သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလကိုယ်စားလှယ်ရဲ့ ဒုက္ခသည် မှတ်ချက် ထိုင်းနိုင်ငံခြားရေးကန့်ကွက်


ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များ
ထိုင်းနိုင်ငံ ဒုက္ခသည်စခန်းမှ ကလေးငယ်များ

ထိုင်းနိုင်ငံတွင်း ခိုလှုံနေကြရတဲ့ မြန်မာ ဒုက္ခသည်တွေဟာ အခြေခံ လူ့အခွင့်အရေးတွေတောင် မရဘူးလို့ မြန်မာဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ပြောဆိုခဲ့တဲ့ အပေါ် ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဒီကနေ့ ကန့်ကွက်လိုက်ပါတယ်။ ဒီပြောဆိုချက်ဟာ မျှတ၊ မှန်ကန်မှု မရှိဘူးလို့ ပြောဆိုလိုက်တာပါ။

ဘက်လိုက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ မြန်မာ အစိုးရက ပြည်ဝင်ခွင့် မပေးတော့တဲ့ မြန်မာဆိုင်ရာ ကုလလူ့အခွင့်အရေး အထူးကိုယ်စားလှယ် ယန်ဟီးလီက ဘင်္ဂလားဒေရှ့်နဲ့ ထိုင်းနိုင်ငံတို့ကို ပြီးခဲ့တဲ့ လအတွင်း သွားရောက်ပြီး အစိုးရ တာဝန်ရှိသူတွေ၊ ဒုက္ခသည်တွေနဲ့ တွေ့ဆုံပြီး ခရီးစဉ် အဆုံးသတ် အစီရင်ခံစာကို ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာပါ။ ထိုင်းအစိုးရ အနေနဲ့ သက်ဆိုင်သူ အားလုံးနဲ့ အပြုသဘောဆောင် ဆွေးနွေးမှု၊ ယုံကြည်မှု တည်ဆောက်ခြင်း၊ အပြုသဘောဆောင် စေ့စပ်ဆွေးနွေးမှုတွေကို ယုံကြည်ထားပြီး ဒီယုံကြည်ချက်ကြောင့် ကုလ အထူးကိုယ်စားလှယ်နဲ့ ထိုင်းအစိုးရ ကိုယ်စားလှယ်တွေ တွေ့ဆုံနိုင်အောင် စီစဉ်ပေးခဲ့တာလို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ထိုင်းအစိုးရ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော် မြန်မာဒုက္ခသည် ၁ သိန်းကျော်ကို လက်ခံခဲ့ကြောင်း၊ အများအပြားက ထိုင်းနိုင်မှာ မွေးဖွားခဲ့ကြခြင်း ဖြစ်ကြောင်း၊ ဒီလူတွေ အားလုံးဟာ နေရာထိုင်ခင်း၊ စားနပ်ရိက္ခာ၊ ပညာရေး၊ ကျန်းမာရေး၊ မွေးစာရင်း၊ ကိုးကွယ်ခွင့် အားလုံး ရရှိတယ်လို့ ထိုင်းနိုင်ငံခြားရေး ဌာနက ပြောဆိုပါတယ်။ ဒီလူတွေ အပြင် ထိုင်းနိုင်ငံမှာ မြန်မာ ရွှေ့ပြောင်း လုပ်သား ၁ သန်းကျော်လည်း လက်ခံထားရတယ်လို့ ပြောဆိုပါတယ်။ ဒုက္ခသည်တွေ ဌာနေပြန်ရေးလုပ်ငန်းစဉ်ဟာ ဘေးကင်းလုံခြုံမှု ရှိရှိ ဂုဏ်သိက္ခာနဲ့ အညီ ကိုယ့်သဘောဆန္ဒ အလျောက် ဖြစ်စေရေးကို ထိုင်းနိုင်ငံ အနေနဲ့ အမြဲ လိုက်နာကြောင်းလည်း ပြောဆိုထားပါတယ်။

မြန်မာ ဆိုင်ရာ ကုလသမဂ္ဂ အထူးစုံစမ်းရေးမှူး ယန်ဟီးလီ အနေနဲ့ ကုလ လူ့အခွင့်အရေး ကောင်စီကို အစီရင်ခံစာ တင်သွင်းတာမှာတော့ ဒုက္ခသည်တွေ အပေါ် တော်ဝင် ထိုင်းအစိုးရရဲ့ ဆောင်ရွက်ချက်တွေ၊ ထိုးပြည်သူတွေဘက်က သဘောထား ကြီးကြီးနဲ့ လက်ခံထားတာတွေကို ထင်ဟပ်ပြီး မျှမျှတတ ဆောင်ရွက်ဖို့ မျှော်လင့်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက တုံ့ပြန် ကြေညာချက် ထုတ်တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG