သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု ကြားနာတဲ့တရားခွင် လုံခြုံရေး စနစ်တကျရှိသင့်ဟု ဥပဒေပညာရှင်တွေ တိုက်တွန်း


ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု ပါဝင်သူများ တရားရုံးထွက်လာစဉ် (မတ် ၂၄၊ ၂၀၁၇)
ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှု ပါဝင်သူများ တရားရုံးထွက်လာစဉ် (မတ် ၂၄၊ ၂၀၁၇)

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်မှာ တရားရုံးထုတ်ချိန် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဖမ်းဆီးတရားခံတွေကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက်ရှေ့နေတွေ လျှောက်လဲခဲ့ကြပြီး ရှေ့လာမယ့် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်မှာဖြစ်ပါတယ်။

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်မှာ တရားရုံးထုတ်ချိန် ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ဖမ်းဆီးတရားခံတွေကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက်ရှေ့နေတွေ လျှောက်လဲခဲ့ကြပြီး ရှေ့လာမယ့် ရုံးချိန်းမှာ တရားသူကြီးက ဆုံးဖြတ်မှာဖြစ်ပါတယ်။ အမှုအတွက် အရေးကြီးတဲ့အချိန် ရောက်လာချိန်မှာ တရားခွင်ရဲ့လုံခြုံရေးကို အထူးတင်းကြပ်ပြီး လုံခြုံရေး စနစ်တကျ ဆောင်ရွက်ပေးသင့်တယ်လို့ ဥပဒေပညာရှင်တွေက အကြံပြုပါတယ်။ ဒီကနေ့ ရုံးထုတ်ချိန် လူတချို့ တရားရုံးကိုရောက်လာပြီး ဆင်တူစာသားပါ တီရှပ်တွေကို ဝတ်ဆင်ပြီး တရားခံတွေကို ဝန်းရံခဲ့တာဟာ လုံခြုံရေးအတွက် စိုးရိမ်စရာရှိပြီး ခြိမ်းခြောက်မှုဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ တရားလိုရှေ့နေကပြောပါတယ်။ မဆုမွန် ဆက်ပြောပြပေးပါမယ်။

အာဏာရပါတီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့ ဥပဒေအကြံပေး ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရလို့ သေဆုံးသွားတာ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ရက်နေ့ကဆို တနှစ်တိတိရှိသွားပြီဖြစ်ပါတယ်။ ဦးကိုနီကို ရန်ကုန်လေဆိပ်မှာ သေနတ်နဲ့ပစ်ခတ်လုပ်ကြံခဲ့တဲ့ တရားခံ ကြည်လင်းကို ဝိုင်းဝန်းဖမ်းဆီးပေးခဲ့တဲ့ တက္ကစီယာဉ်မောင်းကိုနေဝင်းလည်း သေဆုံးခဲ့ရပါတယ်။ လုပ်ကြံခဲ့သူကြည်လင်းအပါအဝင် ဒီလုပ်ကြံမှုမှာ ကြံရာပါအဖြစ် ပူးပေါင်းကြံစည်သူလို့သံသယရှိသူတွေကိုပါ ဖမ်းဆီးပြီး သက်သေ ၈၀ကျော်ကို စစ်ဆေးပြီး တရားရုံးထုတ်စစ်ဆေးလာတာ အကြိမ်လေးဆယ်ကျော်ရှိသွားပြီဖြစ်ပါတယ်။

ဒီကနေ့ သောကြာနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှာ တရားလိုပြသက်သေတွေကို စစ်ဆေးပြီးဖြစ်တဲ့အတွက် တရားခံနဲ့အပေါင်းပါ တရားခံလို့ယူဆသူတွေကို စွဲချက်တင်သင့်၊ မတင်သင့် နှစ်ဘက်ရှေ့နေတွေဘက်က လျှောက်လဲခဲ့ကြပါတယ်။ လာမယ့် ဖေဖော်ဝါရီလ ၉ရက်နေ့ ရုံးချိန်းမှာတော့ တရားသူကြီးက ဒီအမှုကို စွဲချက်တင်-မတင် ဆုံးဖြတ်နိုင်ခြေရှိတယ်လို့ကိုနေဝင်းဘက်က တရားလိုရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်က အခုလိုပြောပြပါတယ်။

" အခုအဆင့်က စွဲချက်တင်သင့်-မတင်သင့် အဆင့်ရောက်လာတယ်။ ပြောမယ်ဆိုရင် အမှုတဝက်ရောက်တာပေါ့ဗျာ လာမယ့်၉ ရက်နေ့မှာ စွဲချက်နဲ့ ပတ်သက်တဲ့အမှု တစုံတရာချမှတ်မယ်။ အဲဒါပြီးရင် ရှေ့ကို ဆက်သွားတော့မှာပေါ့ ။ အမှုက ပြီးခါနီးလာလေ ပြဿနာတွေ တက်လာလေ။ ဖွဲ့စည်းပုံ ဥပဒေ ပုဒ်မ ၁၉ မှာ လွှတ်လပ်စွာ တရားစီရင်ရေးလို့ပြောထားတယ်။ အဲဒီတော့ လွတ်လပ်စွာ တရားစီရင်ရေးကို လွတ်လွတ်လပ်လပ် တရားမစီရင်နိုင်အောင် အမှုကို မတည်ဆောက်နိုင်အောင် နော် ဒါခြိမ်းခြောက်မှု သဘောမျိုးဖြစ်နေတယ်။ အဲဒီတော့ တရားသူကြီးတွေ အစိုးရရှေ့နေတွေ နောက်ပြီးတော့ တာဝန်ကျနေတဲ့ ရဲတွေကို ဒါ သွယ်ဝှိက်သောအားဖြင့် ဒါခြိမ်းခြောက်ရာရောက်နေတယ်။ ဒါကို အချိန်မီမှ ရဲတပ်ဖွဲ့က မထိန်းသိမ်းနိုင်ဘူးဆိုရင် ရုန်းရင်းဆန်ခတ် ဖြစ်ပြီးတော့ တရားခံတွေ လွတ်မြောက်ရာလွတ်မြောက်ကြောင်း ဖြစ်သွားစေနိုင်တယ်။"

ဒီကနေ့ ရန်ကုန်မြောက်ပိုင်းခရိုင်မှာ တရားခံတွေကို ရုံးထုတ်စစ်ဆေးချိန် လူ(၄)ဦးခန့်က “ မင်းတို့ ထမင်းဝအောင် စားထား” ဆိုတဲ့ စာတမ်းပါ တူညီတီရှပ်တွေကို ဝတ်ဆင်ပြီး တရားခွင်အနီးကို လာရောက်ခဲ့တဲ့အတွက် လုံခြုံရေးတာဝန်ယူထားတဲ့ ရဲအရာရှိက သတိပေးခဲ့ရပါတယ်။ အခုလို ခြိမ်းခြောက်တဲ့စကားဆန်တဲ့စာသားတွေပါတဲ့ တီရှပ်တွေ ဝတ်ဆင်ပြီး လာရောက်ခဲ့တဲ့အပေါ် တရားလိုပြသက်သေတွေ၊ တရားခံ တရားလိုရှေ့နေတွေနဲ့ တရားခံတွေအတွက် လုံခြုံရေးဟာ အထူးစိုးရိမ်စရာကောင်းတဲ့ အနေအထားဖြစ်လာနေတယ်လို့ ဦးရောဘတ်စန်းအောင်ကပြောပါတယ်။

"ဒီလို တီရှပ်တွေနဲ့ campaign လုပ်လာတာက ဥပဒေကို မထင်မဲ့မြင်ပြုရာကျတယ်။ အဲဒါကြောင့်မို့လို့ လေးလေးနက်နက် စဉ်းစားပြီးတော့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့က ကြိုတင်စီမံမှုတွေ ပြုလုပ်သင့်ပြီ။ စစ်ဆေးနေချိန် ရုံးမှာ ဒီလိုလုပ်တာဟာ တော်တော်လေးကို စနစ်ကျွံသွားပြီ ၊ ဘောင်ကျွံသွားပြီပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ပမာမခန့်ပြုတာ။ ဒါက ရဲက အထက်ရဲတပ်ဖွဲ့ကိုကြောင်းကြားပြီးတော့ အင်အားသုံး ဖယ်ရှားပစ်ရမယ်။ လိုအပ်ပါက တရားဥပဒေကြောင်းအရ အရေးယူဆောင်ရွက်ရမည်။ အဲဒီလိုမဟုတ်ဘူးဆိုရင်တော့ ဒီအမှုမှာ လွတ်လွတ်လပ်လပ် ရှင်းပြနိုင်ဖို့လမ်းကြောင်းတွေ ပေါ်လာမယ်။ ပြည်သူတွေဟာ ဥပဒေနဲ့အညီ တုံ့ပြန်ပြီးတော့ ဝိုင်းရံကြဖို့လိုပြီလို့ ကျနော်ပြောချင်ပါတယ်။"

အခုလို အမှုကို စွဲချက်တင်သင့်၊ မတင်သင့်ဆုံးဖြတ်တော့မယ့် အရေးကြီးတဲ့အချိန်ရောက်လာတဲ့အချိန်မှာတော့ တရားခွင်ကို ဒီ့ထက်ပိုပြီး တင်းကျပ်တဲ့ အထူးခုံရုံးတရားရုံးအဖြစ် လုံခြုံရေးအစီအမံထူထပ်စွာနဲ့ သက်ဆိုင်တဲ့ တာဝန်ရှိသူတွေဘက်က အလေးအနက်ထား ဆောင်ရွက်သင့်ပြီလို့လည်း မြန်မာနိုင်ငံရှေ့နေများကွန်ရက်က ရှေ့နေကြီးဦးသိန်းသန်းဦးက အကြံပြုပါတယ်။

"ထမင်းဝအောင် စားထား” ဆိုတဲ့ တီရှပ်တွေ ဝတ်ထားတယ်ပေါ့နော်။ ဘာအဓိပ္ပါယ်နဲ့လဲ ပေါ့။ ကျနော်က ၂ မျိုးစဉ်းစားတယ်။ ကြည်လင်းတို့ကို ပဲ “ ထမင်းဝအောင် စားထား” လို့ ခြိမ်းခြောက်တဲ့သဘောလား။လို့ စဉ်းစားလို့ရတယ်။ သို့ရာတွင် အဲလိုတွေ လာလုပ်တာကတော့ သိပ်မကောင်းဘူးပေ့ါဗျာ။ လုံခြုံရေးကတော့ ဒီ့ထက် တင်းတင်းကျပ်ကျပ်ဖြစ်သင့်တာပေါ့ဗျာ။ အထူးတရားရုံးနဲ့ ဖြစ်သင့်တယ်။ အထူးတရားရုံးဆိုတာက လုံခြုံရေးကလည်း တင်းကျပ်သင့်တယ်ပေါ့ဗျာ။ အများဝင်လို့မရအောင် ထောင်အဝကစစ်တာတို့ပေါ့ဗျာ ၊ လုံခြုံရေးက ဒါမျိုးဖြစ်သင့်တယ်လို့ ကျနော်ထင်တယ်။ အဲဒီမှာ ပိုလုံခြုံလိမ့်မယ်လို့ထင်တယ် သက်သေတွေရဲ့ လုံခြုံရေး ၊ ရှေ့နေ တွေရဲ့ လုံခြုံရေး ။ လာထွက်တဲ့ သက်သေ ဘယ်ဘက်က သက်သေပဲ ဖြစ်ဖြစ်ပေါ့နော်။ နောက်တခါတရားခံ တွေရဲ့ လုံခြုံရေးကိုလည်း ကျနော်စိတ်ပူတယ်ခင်ဗျ။ ဒါပြောမရဘူးလေ။ ကြည်လင်းကို သတ်ပစ်ရင်လည်း ပစ်နိုင်တာပဲဗျာ ဇာတ်လမ်းကပြတ်သွားမှာပေါ့။ အဲဒါက မပြောနိုင်ဘူး ၊ မပြောနိုင်တော့ တကယ်တမ်းတော့ ဒီလိုမစစ်သင့်ဘူး။"

ပြန်ကြားရေးဝန်ကြီးပါ ပါဝင်တဲ့ နိုင်ငံတော်အစီအစဉ်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာ လေဆိပ်လို လူစည်ကားတဲ့နေရာမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ပြီး လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ ဦးကိုနီအမှုမှာ ပူးပေါင်းကြံစည်သူလို့ယူဆရသူ အောင်ဝင်းခိုင်ကတော့ လွတ်မြောက်နေဆဲဖြစ်ပြီး တရားခံကြည်လင်းနဲ့တကွ အောင်ဝင်းဇော်၊ အောင်ဝင်းထွန်း၊ ဇေယျာဖြိုးတို့ကို ရာဇသတ်ကြီးပုဒ်မ လူသတ်မှုပုဒ်မ ၃၀၂ (၁) ၃၀၂ (၂) ဒီလူသတ်မှုကို တင်ကူးကြံရွယ်ချက်နဲ့ အားပေးကူညီမှု ပုဒ်မ ၃၀၂ ၊၃၄ တို့ အပြင် လက်နက်မှု ပုဒ်မ၁၉ ( ဃ) (စ) နောက် အောင်ဝင်းခိုင်ထွက်ပြေးမှုမှ ထွက်ပြေးတရားခံကို အားပေးကူညီမှု ပုဒ်မ ၂၁၂တို့နဲ့ပါ တရားစွဲဆိုဖို့ စွဲချက်တင်နိုင်ရေး တရားလိုရှေ့နေတွေက ကြိုးပမ်းနေကြတာဖြစ်ပါတယ်။ တရားခံရှေ့နေဘက်ကတော့ တရားခံလို့ယူဆသူတွေကို ခိုင်လုံတဲ့သက်သေမရှိတဲ့အတွက် စွဲချက်မတင်ခင် အမှုက လွှတ်ပေးဖို့ကိုလည်း ဒီကနေ့ တရားခွင်မှာ တောင်းဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG