သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Boko Haram ဖမ်းထားတဲ့ နိုင်ဂျီးရီးယားကျောင်းသူအချို့ ကယ်တင်


Boko Haram စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ ကျောင်းသူတွေထဲက တချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့

နိုင်ဂျီးရီးယားနိုင်ငံမှာ ဒီသီတင်းပတ် အစောပိုင်းက စာသင်ကျောင်းတွေကို ၀င်ရောက်တိုက်ခိုက်ပြီး Boko Haram စစ်သွေးကြွအဖွဲ့က ဖမ်းဆီးသွားတယ်လို့ဆိုတဲ့ ကျောင်းသူတွေထဲက တချို့ကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ဖက် Yobe ပြည်နယ်၊ Dapchi မြို့က အစိုးရပိုင် အမျိုးသမီး သိပ္ပံပညာ အထက်တန်းကျောင်းကို လက်နက်ကိုင် သေနတ်သမားတွေ စီးနင်းတိုက်ခိုက်ခဲ့ပြီး ၂ ရက်အကြာမှာပဲ ပျောက်ဆုံးနေတဲ့ ကျောင်းသူတချို့ကို Yobe နဲ့ Borno ပြည်နယ် နယ်စပ်အနီး မနေ့တုန်းက ရှာဖွေတွေ့ရှိခဲ့ကြတာပါ။ အင်္ဂါနေ့တုန်းက ကျောင်းတက်တဲ့ ကျောင်းသားစာရင်း ကောက်ယူချိန်မှာပဲ ကျောင်းသူ ၉၁ ယောက် ပျောက်ဆုံးနေတာ သိခဲ့ရကြောင်းလည်း နီးစပ်သူတွေက ပြောပါတယ်။

ကျောင်းသူတွေ ပျောက်ဆုံးမှုကြောင့် Boko Haram အဖွဲ့က အစုလိုက်အပြုံလိုက် ဖမ်းဆီးမှုတွေ တကျော့ပြန် ပေါ်ပေါက်လာမှာကို စိုးရိမ်မှုတွေလည်း ထွက်ပေါ်လာပါတယ်။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်တုန်းက Chibok ကျေးရွာက ကျောင်းတကျောင်းကနေ မိန်းကလေးငယ် ၂၇၆ ယောက်ကို Boko Haram အဖွဲ့က ဖမ်းဆီးသွားခဲ့ရာက ကမ္ဘာတ၀န်း ဒေါသထွက်ခဲ့ကြသလို၊ မိန်းကလေးငယ်တွေ အိမ်ပြန်နိုင်ရေး လှုပ်ရှားမှုတခုလည်း ပေါ်ပေါက်ခဲ့တာပါ။

၎ နှစ်နီးပါး ကြာလာတဲ့ အခုအချိန်အထိလည်း ဖမ်းဆီးခံရတဲ့ ကျောင်းသူတွေထဲက ၁၀၀ ကျော် ပျောက်ဆုံးနေဆဲ ဖြစ်ပါတယ်။ အခုနောက်ဆုံး ကျောင်းသူတွေ ထပ်မံပျောက်ဆုံးခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ သက်ဆိုင်ရာ မိဘတွေနဲ့ ကိုယ်တိုင်တွေ့သူတွေက ပြောဆိုနေကြပေမဲ့လည်း၊ နိုင်ဂျီးရီးယား ရဲတပ်ဖွဲ့နဲ့ ဒေသခံ ပညာရေးဝန်ကြီးဌာနတို့ကတော့ မိန်းကလေးတွေ ပြန်ပေးဆွဲခံရတာ မဟုတ်ကြောင်း ငြင်းဆိုထားကြတာပါ။

ဗဟိုအစိုးရ ပညာရေးဝန်ကြီးဌာနကလည်း ပြန်ပေးဆွဲခံရတယ်လို့ဆိုတဲ့ သတင်းဟာ မမှန်ကြောင်း ငြင်းဆိုခဲ့ပေမဲ့၊ ကျောင်းသူတွေနဲ့ မိဘတွေ ပြန်လည် ဆုံဆည်းနိုင်ဖို့ဆိုပြီး၊ ကျောင်းကို သီတင်းတပတ်ကြာ ပိတ်လိုက်ကြောင်း ကြေညာခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG