သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှင်ဝီရသူ Facebook အပိတ်ခံရ


ဦးဝီရသူ
ဦးဝီရသူ

ဖေ့ဘုတ်အသိုင်းအဝိုင်းအတွင်း တဦးနဲ့တဦး အမုန်းပွါးစေဖို့တင်တဲ့ အကောင့်တွေကို အသုံးပြုခွင့်မပေးတဲ့ စည်းကမ်းချက်အရ မြန်မာနိုင်ငံက အရှင်ဝီရသူရဲ့ ဖေ့ဘုတ်စာမျက်နှာကို အမေရိကန်အခြေစိုက် ဖေ့ဘုတ်ကုမ္ပဏီရဲ့ တာဝန်ရှိသူတွေက ပိတ်ပစ်လိုက်ပါပြီ။ ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေဟာ မေတ္တာတရား ပွါးများအောင်သာ လုပ်သင့်တဲ့အပြင် အစိုးရက မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ကြိုးပမ်းနေချိန်မှာ ဒါမျိုးတွေ မရှိသင့်ဘူးလို့ သံယာ့ဥသျှောင်အဖွဲ့က ပြောပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြမှာပါ။

ဗုဒ္ဓဘာသာဝင် ဘင်လာဒင်လို့ နာမည်ကြီးခဲ့တဲ့ အရှင်ဝီရသူရဲ့ ဖေ့ဘုတ်စာမျက်နှာမှာ မူစလင်တွေနဲ့ ပတ်သက်ပြီး ရန်လိုမုန်းထားတဲ့ ပို့စ်တွေ တင်နေတာဟာ အမုန်းပွါးစေတဲ့ အတွက် ဒီအကောင့်ကို ပိတ်လိုက်တယ်လို့ ဖေ့ဘုတ်ပြောခွင့်ရ Christine Chen က VOA ကို အီးမေးလ်နဲ့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

ဖေ့ဘုတ်အသိုင်းအဝိုင်းအတွင်း တဦးနဲ့တဦး အမုန်းပွါးစေဖို့၊ အကြမ်းဖက်မှုတွေတိုးစေဖို့ ရည်ရွယ်ပြီးတင်တဲ့ အဖွဲ့အစည်းတွေ လူပုဂ္ဂိုလ်တွေကို ဖေ့ဘုတ်ကို အသုံးပြုခွင့်မပေးဖို့ စည်းကမ်းသတ်မှတ်ထားကြောင်းလည်း ဖေ့ဘုတ်ကုမ္ပဏီပြောခွင့်ရက ပြောပါတယ်။ ဒါမျိုးအကြောင်းအရာ တွေကို တစုံတယောက်က ဖေ့ဘုတ်မှာ တင်လာရင် သက်ရောက်တဲ့ အတိုင်းအတာ အလိုက် ခေတ္တသုံးခွင့် ပိတ်ပင်တာကနေ အကောင့်ကို ဖယ်ရှားတဲ့အထိအရေးယူကြောင်းလည်း ပြောပါတယ်။

အရှင်ဝီရသူရဲ့ အကောင့်ကို အခု ဇန်နဝါရီလ နှောင်းပိုင်းမှာ ပိတ်ပစ်ခဲ့တာဖြစ်ပါတယ်။ မနှစ်ကလည်း ရက်ပေါင်း ၃၀ အပိတ်ပင်ခံခဲ့ရပြီး အဲဒီတုန်းကတင်တဲ့ ဗီဒီယိုထဲမှာ ဒါဟာ ဖေ့ဘုတ်ကို မူစလင်တွေ သိမ်းခဲ့တာကြောင့်လို့ ပြောကြားခဲ့တာပါ။

မြန်မာနိုင်ငံသား အများအပြား အသုံးပြုနေတဲ့ ဖေ့ဘုတ်စာမျက်နှာကနေ အမုန်းတရားတွေ ပြန့်ပွါးစေတာဟာ မြန်မာနိုင်ငံ အတွက်ရော ပြည်သူတွေအတွက်ပါ ကောင်းတဲ့လက္ခဏာ မဟုတ်တဲ့အတွက် အခုလို ပိတ်ပစ်တာဟာ ကောင်းပါတယ်လို့ သံဃာ့ဥသျှောင်အဖွဲ့၊ ကနေဒါက ဆရာတော် ဦးကောဝိဒက မိန့်ပါတယ်။

" ဒီလိုပိတ်ပင်တယ်ဆိုတာ အရင်တခါလည်း ဘုန်းဘုန်းတို့ ကြားပြီးပါပြီ။ နောက်တခါ ထပ်ပေါ်လာတာပေါ့။ အခုတခါ ထပ်ပိတ်လိုက်တယ်ဆိုရင်တော့ ကောင်းပါတယ် ဘာဖြစ်လို့လဲဆိုတော့ ဒကာမကြီး ဒေါ်အောင်ဆန်းစုကြည်က မတူကွဲပြားခြားနားမှုဖြစ်နေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံး တတိုင်းပြည်လုံးကို ပြန်ပြီးစည်းရုံးနေချိန်မှာ ဒီလိုတဘက်က အဲ့တာတွေ ပျက်ပြားအောင်၊ အမုန်းတရားပွား များအောင် လုပ်နေတာတွေကို ဘုန်းဘုန်းတို့တွေလည်း တွေ့နေရတယ်။ တွေ့နေရတော့ တော်တော်လေး စိတ်မချမ်းမသာဖြစ်ရပါတယ်။ "

၂၀၁၃ ခုနှစ်တုန်းက Time မဂ္ဂဇင်းရဲ့ မျက်နှာဖုံးမှာ The Face of Buddhist Terror ဗုဒ္ဓဘာသာရဲ့ ကြောက်စရာပုံရိပ် အဖြစ် ဦးဝီရသူရဲ့ မျက်နှာကို ဖေါ်ပြခဲ့တာပါ။ မြန်မာအစိုးရကလည်း ၂၀၁၆ ခုနှစ်ထဲမှာပဲ အမျိုးဘာသာ၊ သာသနာအတွက် ပြင်းပြင်းထန်ထန် လှုံ့ဆော်တဲ့ မဘသ အဖွဲ့ကို ဖျက်သိမ်းပစ်ခဲ့သလို အရှင်ဝီရသူကိုလည်း အမုန်းတရားဟောပြောမှုတွေနဲ့ ပတ်သက်ပြီး တရားဟောခွင့် တနှစ် ပိတ်ပင်ခဲ့တာပါ။ ဒါပေမယ့် ဆိုရှယ်မီဒီယာဖြစ်တဲ့ ဖေ့ဘုတ်ကနေတော့ ဟောပြောခွင့်ရနေတာပါ။

ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေ အနေနဲ့ မေတ္တာတရားပြန့်ပွါးဖို့သာ ဟောပြောရမှာ ဖြစ်ကြောင်း ဆရာတော် ဦးကောဝိဒက မိန့်ပါတယ်။

" ဘုန်းကြီးတွေကတော့ အမုန်းတရားပွားများတာတွေ မလုပ်သင့်ဘူးလို့ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘုန်းကြီးတို့က မေတ္တာ၊ ဂရုဏာ၊ မုဒိတာ၊ ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ်တရားလေးပါး လက်ကိုင်ထားပြီး ဟောပြောရမယ့် ပုဂ္ဂိုလ်တွေလည်း ဖြစ်ပါတယ်။ ပြီးတော့ တိုင်းပြည်တည်ဆောက်နေတဲ့အချိန် အခုလို အမုန်းတရားပွားများအောင် မလုပ်သင့်ဘူးလို့ယူဆပါတယ်။ ဒါပေမဲ့လို့လည်း တဘက်က အဖွဲ့အစည်းကြီးတခုက ပံ့ပိုးနေတယ် ယူဆတယ် ဘယ်လိုအဖွဲ့အစည်းလည်းတော့ မသိဘူးပေါ့လေ။ သာသနာရေး ဝန်ကြီးကိုယ်တိုင် မနေ့တုန်းက ပြောတာဆိုရင် ဒီလိုလုပ်နေတဲ့ ပုဂ္ဂိုလ်တွေကို အရေးယူပေးဖို့ ပြောထားတယ်ဗျာတဲ့ ဒါပေမဲ့ အရေးယူတာ မယူတာ သူတို့တာဝန်ပေါ့လို့ ပြောတာတွေ့တယ်။ ဘုန်းဘုန်းတို့အနေနဲ့တော့ ကြိုဆိုပါတယ် ဒကာမကြီး။"

မြန်မာနိုင်ငံမှာ အခုနောက်ပိုင်း အင်တာနက်ဆက်သွယ်မှုတွေ ကောင်းမွန်လာတာနဲ့ အမျှ ဖေ့ဘုတ်သုံးစွဲသူလည်း များလာနေတာဖြစ်ပြီး အရှင်ဝီရသူရဲ့ ပြောဆိုချက်တွေထဲမှာ မွတ်စလင် မုန်းတီးရေး ရေးသားတင်ပြချက်တွေ အများအပြားပါဝင်နေတယ်လို့ ဝေဖန်ကြပါတယ်။ အရှင်ဝီရသူကတော့ သူဟာ မွတ်စလင်တွေနဲ့ ပတ်သက်ပြီး သတိပေးတာသာဖြစ်ကြောင်း ၂၀၁၇ တုန်းက The Guardian ရဲ့ မေးမြန်းခန်းမှာ ပြောကြားခဲ့တာပါ။

ဖေ့ဘုတ်စာမျက်နှာကနေ ဦးဝီရသူရဲ့ အကောင့်ကို ဖယ်ပစ်ခဲ့ပေမယ့် သူ့ရဲ့ ဗီဒီယိုတွေနဲ့ သူ့ရဲ့ ဘာသာရေးဆိုင်ရာ အမုန်းပွါးစေတဲ့ ဟောပြောချက်တွေက ဖေ့ဘုတ်မှာ ရှိနေဆဲ ဖြစ်တာမို့ သူ့နောက်လိုက်တွေက ဒါတွေကို ဆက်ပြီး ဖြန့်ဝေနိုင်တဲ့ အနေထားရှိနေပါတယ်။

အရှင်ဝီရသူ Facebook အပိတ်ခံရ
please wait

No media source currently available

0:00 0:04:40 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG