သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘင်္ဂလားဒေ့ရ်ှဝန်ကြီးချုပ်ဟောင်း ထောင် ငါးနှစ်အမိန့်ချခံရ


တရားရုံးကို ရောက်လာတဲ့ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ။
တရားရုံးကို ရောက်လာတဲ့ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ။

ဘင်္ဂလားဒေရှ့် ဝန်ကြီးချုပ်ဟောင်း Khaleda Zia ကို အဂတိလိုက်စားမှု စွဲချက်နဲ့ ထောင်ဒဏ် ၅ နှစ် စီရင်ချက် ချလိုက်ပါတယ်။ မြို့တော် ဒါကာက တရားရုံး တခုကနေ အသက် ၇၂ နှစ် အရွယ် ဝန်ကြီးချုပ်ဟောင်း Zia ကို ဒီကနေ့ ကြာသပတေးနေ့မှာ စီရင်ချက် ချလိုက်တာပါ။ ဝန်ကြီးချုပ် အဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ် အတွင်း မိဘမဲ့ ဂေဟာ တခုအတွက် စုထားတဲ့ ရံပုံငွေထဲကနေ ဒေါ်လာ ၂ သိန်းခွဲ အလွဲသုံးစား လုပ်ခဲ့မှုနဲ့ ပြစ်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။

အမှုနဲ့ ဆက်စပ်နေတဲ့ ဝန်ကြီးချုပ်ဟောင်း Zia ရဲ့ သားဖြစ်သူ Tarique Rahman နဲ့ တခြားသူ လေးဦးတို့ကိုလည်း ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်ခဲ့ပါတယ်။ သားဖြစ်သူ ကတော့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်မှာ တိမ်းရှောင်နေတာပါ။ အတိုက်အခံ ဘင်္ဂလားဒေရှ့် အမျိုးသားရေး ပါတီရဲ့ ခေါင်းဆောင် ဝန်ကြီးချုပ်ဟောင်း Zia အနေနဲ့ အခု ပြစ်ဒဏ် စီရင်ချက်ကြောင့် ဒီဇင်ဘာမှာ ကျင်းပမယ့် ရွေးကောက်ပွဲမှာ ပါဝင် ယှဉ်ပြိုင်လို့ ရမှာမဟုတ်ပါဘူး။

သူမရဲ့ ရှေ့နေကတော့ ဒီအမှုက နိုင်ငံရေး ပရောဂ ပါတယ်လို့ ပြောဆိုထားပါတယ်။ ဒီကနေ့ ကြာသပတေးနေ့ ဝန်ကြီးချုပ်ဟောင်း Zia ကို ရုံးထုတ်တာမှာတော့ ထောင်နဲ့ချီတဲ့ သူမကို ထောက်ခံသူတွေက ဒါကာမြို့တော်က လမ်းမတွေပေါ်ထွက်ခဲ့ကြသလို တရားရုံးကို သွားတဲ့ သူမရဲ့ ကားဘေးကနေ လိုက်ပါခဲ့တယ်။ မြို့တော်တဝန်းမှာတော့ လုံခြုံရေးကို တင်းတင်းကျပ်ကျပ် ချထားခဲ့ပါတယ်။ ဝန်ကြီးချုပ်ဟောင်း Zia ကို ကြားနာစစ်ဆေးမှု မတိုင်ခင်မှာတော့ ဆန္ဒပြသူတွေကို ရဲက မျက်ရေယိုဗုံးနဲ့ ဖြိုခွဲခဲ့ပါတယ်။

XS
SM
MD
LG