အရှေ့တောင်အာရှဒေသရဲ့ နိုင်ငံပေါင်းစုံအကြီးဆုံးစစ်ရေးလေ့ကျင့်မှုကြီးမှာ ထိုင်းနဲ့ အမေရိကန်တပ်ဖွဲ့တွေနဲ့အတူ တောင်ကိုရီးယားတပ်ဖွဲ့တွေပါ ပူးပေါင်းပါဝင်ခဲ့ပါတယ်။ ကမ်းတက်ရေယာဉ်တွေကို ထည့်သွင်းအသုံးပြုတဲ့ ဒီစစ်ရေးလေ့ကျင့်မှုကို ဒီကနေ့ စနေနေ့မှာ ပြုလုပ်သွားတာပါ။
ကိုးရီးယားကျွန်းဆွယ်ဒေသမှာ တင်းမာမှုတွေ အထူးမြင့်မားချိန်မှာပဲ အခုလို အရှေ့တောင်အာရှက စစ်ရေးလေ့ကျင့်မှုမှာ တောင်ကိုရီးယားတပ်ဖွဲ့တွေ ပါဝင်တာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအရှေ့ခြမ်းမှာ ပြုလုပ်တဲ့ ထိုင်းနဲ့အမေရိကန် ကမ်းတက်စစ်သား ၂၀၀၀ ရဲ့ Cobra Gold ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ၂၀၁၀ ခုနှစ်ကတည်းက တောင်ကိုရီးယားက ပါဝင်လာတာဖြစ်ပြီး ဒီနှစ်တော့ အရင်နှစ်တွေက အရည်အတွက်ထက် ပိုများပြီး တောင်ကိုရီးယားစစ်သား ၃၀၀ ပါဝင်လာပါတယ်။ နိုင်ငံပေါင်း ၂၉ နိုင်ငံက တပ်ဖွဲ့ဝင်ပေါင်း တသောင်း နှစ်ထောင်နီးပါး ဒီနှစ်စစ်ရေးလေ့ကျင့်မှုမှာပါဝင်ပြီး အမေရိကန်၊ ထိုင်း၊ မလေးရှား၊ စင်္ကာပူ၊ အင်ဒိုနီးရှား၊ ဂျပန် နဲ့ တောင်ကိုးရီးယားတို့ အဓိကပါဝင်တဲ့ ၇ နိုင်ငံဖြစ်ပါတယ်။
ဒီကနေ့ပြုလုပ်တဲ့ ရေယာဉ်တွေထဲမှာတော့ ကုန်းပေါ်မှာပါမောင်းနှင်လို့ရတဲ့ အမေရိကန်ကမ်းတက်ရေယာဉ် USS Bonhomme Richard နဲ့ တောင်ကိုးရီးယား ရေပြင်မြေပြင်မောင်း ရေယာဉ် Cheon Ja Bong တို့လည်း ပါဝင်ပါတယ်။ တပတ်ကြာပြုလုပ်တဲ့ ဒီလေ့ကျင့်မှုကို ထိုင်းအရှေ့ပိုင်း ချွန်ဘူရီခရိုင်က တော်ဝင်ထိုင်း ကမ်းတက်တပ်ဖွဲ့ အခြေစိုက်စခန်းမှာ ပြုလုပ်ပါတယ်။
ဒီစစ်ရေးလေ့ကျင့်မှု လုပ်ရတာရဲ့ အဓိက ရည်ရွယ်ချက်ကတော့ လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ဖို့၊ ငြိမ်းချမ်းရေးထိန်း တပ်ဖွဲ့ ဖွဲ့စည်းနိုင်ရေး၊ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးနဲ့ သဘာဝဘေးအန္တရာယ် ကူညီကယ်ဆယ်ရေးတွေ အတွက် အသင့်အနေအထားရှိအောင် ဖြစ်ပါတယ်။