သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ စစ်ရေးပြင်းထန်လာ


ကချင် KIA တပ် ။
ကချင် KIA တပ် ။

ကချင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ KIO/KIA တပ်တွေကြား တကျော့ပြန်တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဘက် အကျအဆုံး ရှိနေသလို၊ အစိုးရတပ်က ပစ်တဲ့ လက်နက်ကြီးတွေကြောင့် စစ်ရှောင်စခန်းက ဒုက္ခသည်တွေဟာလည်း အခြားလုံခြုံမယ့်နေရာတွေကို ထပ်မံ တိမ်းရှောင် နေရပါတယ်။ တတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့နီးလာချိန် အခုလို တိုက်ပွဲတွေဖြစ်နေတာဟာ ငြိမ်းချမ်းရေး အလားအလာကို နောက်ပြန်ဆုတ်သွားစေမယ့် သဘောလို့ စစ်ရေးနိုင်ငံရေး သုံးသပ်သူတချို့က မြင်ပါတယ်။ အကြောင်းစုံကိုတော့ ကိုဉာဏ်ဝင်းအောင်က တင်ပြမှာပါ။

ကချင်ပြည်နယ် တနိုင်း ၊ ဆွမ်ပရာဘွမ်နဲ့ ဖားကန့်မြို့နယ်ဘက်မှာ ဒီ(၃)ရက်အတွင်း တိုက်ပွဲတွေ ပြင်းထန်နေပြီး၊ အစိုးရတပ်က လေကြောင်း တိုက်ခိုက်မှု အပါဝင်၊ လက်နက်ကြီးနဲ့ပါ ပစ်ခတ်ပြီး ထိုးစစ်ဆင်နေတာကြောင့် KIA ကချင်လွတ်လပ်ရေး တပ်တွေနဲ့ ရင်ဆိုင်တိုက်ပွဲတွေ ဖြစ်နေတာပါ။ KIA တပ်တွေမရှိတဲ့ ဆွမ်ပရာ ဘွမ်မြို့နယ်မှာဆိုရင် အစိုးရတပ်က လက်နက်ကြီးနဲ့ပစ်တာကြောင့် စစ်ဘေးရှောင် စခန်းက ဒုက္ခသည်တွေဟာ အခြားလုံခြုံမယ့် နေရာတွေကို ထပ်မံတိမ်းရှောင် နေရတယ်လို့ KIA တပ်ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီးနော်ဘူက VOA ကိုပြောပါတယ်။

" တနိုင်း လီဒိုလမ်းဘက်မှာလည်း တိုက်ပွဲတွေ ဆက်တိုက် ဆက်တိုက်ဖြစ်နေတယ်။ နောက်ပြီးတော့ ဆွမ်ပရာဘွမ်ဘက်မှာလည်း တိုက်ပွဲတွေ ဖြစ်နေပါတယ်။ မံစီဘက်မှာလည်း တိုက်ပွဲတွေ ကြိုကြားကြိုကြားဖြစ်နေပါတယ်။ အစိုးရ တပ်မတော်ဘက်က လေယာဉ်ပျံနဲ့လည်း တိုက်ပါတယ်။ နောက်ပြီးတော့ လက်နက်ကြီးတွေနဲ့လည်း တိုက်ပါတယ် ပြင်းထန်တယ်လို့ ကျနော်တို့ကတော့ ယူဆလို့ရပါတယ် ပြောလို့ရပါတယ်။

အခုတလောက စစ်ပြေးဒုက္ခသည်တွေရှိတဲ့ ဆွမ်ပရာဘွမ်ဘက်မှာ သူတို့က လက်နက်ကြီးတွေနဲ့ အကြိမ်နှစ်ဆယ်ကျော် လောက်ကျသွားတယ် ဒါက ကေအိုင်အေ ရှိတဲ့နေရာ လည်းမဟုတ်ဘူး သူတို့နဲ့ ရင်ဆိုင်တိုက်ပွဲလည်း မဟုတ်ဘူး။ ပြည်သူလူထု တိမ်းရှောင်တဲ့နေရာဘက်မှာ သူတို့က လက်နက်ကြီးနဲ့ပစ်တာ။"

အစိုးရတပ်တွေက ကချင်ပြည်နယ်ထဲမှာ ထောင်ဂဏန်းနဲ့ချီ စစ်အင်အားတိုးချနေပြီး၊ ဟူးကောင်း-လီဒိုလမ်းတလျှောက်မှာလည်း စစ်အင်အား တိုးချထားတယ်လို့ ဆိုပါတယ်။ လက်ရှိတိုက်ပွဲအတွင်း နှစ်ဘက် စစ်တပ်မှာ အကျအဆုံးတွေရှိသလို ထိခိုက်ဒဏ်ရာ ရတာတွေ အများအပြား ရှိတယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တနိုင်းမြို့နယ်တဝိုက် ရွှေမှော်နဲ့ ပယင်းမှော်အများစုဟာ KIO အဖွဲ့ပိုင် စီးပွားရေးတွေ ဖြစ်ပြီး၊ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး မလုပ်ခင်မှာ မြန်မာ့တပ်မတော်က အဓိက အချက်အချာကျတဲ့ နေရာတွေကို သိမ်းပိုက်နိုင်ဖို့အတွက် ဒီဒေသတဝိုက်မှာ ပြီးခဲ့တဲ့နှစ် ဇွန်လကစပြီး အစိုးရတပ်တွေက အခုလို ထိုးစစ်ဆင်လာတာ ဖြစ်တယ်လို့ KIO ကသုံးသပ်ကြောင်း ဗိုလ်မှူးကြီး နော်ဘူက ပြောပါတယ်။

" ကေအိုင်အေကို တရားမဝင် သံယဇာတူးဖော်တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အဲ့ဒီ့ပယင်းမှော်တို့ ရွှေမှော်တို့မှာ နယ်မြေစိုးမိုးရေးလုပ်ချင်လို့ စစ်ဆင်ရေးတွေ လုပ်တာ ဥပမာ ကျနော်တို့ ကေအိုင်အိုနဲ့ ဒီတပ်မတော်က အပစ်အခတ်ရပ်စဲရေးလက်မှတ်တွေ တနည်းနည်း တဖုံဖုံ လက်မှတ်ထိုးပြီဆိုရင်တော့ ကျနော်တို့က နိုင်ငံရေးဆွေးနွေးရမယ် နိုင်ငံရေးဆွေးနွေးမယ် ဆိုလို့ရှိရင် အရေးကြီးတဲ့နေရာပေါ့နော် ဗျူဟာမြောက်တဲ့နေရာမှာ သူတို့က နယ်မြေစိုးမိုးချင်တာ။"

KIO ရဲ့သုံးသပ် စွပ်စွဲချက်နဲ့ပတ်သက်လို့ မေးမြန်းဖို့ တပ်မတော်ပြောခွင့်ပုဂ္ဂိုလ်ကို ဆက်သွယ်ခဲ့ပေမယ့် အဆက်သွယ် မရခဲ့ပါဘူး။

တတိယ အကြိမ်မြောက် ၂၁ရာစု ပင်လုံညီလာခံ ကျင်းပဖို့ အချိန်နီးလာချိန် မြောက်ပိုင်း ကချင်ဒေသမှာ အခုလို တိုက်ပွဲတွေဖြစ်နေတာဟာ ငြိမ်းချမ်းရေး အလားအလာကို နောက်ပြန်ဆုတ် သွားစေမယ့် သဘောလို့ စစ်ရေးနိုင်ငံရေး သုံးသပ်သူ ဦးသန်းစိုးနိုင်က မြင်ပါတယ်။

" ၂၁ ရာစုပင်လုံညီလာခံ အဲ့ဒီ့အချိန် နီးလာလို့ရှိရင် စစ်ရေးထိုးစစ်တွေကတော့ ပြင်းလာတာပဲ။ ကျနော့်အထင်ပြောရရင်တေ့ာ ဒီကနေ့ အမျိုးသားအဆင့်နိုင်ငံရေး လှုပ်ရှားမှုတွေကို အခုတပ်မတော်ဘက်က လိုက်ပြီးတော့ ကန့် တယ်။ အဲ့တာဆိုရင်တော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က နောက်ကို ဆုတ်တော့မှာပဲ အဲ့ဒီ့အထဲမှာ အခုပြန်ပြောရမယ် ဆိုရင် အခု ဝ အဖွဲ့ကလည်း NCA လမ်းကြောင်းနဲ့ မလိုက်ဘူးဆိုတဲ့ သဘောထားတွေကလည်း ရှိနေတဲ့အခါကျတော့ ငြိမ်းချမ်းရေးလမ်းစဉ်က နောက်ပြန်ဆုတ်မယ့် အနေအထားကို ရောက်နေပြီလို့ ကျနော်ကတော့ စိတ်ထဲက ခန့်မှန်းမိတယ်။"

လတ်တလော ကချင်ပြည်နယ်မှာ တပ်မတော်ဘက်က တပ်မ(၇၇) (၈၈) (၉၉)တပ်တွေ၊ မပခတပ်တွေနဲ့ တပ်မ(၁၀၁)တပ်တွေ၊ ဒခစ တပ်တွေပါ စစ်အင်အား ထောင်ချီ တိုးချထားတယ်လို့ KIA တပ်ဘက်က ပြောပါတယ်။

KIO/KIA တပ်ဖွဲ့ဟာ UWSA ဝပြည်သွေးစည်းညီညွတ်ရေးတပ် ဦးဆောင်တဲ့ မြောက်ပိုင်းမဟာမိတ်(၇)ဖွဲ့ထဲမှာပါပြီး NCA လမ်းကြောင်းနဲ့ မတူတဲ့ လမ်းကြောင်းအရ အပစ်ရပ်ဖို့ အာသီသရှိနေတာပါ။ မြန်မာ့တပ်မတော်ကတော့ တိုင်းရင်းသား လက်နက်ကိုင်တွေ အနေနဲ့ နိုင်ငံရေး ဆွေးနွေးပွဲ လမ်းကြောင်းကို တက်လှမ်းချင်ရင် NCA အပစ်ရပ်စာချုပ်မှာသာ လက်မှတ်ထိုးပြီး ရှေ့ဆက်ကြဖို့ ပြောဆိုထားပါတယ်။

ကချင်ဒေသ စစ်ရေးပြင်းထန်လာ
please wait

No media source currently available

0:00 0:04:27 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG