သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလလုံခြုံရေးကောင်စီ ရခိုင်အရေး လေ့လာဖို့ အချိန်မတန်သေးဟု မြန်မာတုန့်ပြန်


ကုလလုံခြုံရေးကောင်စီ
ကုလလုံခြုံရေးကောင်စီ

ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာက အာရုံစိုက်ခံနေရချိန်မှာပဲ မြန်မာနိုင်ငံကို ဒီလထဲသွားရောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအလှည့်ကျဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပေမဲ့ အခုအချိန်ဟာ အချိန်မတန်သေးလို့ လာဖို့မသင့်တော်သေးဘူးဆိုပြီး မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။အခုရက်ပိုင်း အတွင်းမှာကို ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆောင်ရွက်နေတာတွေကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေကို သွားရောက်ပြသဖို့ စီစဉ်ထားတာလည်းရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။

ရခိုင်ပြည်နယ်အရေးကြောင့် နိုင်ငံတကာက အာရုံစိုက်ခံနေရချိန်မှာပဲ မြန်မာနိုင်ငံကို ဒီလထဲသွားရောက်ဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီအလှည့်ကျဥက္ကဋ္ဌက ကမ်းလှမ်းခဲ့ပေမဲ့ အခုအချိန်ဟာ အချိန်မတန်သေးလို့ လာဖို့မသင့်တော်သေးဘူးဆိုပြီး မြန်မာအစိုးရက ငြင်းဆန်လိုက်ပါတယ်။ အခုရက်ပိုင်း အတွင်းမှာကို ဒုက္ခသည်တွေ ပြန်လည်လက်ခံရေး ဆောင်ရွက်နေတာတွေကို ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့တွေကို သွားရောက်ပြသဖို့ စီစဉ်ထားတာလည်းရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီးက ပြောပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်။ အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ခဲ့ပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို နိုင်ငံတကာ စိုးရိမ်မှုတွေရှိနေတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသအရေး မြန်မာနိုင်ငံကို ကုလသမဂ္ဂ လုံခြုံရေး ကောင်စီက လာရောက်မယ့် အစီအစဉ်အပေါ် မြန်မာနိုင်ငံက မကန့်ကွက်ပေမဲ့လည်း ဒီလထဲမှာတော့ အချိန်မတန်သေးဘူးလို့ အကြောင်းပြန်ကြားခဲ့ကြောင်း လုံခြုံရေးကောင်စီရဲ့ အလှည့်ကျ ဥက္ကဋ္ဌ ကူဝိတ်နိုင်ငံက ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီး Mansour al-Otaibi က သတင်းထောက်တွေကို ပြောဆိုလိုက်တာပါ။

ကူဝိတ်နိုင်ငံ ကုလသမဂ္ဂဆိုင်ရာသံအမတ်ကြီးက သူ့အနေနဲ့ လုံခြုံရေးကောင်စီဥက္ကဋ္ဌအဖြစ် တာဝန်ယူထားစဉ်မှာ မြန်မာနိုင်ငံကို သွားနိုင်ဖို့ စီစဉ်ခဲ့တာ ဖြစ်တယ်လို့သူကပြောတာပါ။ ဒါပေမဲ့လည်း ဒီလထဲမှာတော့ မဖြစ်တော့ပါဘူး။ တခြားလုံခြုံရေးကောင်စီ အဖွဲ့ဝင်တွေက နောက်ပိုင်းမှာ စီစဉ်ကောင်း စီစဉ်ကြပါလိမ့်မယ်။ မတ်လ၊ ဧပြီလလောက်မှာ ဖြစ်ချင်လည်း ဖြစ်ပါလိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

မြန်မာအစိုးရဘက်က ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုယ်စားလှယ်အဖွဲ့အနေနဲ့ အခုချိန် မြန်မာနိုင်ငံကို ဘာကြောင့် သွားရောက်ဖို့ အချိန်မတန်သေးဘူးလို့ ဘာကြောင့်တုန့်ပြန်ခဲ့ရပါသလဲဆိုတာကို အမေရိကန်ပြည်ထောင်စု နယူးယောက်က ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်းကို ဆက်သွယ်မေးမြန်းကြည့်ပါတယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ဒီလိုရှိပါတယ်ခင်ဗျ။ လုံခြုံရေးကောင်စီက သွားဖို့ဆိုတာကတော့ အမှန်ကတော့ ကျနော်တို့ကို တရားဝင်အနေနဲ့ ပြောတာ ဘာညာလည်း မရှိပါဘူး။ တကယ်ကတော့ ဒီဇင်ဘာမှာ ထုတ်ပြန်လိုက်တဲ့ လုံခြုံရေးကောင်စီ ဥက္ကဌရဲ့ statement ပေါ့။ အဲဒီမှာက ဒီရခိုင်ဒေသအခြေအနေနဲ့ ပတ်သက်ပြီးတော့ လုံခြုံရေးကောင်စီကနေပြီးတော့ စောင့်ကြည့်ဖို့ ဆိုတဲ့ဟာ စာပိုဒ်လေးတခုရှိတယ်ပေါ့။ အဲဒါအပေါ် နင်းပြီးတော့မှ သူတို့က အခြေအနေဘယ်လိုရှိသလဲ ဘာညာလေ့လာချင်တဲ့သဘောပါပဲ။ အဲဒါကို အလွတ်သဘော ဖေဖော်ဝါရီလမှာ လုံခြုံရေးကောင်စီ ဥက္ကဌ ဆောင်ရွက်မယ့် ကူဝိတ်ကနေပြီးတော့ ကျနော်တို့ကို ချဉ်းကပ်ပြီးတော့ အခြေအနေဘယ်လိုရှိလဲ၊ ကျနော်တို့ ဒီ လုံခြုံရေးကောင်စီကနေပြီးတော့ အများကြီးမဟုတ်ပါဘူး၊ အစုအဖွဲ့လေး ၂ ယောက် ၃ ယောက်လောက် ဖြစ်ဖြစ် လာလို့ရမလားဆိုပြီးတော့ တီးခေါက်ပါတယ်။ တီးခေါက်တော့ ကျနော်တို့က ဒါကို ပြန်ပြောတာပါ။ ရခိုင်ကိစ္စနဲ့ မြောက်ပိုင်း မောင်တောကိစ္စနဲ့ ပတ်သက်ပြီးတော့ တဖက်နိုင်ငံကို ထွက်ပြေးသွားတဲ့လူတွေ ပြန်လည်လက်ခံရေးကိစ္စလည်းပဲ ကျနော်တို့ ၂ နိုင်ငံ ဆောင်ရွက်နေတာတွေ၊ တိုးတက်မှုတွေရှိတယ်။ နောက်ပြီးတော့ ပြန်လည် လက်ခံဖို့လည်း ကျနော်တို့က ပြင်ဆင်ထားပြီးသား အားလုံးလည်း အဆင်သင့်ဖြစ်ပြီ။ နောက် တချက်က ကျနော်တို့ ဒီ မကြာခင် ဒီအခုရက်ပိုင်းအတွင်းမှာပါပဲ။ အရှေ့အပတ်ထဲပေါ့ ဆိုရင် ကျနော်တို့က ဒီမောင်တောဒေသကို သံတမန်အဖွဲ့တွေကို ကျနော်တု့ိက လိုက်ပြဖို့ရှိပါတယ်။ ခေါ်ဆောင်ပြီးတော့လေ။ ကျနော်တို့ ပြန်လည်လက်ခံရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး နဲ့ ပတ်သက်လို့ ကျနော်တို့ ဆောင်ရွက်နေတဲ့ဟာတွေကို ကျနော်တို့က ဒီကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေ၊ နောက်ပြီးတော့ ကုလသမဂ္ဂတာဝန်ရှိတဲ့သူတွေပါ ကျနော်တို့ ခေါ်ပြီးတော့ ပြဖို့ အစီအစဉ်တွေ ရှိပါတယ်။ အဲဒါကြောင့် ကျနော် ဒါတွေ ဆောင်ရွက်နေပါတယ်။ အဲဒါကြောင့် ဒီအချိန်မှာတော့ ကျနော်တု့ိ လုံခြုံရေးကောင်စီအနေနဲ့လည်း လာဖို့ ကျနော်တို့ လိုအပ်ခြင်းမရှိဘူး။ ဒီအချိန်မှာတော့ မလိုအပ်ပါဘူးဆိုတဲ့ သဘောပဲ ကျနော်တို့က ကောင်းကောင်းမွန်မွန်နဲ့ ပြန်ပြောတာပါ။ ဒါ အလွတ်သဘောပဲ သူတို့က အလွတ်သဘောနဲ့ မေးတယ်၊ ကျနော်တို့က အလွတ်သဘောနဲ့ ပြန်ပြောတဲ့ သဘောပါပဲ။

မဆုမွန်။ ။ သံအမတ်ကြီးရှင် ပြီးခဲ့တဲ့ရက်က ရခိုင်ပြည်နယ် မောင်တောမြို့နယ်ထဲမှာ အစုလိုက်အပြုံလိုက် မြုပ်ထားတာတွေ့တယ်ဆိုပြီး အေပီသတင်းဌာနက ပြောပါတယ်။ ကျမတို့ဗွီအိုအေက ရခိုင်ပြည်နယ်အစိုးရက တာဝန်ရှိတဲ့သူကို မေးတဲ့အခါမှာ အခုသူတို့ကိုယ်တိုင် ကွင်းဆင်းပြီးသွားပြီး စစ်ဆေးတယ်ပေါ့နော်။ ဘာမှ မတွေ့ဘူး။ အဲ့တော့ အဲ့တာနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ဒီလိုမဟုတ်မမှန်ပြောတဲ့သတင်းဌာနတွေကို တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်မယ်လို့ ရခိုင်ပြည်နယ်အစိုးရဘက်ကပြောပါတယ်။ အဲ့တော့ သံအမတ်ကြီးအနေနဲ့ပေါ့နော် အခုလိုမျိုး ဒီဘက်က မေးခွန်းထုတ်လာတွေရှိတယ်။ ပြောဆိုလာတဲ့စွပ်စွဲချက်တွေရှိတယ်။ တကယ်လို့ အဲ့ဒီ့နေရာကို တိုက်ရိုက်သွားပြီး ကြည့်လိုက်မယ်ဆိုရင် ဒီစွပ်စွဲချက်တွေအပေါ် တစုံတရာ သက်ရောက်မှုရှိမယ်လို့ သံအမတ်ကြီးထင်ပါလား။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွမ်း။ ။ ကျနော်တို့ကတော့ နဂိုထဲကလည်း အစိုးရအနေနဲ့ ပြောထားပြီးသားပါပဲ။ ဥပဒေမဲ့ ပြုမူဆောင်ရွက်တာ ရှိလို့ရှိရင်လည်း ဘယ်သူပဲဖြစ်ဖြစ် ကျနော်တို့က အရေးယူဆောင်ရွက်ဖို့ အဆင်သင့်ရှိတယ် လုပ်မယ် အရေးယူဆောင်ရွက်မယ်ပေါ့။ ဥပဒေမဲ့ လူ့အခွင့်အရေးချိုးဖောက်တာတွေကို ဘယ်တော့မှ အားပေးတာမဟုတ်ဘူး။ ကျနော်တို့က ဒါတွေကို အမြဲတမ်း ဆန့်ကျင်ခဲ့တာ ဖြစ်တဲ့အခါကျတော့ အစိုးရအနေနဲ့ ဒါတွေကို သက်သေအထောက်အထားနဲ့ ကျနော်တို့ ပြနိုင်မယ်ဆိုရင် ကျနော် အရေးယူမယ်။ လိုအပ်တဲ့ ဥပဒေကြောင်းအရ အဲဒီ ကျနော်တို့ အရေးယူဆောင်ရွက်မယ်ဆိုတာကို ကျနော် နဂိုကတည်းက ပြောထားပြီးသား။ အခုစွပ်စွဲတာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ကတော့ စစ်ဆေး စုံစမ်းမေးမြန်းခြင်းလုပ်ရမယ့်ဟာကတော့ ကျနော်တို့ဖက်က တာဝန်ရှိတာ၊ လုပ်စရာရှိတာတော့ သူတို့ လုပ်နေတာပေါ့။ ဒီကိစ္စနဲ့ ပတ်သက်လို့ကတော့ သဘောထားမှတ်ချက်ပေးဖို့ကတော့ စောသေးတယ်လို့ ကျနော်ထင်တယ်။ ကျနော် ကိုယ်တိုင်က အခု ရခိုင်အစိုးရဖက်က ပြောတာလည်း ကျနော်မသိသေးဘူးဆိုတော့ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ကျနော် ဘာမှ မှတ်ချက်ပေးစရာမရှိဘူး။ ဒါ ကျနော်တို့ရပ်တည်ချက်ကတော့ ရှင်းတယ်။ ဟိုတလောကလည်း တပ်မတော်ကိုယ်တိုင်က တွေ့ရှိခဲ့တဲ့ အလောင်း ၁၀ လောင်းနဲ့ ပတ်သက်ပြီးတော့ စုံစမ်းစစ်ဆေးမှု အရေးယူတွေလုပ်မယ်ဆိုတဲ့ ကိစ္စကို တပ်မတော်ကိုယ်တိုင်က ပြောထားတာတွေ ရှိတယ်လေ။ ကျနော်တို့ကတော့ သက်သေအထောက်အထား ခိုင်လုံတယ်ဆိုရင်တော့ အရေးယူဆောင်ရွက်မှုကတော့ လုပ်မှာပါ။

ရခိုင်ပြည်နယ်ကို အချက်အလက်ရှာဖွေရေးအဖွဲ့ စေလွှတ်ဖို့အပါအဝင် သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့အစည်းတွေကို ဝင်ရောက်ခွင့်ပေးဖို့ မြန်မာအစိုးရကို ကုလသမဂ္ဂအပါအဝင် လူ့အခွင့်အရေးအဖွဲ့တွေက အစဉ်တစိုက်တောင်းဆိုနေခဲ့တာဖြစ်ပြီး မြန်မာအစိုးရဘက်ကတော့ လက်မခံနိုင်သေးတဲ့အခြေအနေ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG