ရိုးသားပြီး ဆုံးဖြတ်ချက် ပြတ်သားတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ လုပ်ပိုင်ခွင့်နဲ့ပတ်သက်ပြီး အကန့်အသတ်တွေ ရှိနေပါတယ်လို့ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ အကောင်အထည်ဖော်ရေး ကော်မတီရဲ့အကြံပေးအဖွဲ့ရဲ့ ဥက္ကဋ္ဌဖြစ်တဲ့ ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဟောင်း Surakiart Sathirathai ပြောကြားလိုက်ပါတယ်။ တပ်မတော်ရေးရာတွေမှာ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ထိန်းချုပ်ခွင့်မရှိသလို ဒေသတွင်းဖြစ်ပွားတဲ့ ပဋိပက္ခတွေ တိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး လုပ်ပိုင်ခွင့် မရှိတဲ့အတွက် ဘာအမိန့်မှ ပေးလို့မရဘူး လို့လည်း ပြောပါတယ်။
ရခိုင်ပြည်နယ် ပြသနာကို ဖြေရှင်းဖို့အတွက် ဒေါ်အောင်ဆန်းစုကြည်ဟာ အစိုးရအရာရှိတွေ၊ တပ်မတော်၊ ရဲတပ်ဖွဲ့၊ လူမျိုးစုအုပ်စုတွေနဲ့ အတူ လက်တွဲပြီး လုပ်ဆောင်ချင်နေတယ် လို့လည်း ပြောပါတယ်။ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး ဒီဖြစ်ရပ် ဇာတ်လမ်းတွေ အတွက် နိုင်ငံတကာအသိုင်းအဝိုင်းနဲ့ မြန်မာအစိုးရတို့ကြား ကွာဟမှုက ကြီးမားနေတာမို့ သူတို့အဖွဲ့က ဒီကွာဟမှုတွေကို ကျဉ်းမြောင်းအောင် လုပ်ပေးဖို့ရှိတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲက ထိခိုက်တဲ့နေရာတွေကို မီဒီယာတွေ သွားရောက်ခွင့်ဟာ သိပ်ကိုအရေးပါတာမို့ ဒီလိုသွားရောက်ခွင့်ရအောင် အကြံပေးနေတယ်လို့ မစ္စတာ Surakiart Sathirathaiက ပြောပါတယ်။ ဒါ့အပြင် ကုလသမဂ္ဂ အေဂျင်စီတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ် မလုပ်ပဲနဲ့ နီးကပ်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့ လိုအပ်ကြောင်းလည်း ပြောကြားခဲ့တာပါ။