သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNFC ခေါင်းဆောင်တွေ တပ်မတော်ခေါင်းဆောင်ပိုင်းနဲ့ ဆွေးနွေးဖို့ မနီးစပ်သေး


UNFC ဥက္ကဌ နိုင်ဟံသာ (အလယ်) ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင်တွေ့ရစဉ်။
UNFC ဥက္ကဌ နိုင်ဟံသာ (အလယ်) ငြိမ်းချမ်းရေးဆွေးနွေးပွဲ တွင်တွေ့ရစဉ်။

ညီညွတ်သောတိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ UNFC က ထိပ်သီးခေါင်းဆောင်တွေနဲ့ အစိုးရ/ တပ်မတော်က ထိပ်သီးခေါင်းဆောင်တွေ သီးသန့် တွေ့ဆုံဆွေးနွေးရေးဆိုတဲ့ UNFC ရဲ့တောင်းဆိုချက်ဟာ အကောင်ထည်ပေါ်လာဖို့ မနီးစပ်သေးဘူးလို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင်တဦးက ပြောလိုက်ပါတယ်။ UNFC တပ်ပေါင်းစုမှာပါတဲ့ မွန်ပြည်သစ်ပါတီက အပစ်ရပ် NCA စာချုပ်မှာလက်မှတ်ထိုး မယ်လို့ ဆုံးဖြတ်ထားပေမယ့် UNFC တပ်ပေါင်းစုအနေနဲ့သာ လက်မှတ်ထိုးမှာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ ခေါင်းဆောင်တဦးကပြော ပါတယ်။ UNFC အဖွဲ့ရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှု အလားအလာနဲ့ပတ်သက်လို့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

UNFC တပ်ပေါင်းစုနဲ့ အစိုးရ ငြိမ်းချမ်းရေးကော်မရှင် PC ၊ တပ်မတော်တို့ကြား ၂၀၁၇ နှစ်ကုန်ပိုင်းအထိ (၁၇)လကျော်ကြာ ဆွေးနွေးလာခဲ့ ကြပေမယ့် NCA အပစ်ရပ်စာချုပ်မှာ လက်မှတ်ထိုးနိုင်တဲ့ အဆင့်ထိ ရောက်မလာသေးပါဘူး။ ဒီအတောတွင်း ပြီးခဲ့တဲ့ ဒီဇင်ဘာလထဲမှာ ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တပ်ဖွဲ့ဝင်(၃)ဦးနဲ့ အရပ်သားတဦး အသတ်ခံရတဲ့ကိစ္စနဲ့ ပတ်သက်လို့ KNPP နဲ့ မြန်မာ့တပ်မတော် တို့ကြား တင်းမာမှုတွေ ရှိနေတာက UNFC က NCA ကို လက်မှတ်ထိုးနိုင်ရေး ဆွေးနွေးနေတဲ့ကိစ္စကို နှောင့်နှေးစေတယ်လို့ UNFC ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။

“ ကနေ့ အခြေအနေက အပြောင်းအလဲ နည်းနည်းဖြစ်သွားတယ်ဗျ။ သိပ်မကြာသေးခင်က ကရင်နီရဲဘော် ၃ဦးနဲ့ အရပ်သားတဦးကို ဗမာ့တပ်မတော်ဘက်က ဖမ်းဆီး သတ်ဖြတ်လိုက်တဲ့အပေါ်မှာ ကရင်နီက အတော်လေးကို မကြေနပ်ဘူး။ ဒီကိစ္စမှာ တစ်ဆို့သွားတဲ့ သဘောတော့ ရှိတယ်။ အဲဒီလို မပြေလည်တဲ့ဟာကို နှစ်ဖက် ထိပ်သီးခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပြီးတော့ ညှိနှိုင်းကြည့်မှာပေါ့။ တကယ်လို့ ပြေလည်မယ် ဆိုရင်တော့ဒါက (NCA)လက်မှတ်ထိုးဖို့ ရှိပါတယ်။ ဒေါ်အောင်ဆန်းစုကြည်နဲ့ရော ကာ/ချုပ် မင်းအောင်လှိုင် နဲ့ရော တွေ့ဖို့တောင်းဆိုထားပါတယ်။ အခုထက်ထိတော့ အကြောင်းမပြန်သေးဘူး”

NCA ကို လက်မှတ်ထိုးနိုင်ရေးအတွက် အခုလို UNFC က တောင်းဆိုထားတဲ့ UNFC နဲ့ အစိုးရ/ တပ်မတော် ထိပ်သီးခေါင်းဆောင်တွေ တွေ့ဆုံရေးကိစ္စဟာ လက်တွေ့ အကောင်ထည်ပေါ်လာဖို့ မနီးစပ်သေးဘူးလို့ အစိုးရငြိမ်းချမ်းရေးကော်မရှင် PC အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

“ ကျနော်ကတော့ သိပ်မထင်ဘူးဗျ။ ကျနော်တို့နဲ့လည်း အကြိမ်ကြိမ်ညှိနှိုင်းခဲ့တာ နောက်ဆုံး သူတို့တင်ပြတဲ့ (၈)ချက်စလုံးနီးပါး ပြီးခဲ့တာ တကြိမ် နှစ်ကြိမ်တောင် ရှိခဲ့ပြီဗျာ။ ကျနော်တို့ ကြားရသလောက်တော့ မွန်ပြည်သစ်က ထိုးမယ်လို့တော့ ဆုံးဖြတ်ထားတယ်လို့ သိရတယ်ဗျာ။ UNFC အဖွဲ့အနေနဲ့ကတော့ မပြောတတ်ဘူး။ ”

NCA စာချုပ်မှာ မွန်ပြည်သစ်ပါတီ(NMSP)က လက်မှတ်ထိုးမယ် ဆိုတဲ့ကိစ္စ သူတို့ပါတီတွင်းမှာ ဆုံးဖြတ်ချက် ချထားပြီးသားဖြစ်ပေမယ့် UNFC အနေနဲ့သာ လက်မှတ်ထိုးသွားမယ်လို့ မွန်ပြည်သစ်ပါတီရဲ့ ဒုဥက္ကဌလည်း ဖြစ်တဲ့ နိုင်ဟံသာက ရှင်းပြပါတယ်။

“ ကျနော်တို့အဖွဲ့ အတွင်းမှာက လက်မှတ်ထိုးဖို့ ဆုံးဖြတ်ချက်တော့ရှိတယ်။ ဒါပေမဲ့ ကျနော်တို့က တပ်ပေါင်းစု အဖွဲ့ဝင်ဖြစ်တော့ တပ်ပေါင်းစုနဲ့ ညှိရမယ်ဆိုတဲ့မူ ရှိတယ်လေ .. အဲဒါကြောင့် တပ်ပေါင်းစုနဲ့ညှိနေတာ။ တဖွဲ့ထဲ အနေနဲ့တော့ ကျနော်တို့မထိုးပါဘူး”

NCA စာချုပ်ဟာ အရင်သမ္မတ ဦးသိန်းစိန်လက်ထက်မှာ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကြား ညှိနှိုင်းရေးဆွဲခဲ့တဲ့ စာချုပ်ဖြစ်ပြီး NLD အစိုးရက ဒါကိုဆက်လက် အကောင်အထည်ဖေါ်နေခြင်း ဖြစ်တယ်လို့ NLD ဘက်ကပြောပါတယ်။ အဓိက တပ်မတော်နဲ့ ညှိနှိုင်းမှု ပြေလည်မယ်ဆိုရင် မွန်ပြည်သစ်ပါတီ တဖွဲ့ထဲက လက်မှတ်ထိုးတာကိုလည်း ကြိုဆိုကြောင်း PC အဖွဲ့ဝင် ဦးအောင်စိုးက ပြောပါတယ်။

“ တဖွဲ့ချင်းထိုးလည်း ကျနော်တို့က လက်ခံမှာပါ။ ကျနော်တို့ ငြိမ်းချမ်းရေး ရထားကြီးက ထွက်နေပြီ။ လက်မှတ်ထိုးပြီးသား (၈)ဖွဲ့နဲ့ ကျနော်တို့သွားနေတာ။ မထိုးရသေးတဲ့အဖွဲ့တွေ ဝင်ပါ ပေးကြပါ။ ဝင်ပါလို့ မကြေနပ်ရင်တောင် ပြန်ဆင်းသွားလို့ ရတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် ပြောထားတယ်ဗျာ။ တကယ်ဆွေးနွေးတဲ့ အချိန်ကျတော့ သူတို့ လက်နက်ကိုင်အဖွဲ့စည်း ၂ခုဖြစ်တဲ့ တပ်မတော် နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ သူတို့နှစ်ဖက် သဘောတူရင်ပြီးတယ်။ ကျနော်တို့ NLD အစိုးရအနေနဲ့က ငြိမ်းချမ်းရေးဆိုတာ ဘယ်သူမှ အရှုံးမရှိဘူး။ ”

ဒါပေမဲ့ NCA စာချုပ်မှာ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည်တောင်ပိုင်း တပ်မတော် RCSS/SSA အဖွဲ့နဲ့ အစိုးရတပ်တွေကြား ပြီးခဲ့တဲ့ သီတင်းပတ် အတွင်း တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားခဲ့တာကြောင့် NCA စာချုပ်ဟာ ခိုင်မာမှုမရှိသေးဘူးလို့ UNFC တပ်ပေါင်းစုက သုံးသပ်ကြောင်း ဥက္ကဌ နိုင်ဟံသာက ပြောပါတယ်။ ဒါကြောင့် အပစ်ရပ်လက်မှတ်ထိုးပြီးရင် JMC ပစ်ခတ်မှုစောင့်ကြည့်ရေး ပူးတွဲကော်မတီကို အခိုင်အမာဖွဲ့စည်း နိုင်ရေးက အရေးကြီးတယ်လို့ သူကဆိုပါတယ်။ အစိုးရ PC ကတော့ UNFC ရဲ့တောင်းဆိုချက် (၉)ချက်ကို ဆွေးနွေတာ ပြေလည်မှုရသွား ပြီလို့ ပြောပေမယ့်၊ ဒီမိုကရေစီဖက်ဒရယ်နဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုဆိုတဲ့ စကားလုံးအငြင်းပွားမှု ရှိသလို၊ လက်နက်ကိုင် တိုင်းရင်းသားနယ်မြေ ခွဲဝေသတ်မှတ်ရေး ကိစ္စမှာလဲ ပြေလည်မှုမရသေးဘူးလို့ UNFC ဘက်က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG