သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆန္ဒပြလို့ ကျောင်းထုတ်ခံရသူကျောင်းသား ၄၀ ကျော်ပြီ


ပညာရေးအသုံးစရိတ်မြှင့်တင်ပေးဖို့ ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားအယောက်လေးဆယ်ကျော် ကိုကျောင်းက ထုတ်ပယ်လိုက်တာဟာ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်ကပြောပါတယ်။ ပညာရေးအသုံးစရိတ်မြင့်တင်ပေးရေးအပါအဝင် ဒီမိုကရေစီပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒထုတ်ဖော်ခဲ့ကြတုန်းက တောင်းဆိုချက်( ၁၁)ချက်ကိုပါ အစိုးရ၊ လွှတ်တော်အနေနဲ့ အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ ဆက်လက်ဆန္ဒထုတ်ဖော်သွားကြမယ်လို့လည်း ဆန္ဒပြကျောင်းသားတွေကပြောပါတယ်။ ဒီလိုကျောင်းသားတွေကို ကျောင်းထုတ်ပယ်တာဟာ ဒီမိုကရေစီစံနှုန်းနဲ့ ဆန့်ကျင်တာလို့လည်းပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး နိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) အပါအဝင် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာမများအဖွဲ့ချုပ်စတဲ့ မြန်မာပြည် ပညာရေးပြုပြင်ပြောင်းလဲရေးလှုပ်ရှားဆောင်ရွက်နေတဲ့ အဖွဲ့တွေကလည်း သဘောထားအသီးသီးကြေညာချက်ထုတ်ပြန်ကြပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပညာရေးအသုံးစားရိတ်တိုးမြင့်ပေးဖို့အတွက် မန္တလေးတိုင်း ရတနာပုံတက္ကသိုလ်မှာ ရတနာပုံတက္ကသိုလ် ကျောင်းသားတွေ ဦးဆောင်ပြီး ဇန်နဝါရီလ ၂၂ရက်နေ့မှ စတင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဒီတောင်းဆိုချက်ကို တခြားပြည်နယ်တိုင်းတွေက ကျောင်းသားတွေကလည်း ထောက်ခံဆန္ဒပြခဲ့ကြပါတယ်။ဇန်နဝါရီ ၂၅ရက်နေ့ မနက်ပိုင်းမှာ ရတနာပုံဆန္ဒပြကျောင်းသားတွေကို မန္တလေးတိုင်းအစိုးရအဖွဲ့က ထိန်းသိမ်းပြီး မိဘလက်ထံ ပြန်အပ်နှံခဲ့ပြီးတဲ့နောက်မှာတော့ ဇန်နဝါရီလ ၂၆ရက်နေ့ကစလို့ ရတနာပုံ၊ ရမည်းသင်း၊ မိတ္ထီလာ၊ မိုးညှင်းစတဲ့တက္ကသိုလ်ကျောင်းတွေက ဆန္ဒပြကျောင်းသူကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ကျောင်းကနေ ၂၀၁၇-၂၀၁၈ ပညာသင်ကြားခွင့် ရပ်စဲခဲ့တာမှာ ဒီကနေ့အထိဆိုရင် အယောက် လေးဆယ်ကျော် သွားပြီဖြစ်ပါတယ်။

အခုလို ကျောင်းသားတွေကို ဆက်တိုက်ဆိုသလို ကျောင်းအာဏာပိုင်တွေဘက်က ထုတ်ပယ်နေတာဟာ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရရဲ့ ဒီမိုကရေစီမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်ကပြောပါတယ်။

"ကျနော်တို့ကြားတာကတော့ အကုန်လုံးနီးပါးကို ထုတ်ထားတယ်လို့ကြားတယ်။ အခုအချိန်အထိတော့ တဖွဲဖွဲနဲ့ ထုတ်နေတာ အခုအချိန်အထိ အယောက် ၄၀ နီးပါးဖြစ်သွားပြီ။ အခုက ဖမ်းတော့မဖမ်းဘူး ဒါပေမယ့် ကျောင်းထုတ်လိုက်တာက အဲဒီကျောင်းသားတွေရဲ့ ဘဝကို သတ်ပစ်လိုက်တာပဲလို့ ကျနော်ကတော့ အဲလိုမြင်တယ်။ အခုသူတို့ကို ထုတ်တဲ့ ကျောင်းစည်းကမ်းတွေကရော အခုကျနော်တို့ ကျောင်းသားလူ့အခွင့်အရေးရှု့ထောင့်ကနေကြည့်ကြည့် ဘယ်လို ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ပဲ တိုင်းတာတိုင်းတာ ကိုက်ညီရဲ့လား။ ကျနော်တို့ သိတဲ့အခါကျတော့ ဒီမိုကရေစီစံချိန်စံနှုန်းတွေနဲ့ ပြည့်ဝမှုမရှိဘူး ကျောင်းသားလူ့အခွင့်အရေးရှု့ထောင့်ကနေကြည့်ရင်လည်း ဘယ်လိုမှ ပြည့်စုံတဲ့ စည်းကမ်းတွေမဟုတ်ပါဘူး။ အဲဒီတော့ ဒီစည်းကမ်းတွေကို ကျနော်တို့ လက်သင့်ခံလို့မရဘူး။ ဒီစည်းကမ်းတွေ ဘာကြောင့်ဖြစ်ရသလဲဆိုတဲ့ စစ်အာဏာရှင်အစိုးရအဆက်ဆက်က သူတို့ စစ်အာဏာ တည်မြဲဖို့အတွက် ဒါကျောင်းသားလှုပ်ရှားမှုတွေကို ချိုးနှိမ်ဖို့အတွက် ထုတ်ထားတဲ့ ကျောင်းစည်းကမ်းတွေလို့ ယူဆတယ်။ အဲဒီစည်းကမ်းတွေကိုပဲ ဒီမိုကရက်တစ်အစိုးရလို့ အမည်ခံတဲ့ ဒီ NLD အစိုးရက ဆက်ပြီးအသုံးပြု အခုလိုထုတ်နေတာဟာ စစ်အာဏာရှင်တွေရဲ့ လုပ်ထုံးလုပ်နည်းအတိုင်းလုပ်တယ်လို့ ကျနော်တို့အနေနဲ့ ယူဆပါတယ်။"

အခုလို ကျောင်းသားတွေကို ဆန္ဒထုတ်ဖော်လို့ ကျောင်းက ထုတ်ပယ်လိုက်တာဟာ ဒီမိုကရေစီအလေ့အထ ဒီမိုကရေစီစံနှုန်းတွေနဲ့ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်တဲ့ အာဏာရှင်အစိုးရအဆက်ဆက်က လုပ်ခဲ့တဲ့လုပ်ရပ်အတိုင်းပဲလို့ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေးနိုင်ငံလုံးဆိုင်ရာကွန်ရက် (NNER) က ကြေညာချက်ထုတ်ပါတယ်။ ကျောင်းသားတွေ ဂုဏ်သိက္ခာရှိရှိ အမြန်ဆုံးကျောင်းပြန်တက်ခွင့်ပေးဖို့ တောင်းဆိုတဲ့သဘောထားနဲ့ပတ်သက်ပြီး NNER က ပညာရေးသုတေသန မူဝါဒရေးရာမှူး မသူသူမာက အခုလိုပြောပါတယ်။

"လူထုတင်မြောက်ထားတဲ့အစိုးရ ဒါက ကိုယ်နဲ့ ဒီမိုကရေစီ လမ်းကြောင်းတလျောက်လုံးမှာ အတူလက်တွဲခဲ့တဲ့သူတွေက အစိုးရဖြစ်လာတာပေါ့နော်။ အဲဒီလိုမျိုးကာလမှာ ဒါမျိုးတွေလုံးဝမရှိတော့ဘူးလို့ မျှော်လင့်ထားတာပေါ့နော်။ ရိုးရိုးလေးပဲ အရင်တွေးရင်လေ အဲဒီတော့ တကယ်လို့ ကိုယ့်အစိုးရမဖြစ်ခင်ကာလမှာ ဒီလိုဖိနှိပ်ချုပ်ချယ် ပြီးတော့ ခြိမ်းခြောက်တဲ့ ဥပဒေတွေကို တက်လာတဲ့အစိုးရသည် ဒါဟာ မတရားတဲ့ ဥပဒေတွေ ၊ ပုဒ်မတွေ စည်းကမ်းစည်းမျဉ်းတွေကို ဖျက်သိမ်းပေးနိုင်တဲ့ အခွင့်အာဏာလည်း သူတို့ရသွားပြီဆိုပြီးတော့ ကျမတို့ မျှော်လင့်ထားတာပေါ့နော် ဒါပေမယ့် လက်တွေ့မှာတော့ အဲဒါကို ဆက်ပြီးကျင့်သုံးတဲ့ အစိုးရပဲ ဖြစ်နေတော့ တော်တော်လည်း နားမလည်နိုင်အောင်ဖြစ်တယ်။ စိတ်လည်း ပျက်မိတယ်။ အထူးသဖြင့် ဒီကျောင်းသားကိစ္စမှာ အရမ်းထင်ရှားသွားတယ်ပေါ့နော်။ တက်လာတဲ့ အစိုးရတိုင်းက ကျောင်းသားဆိုတာက ထစ်ကနည်းရှိ ဆူတယ်။ အစိုးရနဲ့ ကျောင်းသားကို ရန်သူသဖွယ်ဆက်ဆံတယ်ဆိုတဲ့ အယူအဆကလည်း မရှိသင့်ဘူးထင်တယ်။ ဒီလိုမျိုး နိုင်ငံကြီး အသွင်ကူးပြောင်းတဲ့ ကာလမှာလေ။"

ကျောင်းသားတွေအနေနဲ့ကတော့ သူတို့အဓိက တောင်းဆိုတဲ့ ပညာရေးအသုံးစရိတ်မြင့်တင်ပေးရေးအပါအဝင် ဦးသိန်းစိန်အစိုးရ လက်ထက်တုန်းက ငြိမ်းချမ်းစွာခရီးရှည်ချီတက်လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့တဲ့ ဒီမိုကရေစီပညာရေး စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒထုတ်ဖော်ခဲ့ကြတုန်းက တောင်းဆိုချက်( ၁၁)ချက်ကိုလည်း တပါတည်း တောင်းဆိုသွားမှာဖြစ်တယ်လို့ ဗကသအထွေထွေအတွင်းရေးမှူး ကိုကောင်းထက်ကျော်ကပြောပါတယ်။

" ပညာရေး တောင်းဆိုမှုတခုတည်းကတော့ ဒီပြဿနာကို ပြေလည်နိုင်မှာ မဟုတ်ဘူး ဒါ အရင်းခံပြဿနာမဟုတ်ဘူး ။ အရင်းခံပြဿနာကတော့ ကျနော်တို့ သပိတ်မှောက်ခဲ့တယ်၊ ဒီမိုကရေစီ ပညာရေး သပိတ်စစ်ကျောင်းတုန်းက တောင်းဆိုခဲ့တဲ့ (၁၁)ချက်ကို ဖြေရှင်းမှသာ အရင်းခံပြဿနာ ပြေမယ်။ ဒီ ၁၁ ချက်ကို ကျောင်းသားတိုက်ပွဲတွေ ကျောင်းသားလှုပ်ရှားမှုတွေ က နောက်နောင်မပေါ်ပေါက်မယ့် အကောင်းဆုံး နည်းနာလည်း ဖြစ်တယ် အဲဒါကြောင့် ကျနော်တို့ ဒီမိုကရေစီ ပညာရေး တောင်းဆိုခဲ့တဲ့ (၁၁)ချက်ကို အစိုးရအနေနဲ့ ဖြေရှင်းပေးပါလို့ တောင်းဆိုရတာပဲ ဖြစ်ပါတယ်။"

ကျောင်းသားတွေကို ကျောင်းထုတ်တာဟာ အကြောက်တရားဖြစ်လာအောင် တန်ပြန်ဖိနှိပ်အရေးယူမှုတရပ်ဖြစ်ပြီး ဒါဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးပုံရိပ်ကို ထိခိုက်စေနိုင်တာကြောင့် ပညာရေးဝန်ကြီးဌာန အဆင်မြင့်ပညာဦးစီးဌာနတို့အနေနဲ့ ကျောင်းထုတ်ခံကျောင်းသားတွေ ကျောင်းပြန်တက်ခွင့်ရဖို့ အမြန်ဆုံးဖြေရှင်းဆောင်ရွက်ဖို့ကိုလည်း တောင်းဆိုတဲ့သဘောထားကြေညာချက်ထုတ်ပြန်ပါတယ်။ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌလည်းဖြစ် ရတနာပုံတက္ကသိုလ်က အင်္ဂလိပ်စာဌာန ကထိကဦးသုတကလည်း ကျောင်းသားတွေအရေး အမြန်ဆုံးပြေလည်စေချင်တယ်လို့အခုလိုပြောပါတယ်။

"လောလောဆည်ဖြစ်နေတဲ့အပေါ်မှာ ကျနော်တို့အားလုံးအဆင်ပြေအောင်တော့ ကျောင်းပြန်လက်ခံပေးလိုက်ပေါ့နော် ။ အဲဒါဆိုရင်တော့ အဆင်ပြေသွားမှာပါ။ ဒီဘက်ကလည်း လက်ခံဖို့ရန်အဆင်သင့်ပဲ ဟိုဘက်က ကျောင်းသားတွေက ၂ ဦး ၂ ဖက်အဆင်ပြေမယ့် နည်းကိုပဲ ကျနော်တို့ ရှာရမှာပေါ့နော်။"

အခုအချိန်အထိကတော့ ကျောင်းသားအယောက်လေးဆယ်ကျော်ကို ၂၀၁၇-၂၀၁၈ ပညာသင်နှစ်မှစပြီး ထုတ်ပယ်ကြောင်း အကြောင်းကြားစာတွေကို ဆက်တိုက်ဆိုသလို ပါမောက္ခချုပ်ကိုယ်စား သင်တန်းရေးရာဌာနမှုးက ပါမောက္ခချုပ် ၊ ဌာနမှူး၊ ကျောင်းအုပ်တွေအားလုံးကို အကြောင်းစာတွေပေးပို့နေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG