သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့လွှတ်တော်ပြန်စချိန် ရသုံးမှန်းခြေ အဓိကဆွေးနွေးဖို့ရှိ


နေပြည်တော်က လွှတ်တော်အဆောက်အဦး။
နေပြည်တော်က လွှတ်တော်အဆောက်အဦး။

မကြာခင်ရက်ပိုင်းအတွင်း ပြန်လည်စတင်တော့ လွှတ်တော် အစည်းအဝေးမှာ ၂၀၁၈ ဧပြီလက နေ စက်တင်ဘာလအထိ ကြားကာလ ၆လအတွက် ဘတ်ဂျက်ကိစ္စကို အဓိကထား ဆွေးနွေးဆုံးဖြတ်ဖို့ ရှိတယ်လို့ လွှတ်တော်ကိုယ်စားလှယ်အများစုက ပြောပါတယ်။ နှစ်စဉ် ဧပြီ ၁ရက်နေ့ကနေ နောက်နှစ် မတ်လ ၃၁ရက်နေ့ထိကို ဘဏ္ဍာနှစ်အဖြစ် သတ်မှတ်ထားပေမယ့် ပြီးခဲ့တဲ့ လွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ရက်နေ့ကနေ နောက်နှစ် စက်တင်ဘာ ၃၀ထိ ပြောင်းလဲသတ်မှတ်ဖို့ အတည်ပြုခဲ့တာပါ။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

လာမယ့် ဇန်နဝါရီ ၁၅ရက်နေ့မှာ လွှတ်တော်အစည်းအဝေးတွေ ပြန်လည်စတင်ဖို့ရှိနေပြီး ဘတ် ဂျက် အကူးအပြောင်းကာလ ၆ လအတွက် အမျိုးသားစီမံကိန်း ဥပဒေကြမ်းနဲ့ ပြည်ထောင်စု ဘဏ္ဍာငွေ အရသုံးဆိုင်ရာ ဥပဒေကြမ်းတို့ကို ဆွေးနွေး ဆုံးဖြတ်ဖို့ရှိနေပါတယ်။

နှစ်စဉ်နှစ်တိုင်း ဘဏ္ဍာနှစ်ကို ဧပြီလ ၁ရက်နေ့ကနေ နောက်နှစ် မတ်လ ၃၁ရက်နေ့ထိ သတ်မှတ်ထားရာကနေ ပြီးခဲ့ တဲ့ လွှတ်တော်အစည်းအဝေးမှာ ဘဏ္ဍာနှစ်ကို အောက်တိုဘာ ၁ရက်နေ့ကနေ နောက်တနှစ် စက်တင်ဘာ ၃၀အထိ အတည်ပြုထားခဲ့တာပါ။

ဒါကြောင့် ဘဏ္ဍာနှစ် ၂ခုကြား ခြောက်လတာ ကာလအတွက် ဘတ် ဂျက်ကိစ္စကို အခုလာမယ့် လွှတ်တော်အစည်းအဝေးမှာ အဓိက ဆွေးနွေးမှာဖြစ်တယ်လို့ ပြည်သူ့လွှတ် တော် ပြည်သူ့ငွေစာရင်းကော်မတီဝင် လှိုင်းဘွဲ့မြို့နယ် လွှတ်တော်အမတ် ဦးခင်ချိုက ပြောပါတယ်။

" ဘတ်ဂျက်နှစ်ပြောင်းလိုက်တော့ ခြောက်လပေါ့နော် ခါတိုင်းဆိုရင်တော့ ဧပြီလကနေ ပြီးတော့ မတ်လအထိပေါ့။ အခုက ဧပြီကနေပြီးတော့ စက်တင်ဘာအထိပေါ့ ခြောက်လ တဖြတ်စီ ပေးလိမ့်မယ်။ ကြားဖြတ်ပေါ့ အဲ့တာပြီးမှ ၂၀၁၈-၂၀၁၉ သီးခြားဆွဲမှာကိုး။ လောလောဆယ် ဘတ်ဂျက်နဲ့ပတ်သက်တာ ဘာလာမလဲဆိုလို့ရှိရင် ပိုငွေ လိုငွေ ခေါ်မှာပေါ့ အဲ့တာလာလိမ့်မယ်။ အဲ့တာပြီးမှ ခြောက်လပတ် လာလိမ့်မယ်။ ခြောက်လပတ် ဥပဒေကြမ်းကျတော့ မိုးရာသီဖြစ်တဲ့အတွက်ကြောင့် စီမံကိန်း လုပ်ငန်းတွေက ဘတ်ဂျက်ရှိမှာ ပါမှာတော့မဟုတ်ဘူး။ ခွင့်လည်းပြုမှာ မဟုတ်ဘူးလေ အဲ့တော့ အသုံးစားရိတ်နဲ့ မလုပ်မဖြစ်ပေါ့ လုပ်ဆဲနဲ့ မလုပ်မဖြစ် လုပ်ရမယ့် လုပ်ငန်းတွေလောက်ပဲ ဘတ်ဂျက်ထဲမှာ ပါလိမ့်မယ်။ ကျန်တဲ့ တည်ဆောက်ရေး လုပ်ငန်းတွေကျတော့ ၁၈-၁၉ အဲ့ဘတ်ဂျက်ကျမှ ထည့်ဆွဲမှာပေါ့။ "

ဘဏ္ဍာနှစ် နှစ်ခုအကြား ကြားကာလအတွက် ဘတ်ဂျက်ဟာ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်ရဲ့ ပထမ ၆ လထက်တော့ နည်းဖို့ရှိပြီး မိုးတွင်းကာလလည်းဖြစ်တာမို့ စီမံကိန်းကြီးတွေ အတွက် ဘတ်ဂျက်ကိုတော့ ထည့်သွင်းရေးဆွဲဖို့မရှိဘူးလို့ ဦးခင်ချိုက ပြောပါတယ်။

လာမယ့် လွှတ်တော်မှာ ကြားကာလ ၆လတာ ဘတ်ဂျက်ကို အတည်ပြုဖို့က အဓိကဖြစ်ပြီး ဘတ်ဂျက်အပြောင်းအလဲကာလအတွက် အမျိုးသားစီမံကိန်းဥပဒေရေးဖို့ ဖြစ်လာတာဖြစ်တယ်လို့ ရခိုင် ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

" ဒါကို ဘတ်ဂျက်အပြောင်းအလဲကြောင့် ခြောက်လတာဘတ်ဂျက်ကြောင့် ကွာဟမှုဖြစ်သွားတာကိုး။ ဘတ်ဂျက်နှစ်ပြောင်းသွားတော့ ဧပြီလ ၁ရက်နေ့က စက်တင်ဘာလကုန်အထိ အဲ့တာခြောက်လတာ ဘတ်ဂျက်သက်သက် ကျန်ခဲ့တယ်။ အောက်တိုဘာလ ၁ရက်နေ့ကမှ ဘတ်ဂျက်အသစ်စတာကိုး။ ဆိုတော့ အဲ့ကြားကာလက ဘတ်ဂျက်က သီးသန့်ဆွဲရမလိုဖြစ်နေတာပေါ့။အဲ့တာကြောင့် ကျနော်တို့ကပြောတာ အမျိုးသားစီမံကိန်းဆိုတာ အဲ့မှာတင်မယ်။ ရသုံးမှန်းခြေ ခန့်မှန်းခြေ အဲ့တာလည်း တင်မှာပေါ့နော်။ ရသုံးခန့်မှန်းခြေကတော့ ဘတ်ဂျက်တိုင်းမှာ တင်ပါတယ်။"

ပြီးခဲ့တဲ့ ဇန်နဝါရီ ၉ ရက်နေ့မှာ ပြုလုပ်တဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာတော့ ခြောက်လ ဘတ်ဂျက်မှာ စုစုပေါင်း ရငွေ ကျပ် ၃၇၆ဘီလျံကျော်နဲ့ အသုံးစရိတ် ကျပ် ၁၁၉ ၅ ဘီလျံကျော် ခန့်မှန်းထားပြီး တိုင်းနဲ့ ပြည်နယ်တွေကို လက်ရှိ ဘဏ္ဍာနှစ်အတွင်း သတ်မှတ်ပေးခဲ့တဲ့ ဘတ်ဂျက်ပမာဏရဲ့ ၅၀%ကိုသာ ထောက်ပံ့ဖို့ ဆုံးဖြတ်ထားပါတယ်။

လာမယ့် ဇန်နဝါရီ ၁၅ရက်နေ့မှာ ကျင်းပမယ့် ပြည်ထောင်စု လွှတ်တော်အစည်းအဝေးမှာ သစ်တော ဥပဒေကြမ်း၊ အခြေခံပညာရေး ဥပဒေကြမ်း၊ ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေကြမ်း စတဲ့ ဥပဒေပြဌာန်းနိုင်ဖို့ ဆွေးနွေးဖို့လည်း ရှိနေပါတယ်။

--

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG