သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မြောက်ပိုင်းအရေး အချုပ်အခြာ အာဏာစိန်ခေါ်မှု ဟု NLD ရှုမြင်


ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသော လွတ်လပ်ရေးအခမ်းအနား။
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ကျင်းပသော လွတ်လပ်ရေးအခမ်းအနား။

ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာ အရေးဟာ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာအပေါ် စိန်ခေါ်မှု ဖြစ်တယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွတ်လပ်ရေးနေ့ကြေညာချက်မှာ ထည့်သွင်းကြေညာလိုက်ပါတယ်။ ဒီပြင် ကုလအဖွဲ့နဲ့ နိုင်ငံကြီးအချို့က မြန်မာနိုင်ငံအပေါ် ရန်ငြိုးထားတိုက်ခိုက်မှု ပိတ်ဆို့ မှုတွေကို အမှန်တရားနဲ့ လက်တွေ့ ဆောင်ရွက် ချက်တွေနဲ့သာ တုံြ့ပန်သွားမယ်လို့လည်းပြောဆိုလိုက်ပါတယ်၊ ဒီသတင်းကို ဗွီအိုအေ သတင်းဌာနက မေခပေး ပို့ထားပါတယ်။

ဒီကနေ့ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ ကျင်းပတဲ့ နှစ် ၇၀ ပြည့် လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးဟာ မြန်မာတမျိုးသားလုံးရဲ့ အရေးဖြစ်တယ်လို့လည်း ဆိုပါတယ်။

" ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးသည် မြန်မာနိုင်ငံ တနိုင်ငံလုံးရဲ့အရေးဖြစ်သလို ရခိုင်အမျိုးသားများ၏အရေးသည်လည်း မြန်မာတမျိုးသားလုံး၏အရေးဖြစ်ပါသည်။ ရခိုင်ပြည်နယ်မြောက်ပိုင်းပြဿနာသည် မြန်မာနိုင်ငံ၏ အမျိုးသား ဂုဏ်သိက္ခာ နဲ့အမျိုးသားအချုပ်အခြာအပေါ် စိန်ခေါ်မှုဖြစ်ပါသည် ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံကြီးတချို့၏ မြန်မာနိုင်ငံအပေါ် ငြိုးသူရန်ဘက်ပမာ တိုက်ခိုက်နေမှုများနှင့် ပိတ်ဆို့အရေးယူမှု တချို့အား မြန်မာနိုင်ငံသည် တုန်လှုပ်မှုမရှိပဲ ပကတိအမှန်တရားနှင့် လက်တွေ့ဆောင်ရွက်မှုများကို သက်သေထားဆောင်ရွက်လျက်ရှိပါသည်။ "

ဒီကြေညာချက်ကို ပါတီရဲ့ ဗဟိုကော်မတီဝင် မုံရွာအောင်ရှင်က ဖတ်ကြားခဲ့တာ ဖြစ်ပါတယ်။

အန်အယ်လ်ဒီပါတီရဲ့ ဗဟိုအလုပ်မှုဆောင်အဖွဲ့အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း ကတော့ ဒီရခိုင်အရေးဟာ ပါတီအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတခုဖြစ်တယ်လို့ ဆိုလိုက်ပြီး မြန်မာနိုင်ငံမှာ ဧည့်သည်အနေနဲ့ လာရောက် နေထိုင်တဲ့သူတွေအနေနဲ့ အချုပ်အခြာ အာဏာကို ထိပါးခွင့်မရှိသလို ဥပဒေတွေကို လေးစားလိုက်နာကြဖို့လိုတယ်လို့လည်း အခမ်းအနားမှာပြောဆိုလိုက်ပါတယ်။

"အချုပ်အခြာအာဏာကို ထိပါးပြီးနေထိုင်တာကို ကျနော်တို့ ခွင့်ပြုလို့မရပါဘူး။ ကျနော်တို့ ဧည့်သည်အဖြစ် လာတဲ့ပုဂ္ဂိုလ်တွေဟာ မြန်မာနိုင်ငံရဲ့ဥပဒေတွေကို လေးစားရမယ် မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို လေးစားရမယ် အချုပ်အခြာအာဏာကို ဘယ်လိုကျင့်သုံးမလဲဆိုတာ ကျနော်တို့အစိုးရအဖွဲ့ရဲ့ အလုပ်ပါ။ ပြင်ပက ဝင်ရောက် ပြောဆိုစွက်ဖက်ခွင့်မရှိပါဘူး။ ဒါကြောင့် လွတ်လပ်ရေးတည်တံ့ခိုင်မြဲဖို့ ကျနော်တို့ရဲ့ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲဖို့ အားလုံး ညီညီညာညာ ဝိုင်းဝန်းကြိုးပမ်းကြဖို့ အခါသမယဖြစ်ကြောင်း ပြောကြားရင်းနိဂုံးချုပ်ပါတယ်။"

လွတ်လပ်ရေးနေ့မှာ အခုလို ရခိုင်အရေးနဲ့ပတ်သတ်ပြီး အနောက်နိုင်ငံတွေက ပြင်းပြင်းထန်ထန် ဝေဖန်နေချိန်မှာ NLD ဘက်က အခုလိုတုန့်ပြန်ပြောဆို လိုက်တာဖြစ်ပါတယ်။

ရခိုင် အရေး NLD အစိုး ရကိုင်တွယ်မှုနဲ့ပတ်သတ်ပြီး နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးမောင်မောင်စိုး ကတော့ သုံးသပ်ပါတယ်။

"ဝေဖန်မှုတွေ ချုပ်ငြိမ်းအောင် ဆိုလို့ရှိရင်တော့ နိုင်ငံတကာက လိုလားတာကတော့ အခြေအနေနဲ့ပတ်သက်ပြီးတော့ သတင်းလွတ်လပ်ခွင့်ပေါ့ အဲ့ဒီ့တော့ ဒီကနေ့ အခြေအနေနဲ့ပတ်သက်ပြီး ကုလသမဂ္ဂ သို့မဟုတ် ကျန်တဲ့အဖွဲ့တွေရဲ့ စစ်ဆေးမှုကို မခံနိုင်ရင်တောင်မှ ဒီဒေသတွေရဲ့ အခြေအနေမှန်နဲ့ပတ်သက်ပြီးတော့ သတင်း လွတ်လပ်ခွင့်ပေးဖို့ လိုအပ်တယ်လို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာနဲ့ပတ်သက်လာရင်တော့ အစိုးရပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် တာပဲဖြစ်ဖြစ် ကာကွယ်ရေးဦးစီးချုပ်ရုံးက ထုတ်ပြန်တာလောက်ပဲဖြစ်ဖြစ် သူတို့က ဒါကို လက်ခံအတည်ပြုနိုင်လိမ့်မယ် မထင်ဘူးလေ။ အဲ့ဒီ့အနေအထားမှာ ကျနော်တို့အနေနဲ့ အများလက်ခံနိုင်တဲ့သတင်းဌာနတွေရဲ့ သတင်းလွတ်လပ်ခွင့်ကိုပေးဖို့ လိုပါတယ်။ အဲ့တာဆိုရင်တော့ နိုင်ငံတကာ လက်ခံနိုင်တဲ့ အခြေအနေတခုဖြစ် လာလိမ့်မယ်လို့ ထင်ပါတယ်။"

ဒီကနေ့လုပ်တဲ့ အန်အယ်လ်ဒီပါတီက ကျင်းပတဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားကို ၈၈ မျိုးဆက်တွေ၊ ဖိတ်ကြားထားတဲ့ နိုင်ငံတကာ သံတမန်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေတက်ရောက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG