သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတဟောင်း Park Geun-hye နှစ် ၃၀ ထောင်ဒဏ်နဲ့ ရင်ဆိုင်ရ နိုင်


ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye တရားရုံးကို ရောက်လာစဉ်။
ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye တရားရုံးကို ရောက်လာစဉ်။

အဂတိလိုက်စားမှုအရှုပ်တော်ပုံတွေနဲ့ ဆက်စပ် ပတ်သက်နေတဲ့အတွက် ရာထူးကနေ ဖြုတ်ချခံခဲ့ရတဲ့ တောင်ကိုရီးယားသမ္မတဟောင်း Park Geun-hye ကို ထောင်ဒဏ်နှစ် ၃၀ ချမှတ်သွားဖို့ တောင်ကိုရီးယားအစိုးရ ရှေ့နေတွေက လျှောက်ထားလိုက်ပါတယ်။ ဆိုးလ်မြို့အလယ်ပိုင်းခရိုင်တရားရုံးမှာ အင်္ဂါနေ့က ကြားနာစစ်ဆေးခဲ့စဉ်အတွင်း အစိုးရရှေ့နေတွေဘက်က လျှောက်ထား ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် သမ္မတဟောင်း ပါခ့်ဂွန်ဟေးအပေါ် ဒဏ်ငွေအဖြစ်နဲ့ အမေရိကန်ဒေါ်လာ သန်း ၁၁၀ ချမှတ်ဖို့ ကိုလည်း သူတို့က တရားသူကြီးကို လျှောက်ထားခဲ့ပါတယ်။ Victor Beattie ရဲ့ သတင်းလွှာကို ဦးစံမိုဝေက ဆက်လက် တင်ပြပေးပါမယ်။

တောင်ကိုရီးယား အာဏာရှင်ဟောင်း Park Chung-Hee ရဲ့ သမီးဖြစ်ပြီး အသက် ၆၆ နှစ်ရှိပြီဖြစ်တဲ့ Park Geun-hye ကို ၂၀၁၆ အတွင်း အဂတိလိုက်စားမှုတွေနဲ့ စွဲချက်တင်ခဲ့ပြီး ပြီးခဲ့တဲ့နှစ်အတွင်းမှာ တောင်ကိုးရီးယား သမ္မတ ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

သူမအပေါ် လာဘ်ပေးလာဘ်ယူလုပ်မှု၊ အာဏာအလွဲသုံးစားလုပ်မှု၊ အကျပ်ကိုင်မှု၊ အစိုးရလျှို့ဝှက်ချက်တွေ ပေါက်ကြားစေမှု၊ အာဏာကိုအလွဲသုံးစားလုပ်ပြီး တောင်ကိုရီးယားနိုင်ငံက စီးပွားရေးကော်ပိုရေးရှင်းကြီးတွေကို သူမရဲ့ မိတ်ဆွေ Choi Soon-sil ပိုင်တဲ့ ပရဟိတအဖွဲ့အစည်းတွေကို အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး လှူဒါန်းခိုင်းခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်တွေပါဝင်ပါတယ်။

သမ္မတဟောင်း Park Guen-hye ကတော့ သူမအနေနဲ့ အမှားအယွင်း တစုံတရာ ပြုလုပ်ခဲ့ခြင်း မရှိကြောင်း ငြင်းဆို ထားပါတယ်။

Choi Soon-sil ကိုတော့ အခုလအစောပိုင်းမှာ တရားရုံးက အာဏာအလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူလုပ်မှု၊ နိုင်ငံတော်ကိစ္စရပ်တွေမှာ ဝင်ရောက်နှောက်ယှက်မှု စတဲ့ စွဲချက်တွေနဲ့ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ပြီး၊ အမေရိကန်ဒေါ်လာ ၁၇ သန်းနီးပါး ဒဏ်ငွေ ပေးဆောင်ဖို့ အမိန့်ချမှတ်ခဲ့ပါတယ်။

ဆိုးလ် အခြေစိုက် Asan မူဝါဒဆိုင်ရာ လေ့လာရေးအဖွဲ့ကြီးက သုတေသန ပညာရှင် James Kim ကတော့ အစိုးရ ရှေ့နေတွေလျှောက်ထားတဲ့ ထောင်ဒဏ် ကာလသက်တမ်းနဲ့ ပတ်သက်ပြီး သူ့အနေနဲ့ အံ့အားသင့်မှု မဖြစ်ရပါဘူးလို့ VOA ကို ပြောပါတယ်။

"လွန်ခဲ့တဲ့ သတင်း ၂ ပတ်လောက် ကာလအတွင်း တရားရုံးက ဒီအမှုနဲ့ ဆက်နွယ်ပတ်သက်နေတဲ့သူတွေကို စွဲချက်တင် အမိန့်ချမှတ်တာတွေလုပ်ခဲ့ပါတယ်။ အဲဒီအထဲက တယောက်ကတော့ Ms. Choi ဖြစ်ပြီး သူမကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့တာပါ။ ဒါကြောင့် အားလုံး မျှော်လင့်ထားတာကတော့ သမ္မတ Park ကိုလည်း အနည်းဆုံး သူမကို ချမှတ်တဲ့ ပြစ်ဒဏ်အတိုင်း၊ ဒါမှမဟုတ် သူမထက်ပိုများတဲ့ ပြစ်ဒဏ် ချမှတ် လိမ့်မယ်ဆိုတာပါပဲ။ ဒါကြောင့် သိပ်ပြီး ကြီးကြီးမားမား အံ့အားသင့်စရာမရှိပါဘူး။"

Ms Choi ဟာ မြန်မာနိုင်ငံ တောင်ကိုရီးယားသံအမတ်ကြီး ခန့်အပ်မှုနဲ့ ပတ်သက်ပြီးတော့လည်း စုံစမ်းစစ်ဆေးမှု ခံခဲ့ရသူ ဖြစ်ပါတယ်။ သမ္မတ Park ရဲ့ မိတ်ဆွေ Ms Choi ဟာ မလျှော်သြဇာ အသုံးပြုပြီး သံတမန်ရေး အတွေ့အကြုံ လုံးဝမရှိသူ ဆမ်ဆောင်း စက်မှု-လျှပ်စစ် ကုမ္ပဏီကြီးရဲ့ အကြီးတန်း အမှုဆောင် Yoo Jae In ကို ၂၀၁၆ ခုနှစ် မေလ အတွင်း မြန်မာနိုင်ငံဆိုင်ရာ တောင်ကိုရီးယားသံအမတ်ကြီး အဖြစ်ခန့်အပ်ခဲ့တယ်လို့ ကိုရီးယားမီဒီယာတွေမှာ ဖေါ်ပြခဲ့ကြပါတယ်။

Yoo ကတော့ ဒီစွပ်စွဲချက်ကို ငြင်းဆိုပါတယ်။

သမ္မတဟောင်း ပတ်ဂွန်ဟေးရဲ့ အမှုကို တလအတွင်း စီရင်ချက်ချမှတ်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ထုံးစံအရကတော့ သမ္မတဟောင်းအပေါ် သူ့နေရာမှာဆက်ခံတဲ့ နောက်အစိုးရက လွတ်ငြိမ်းချမ်းသာခွင့် ပေးနိုင်တယ်လို့ James Kim က ပြောပါတယ်။

ဒါပေမယ့် လက်ရှိ တောင်ကိုရီးယား သမ္မတ Moon Jae In က သမ္မတဟောင်း Park Geun-hye ကို သူ့ရဲ့ လုပ်ပိုင်ခွင့် အာဏာ အသုံးပြုပြီး လွတ်ငြိမ်းချမ်းသာခွင့် ပေးမှာမဟုတ်ဘူးဆိုတဲ့ အရိပ်အယာင် ပြသနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG