သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်တုပ်ကွေးရာသီ ကလေး ၅၃ ယောက်သေဆုံး


ွှအမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ကုသနေတဲ့လူနာတဦး (ဇန်နဝါရီ ၁၀ ရက် ၂၀၁၈)
ွှအမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားပြည်နယ်မှာ တုပ်ကွေးရောဂါကြောင့် ဆေးရုံတက်ကုသနေတဲ့လူနာတဦး (ဇန်နဝါရီ ၁၀ ရက် ၂၀၁၈)

အမေရိကန်ပြည်ထောင်စုမှာ ကူးစက်ပျံ့နှံ့နေတဲ့ တုပ်ကွးဟာ ပြီးခဲ့တဲ့ သတင်းပတ်အတွင်းမှာ ပိုဆိုးလာပြီး ၁၀ နှစ်နီးပါးကာလအတွင်းမှာ ဆေးရုံတက်ရတဲ့ လူနာအရည်အတွက် အများဆုံးအခြေအနေကို ရောက်လာတယ်လို့ အမေရိကန်ကျန်းမာရေးအရာရှိတွေက ပြောပါတယ်။

ဇန်နဝါရီလ ၂၇ ရက်နေ့ အဆုံးသတ်တဲ့ သတင်းပတ်တခုတည်းမှာပဲ ဒီတုပ်ကွေးကြောင့် ကလေး ၁၆ ယောက် သေဆုံးသွားရပြီး ဒီတုပ်ကွေးရာသီအတွင်းမှာ သေဆုံးရတဲ့ ကလေးပေါင်း ၅၃ ဦး ရှိသွားပြီလို့ ရောဂါထိန်းချုပ်ရေးနဲ့ ကာကွယ်ရေးဌာန CDC က မနေ့က သောကြာနေ့မှာပဲ ထုတ်ပြန်သွားတဲ့ CDC ရဲ့ တပတ်တာအစီရင်ခံစာမှာ ပြောထားပါတယ်။ ဒီတုပ်ကွေးကြောင့် လူတသိန်းမှာဆိုရင် လူ ၅၁ ယောက် ဆေးရုံတက်ရတာကြောင့် အရင်က အခြေအနေသိပ်ဆိုးခဲ့တဲ့ ၂၀၁၄-၂၀၁၅ တုတ်ကွေးရာသီက အရည်အတွက်ထက်တောင် ပိုများနေတာပါ။ အဲဒီတခါက်တုန်းက ဆိုရင် လူပေါင်း ၇ သိန်းကျော် တုတ်ကွေးကြောင့် ဆေးရုံတက်ရပြီး ကလေး ၁၄၈ ဦး သေဆုံးခဲ့ရတာပါ။ ဆေးရုံတက်ရသူတွေထဲမှာ အသက် ၆၅ နှစ်ကျော်အရွယ်တွေက အများဆုံးဖြစ်ပြီး အဲ့နောက်မှာတော့ အသက် ၅၀ နဲ့ ၆၄ နှစ်ကြားအုပ်စုက ဒုတိယ နောက် အသက် ၅ နှစ်အောက် ကလေးငယ်တွေက တတိယနေရာက လိုက်ပါတယ်။

အခုဆိုရင် အမေရိကန်မှာ တုတ်ကွေးရာသီဝင်တာ သတင်း ၁၀ ပတ်ရှိပြီ ဖြစ်ပြီး ဒီရာသီကုန်ဖို့ သတင်းပတ်တော်တော်များများ ကျန်ပါသေးတယ်။ ဒီတခေါက်တုပ်ကွေးပြင်းထန်ရတာက တော့ A H3N2 ရောဂါပိုးအမျိုးအစားကြောင့် ဖြစ်ပြီး အရင်တုန်းက အတွေ့အကြုံအရ ပြောရမယ်ဆိုရင် ဒီအမျိုးအစားကြောင့် အသက်ကြီးသူတွေ အရမ်းငယ်သေးတဲ့ကလေးတွေ အသေအပျောက်များပါတယ်။ ဒီတုပ်ကွေးဟာ ပြည်နယ် ၄၈ ပြည်နယ်မှာ ပျံ့နှံ့နေပြီး အရင်သတင်းပတ်ကတော့ ၄၉ ပြည်နယ်မှာ ပျံ့နှံ့နေခဲ့တာပါ။

ဒါ့ကြောင့် လူတွေနေမကောင်းဖြစ်ကြပြီဆိုရင် သူများကိုမကူးအောင် ကိုယ့်အိမ်မှာပဲကိုယ်နေကြဖို့ လက်ကိုမကြာခဏဆေးပြီး ချောင်းဆိုးတာ နှာချေတာတွေဆိုရင် ပါးစပ်ကိုအုပ်ဖို့ သတိပေးထားပါတယ်။ ပြီးတော့ ကာကွယ်ဆေးထိုးဖို့ နောက်မကျသေးဘူးလို့လည်း CDC က ကြေညာထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG