌာနတပိုင်းလိုဖြစ်နေတဲ့ ISNA သတင်းအေဂျင်စီက ပြောလိုက်ပါတယ်။
အဲဒီလူငယ်တွေကို ပါတီပွဲမှာ အရက်သေစာသောက်စားမှု၊ အမျိုးသားနဲ့ အမျိုးသမီးတွေ အတူတွဲကမှု စွဲချက်တွေနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ ISNA က သောကြာနေ့မှာ ဖော်ပြပါတယ်။
အီရန်နိုင်ငံမှာ အရက်သောက်တာ နဲ့ မိသားစုဆွေမျိုးမတော်တဲ့ သူစိမ်း အမျိုးသားနဲ့ အမျိုးသမီးတွေ ပါတီသွားတာဟာ တရားမ၀င်ဖြစ်ပါတယ်။
တဟီရန်မြို့မြောက်ပိုင်းက အဲဒီပါတီပွဲ ၂ ခုမှာ ဖျော်ဖြေခဲ့တဲ့ အဆိုတော် ၂ ယောက်လည်း ဖမ်းဆီးခံခဲ့ရပြီး၊ အရက်တွေနဲ့ တခြားမူးယစ်ဆေးတွေကိုလည်း ဖမ်းဆီးသိမ်းယူခဲ့တယ်လို့ ဆိုပါတယ်။
ဆောင်းရာသီကူးပြောင်းတဲ့အထိမ်းအမှတ်ဖြစ်နဲ့ ကျင်းပခဲ့တဲ့ ဒီပါတီပွဲ ဖိတ်ကြားစာကို Instagram လူမှုကွန်ရက်မှာ တင်တာကို ရဲကတွေ့သွားတာကနေ ပါတီကျင်းပတာကို သိသွားခဲ့တာဖြစ်ပါတယ်။
နှစ်တနှစ်ရဲ့နေ့တာအတိုဆုံးနေ့ဖြစ်တဲ့ ဆောင်းရာသီကျရောက်တဲ့နေ့ကို အစဉ်အလာအားဖြင့် အီရန်နိုင်ငံမှာ Yalda ပွဲတော်ဆိုပြီး ကျင်းပကြတာဖြစ်ပါတယ်။