သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဲခူးရိုးမ ငလျင် ရန်ကုန်ရိုက်ခတ်


 မြန်မာနိုင်ငံ ငလျင်တိုင်းတာချက် ထုတ်ပြန်ချက်
မြန်မာနိုင်ငံ ငလျင်တိုင်းတာချက် ထုတ်ပြန်ချက်

ဇန်နဝါရီလ ၁၂ ရက် သောကြာနေ့ မနက် တနာရီမထိုးခင်မှာ ဖြူးမြို့ အနောက်ဖက် ၃၉ ကီလိုမီတာ (၂၄ မိုင်) အကွာ ပဲခူးရိုးမထဲမှာ ပြင်းအားပမာဏ ၆.၀ ရှိတဲ့ ငလျင်ဟာ မြေအောက် ၁၀ ကီလိုမီတာ (၆ မိုင်) အကွာမှာ ဗဟိုပြု လှုပ်ခတ်ခဲ့ပါတယ်။ပြင်းအား ၅.၃ ရှိတဲ့ နောက်ဆက်တွဲ ငလျင် ၃ ခု ဟာ မိနစ်ပိုင်းအတွင်းမှာပဲ ဆက်လှုပ်ခဲ့တာပါ။

မိုင် ၁၄၀ ကျော် အကွာမှာ ရှိတဲ့ ရန်ကုန်မြို့ကြီးမှာပါ ငလျင်လှုပ်တာကို သိရှိခဲ့ကြတာ ဖြစ်ပြီး ရေတွေ ဘောင်ဘင်ခတ်သွားတာ မြင်ခဲ့ ရတယ်လို့ လှိုင်မြို့နယ် သံလမ်းမှာ နေထိုင်တဲ့ မနှင်းလဲ့ရည်က ခုလို ပြောပါတယ်။

" ငလျင်လှုပ်တဲ့အချိန် ညီမ မျက်နှာသစ်ဖို့ လုပ်တုန်းရှိသေးတယ် ရေတွေက လှုပ်လာတာပေါ့ လူကလည်း နည်းနည်းလှုပ်လာတယ် အော် ဘာဖြစ်ပါလိမ့်ပေါ့။ ငလျင်လားမသိဘူးဆိုတော့ အိမ်ရှေ့ခန်းက သူငယ်ချင်းတွေက ငလျင် ငလျင်ဆိုပြီး အော်တော့မှ အိပ်နေတဲ့သူငယ်ချင်းတောင် ခေါင်းမူးလို့ဆိုပြီး ထလာတာ တော်တော်ကို သိသာတယ်။ ပထမလှုပ်တာက ၁၂နာရီ ၅၈မိနစ် တစ်နာရီမထိုးခင်လောက်က အမ။ ပြီးတော့ တစ်နာရီထိုးပြီး ငါးမိနစ်ကျော်လောက်မှာ တခါ တစ်နာရီ ဆယ့်လေးမိနစ်လောက်မှာ တခါထပ်လှုပ်တယ်။"

နောက်ဆက်တွဲ ငလျင်လှုပ်ခတ်မှု တွေရှိနေတာကို သိလာရတာမို့ အဆောက်အဦးတွေ ပြိုကျမှာ ကြောက်ကြတဲ့ အတွက် အိမ်ပြင်ထွက် နေကြသူတွေပါ ရှိတယ် လို့လည်းပြောပါတယ်။ ညသန်းခေါင် လှုပ်ခဲ့တဲ့ အားပြင်း ငလျင်ကြောင့် ပျက်စီးမှုနဲ့ ထိခိုက်ဒဏ်ရာရမှု ရှိမရှိတော့ မသိရသေးပါဘူး။

အခု လှုပ်ခဲ့တဲ့ ငလျင်ဟာ မြန်မာနိုင်ငံအလယ်ကြောက စစ်ကိုင်းပြတ်ရွေ့ကြောင်းပေါ်မှာ မဟုတ်ပဲ သူ့အနောက်ဖက်မှာရှိတဲ့ ပဲခူးရိုးမအနောက်ဖက် ပြတ်ရွေ့ကနေ လှုပ်ခဲ့တာဖြစ်ကြောင်း မြန်မာနိုင်ငံ ငလျင်ကော်မတီ ဒုဥက္ကဌ ဒေါက်တာမျိုးသန့်က VOA ကိုပြောပါတယ်။ အခု ငလျင်လှုပ်သွားတဲ့ ပြတ်ရွေ့ကြောမှာပဲ ၂၀၁၇ မတ်လတုန်းက တိုက်ကြီးမှာ ပြင်းအား ၅ ကျော်တဲ့ ငလျင်လှုပ်ခဲ့ပြီး အတော် များများပျက်စီး ခဲ့ရတာပါ။

USGS မှတ်တမ်းအရ မြေထုလှုပ်ရှားပုံဟာ အနောက်တောင်ဖက်က ငုတ်ဝင်သလိုမျိုး ဖြစ်နေတာ တွေ့ရတာမို့ စစ်ကိုင်း ပြတ်ရွေ့လို ဘေးတိုက်လှုပ်ရှားမှု မဟုတ်သလို ငလျင်ဗဟိုချက်နေရာ ကလည်း စစ်ကိုင်းပြတ်ရွေ့နှင့် တိုက်ရိုက်နွယ် မနေတဲ့အတွက် ပဲခူးရိုးမ မြင့်တက်မှု ဖြစ်စဉ်တရပ်အဖြစ် မြန်မာနိုင်ငံ ငလျင်ကော်မတီက ယေဘုယျသတ်မှတ် ထားပါတယ်။

ပထမငလျင်လှုပ်ခဲ့ပြီး နောက် တနာရီကျော် အကြာမှာ ပြင်းအား ၄.၆ ပမာဏ ရှိတဲ့ နောက်ဆက်တွဲ ငလျင်တခုလည်း ဖြူးအနောက်ဖက် မိုင် ၂၀ ကျော် အကွာမှာ ထပ်မံ လှုပ်ခတ်ခဲ့ တာ ဖြစ်ပြီး၊ အဲဒီအနီးအနားမှာ ဖြူးဆည်နဲ့ ကွန်းချောင်း တမံတွေ ရှိတာမို့ နောက်ဆက်တွဲ ငလျင်ငယ်တွေရဲ့ အန္တရာယ် ကို သတိထားဖို့ လိုကြောင်းလည်း မြန်မာနိုင်ငံ ငလျင်ကော်မတီရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ သတိပေးထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG