သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လားဟူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ရဖို့ LDU ရည်မှန်း


LDU ရဲ့ ဒုတိယဥက္ကဌ ဗိုလ်မှူးကြီးဆော်လမွန် ကို VOA ကိုမိုးဇော် တွေ့ဆုံမေးမြန်း။
LDU ရဲ့ ဒုတိယဥက္ကဌ ဗိုလ်မှူးကြီးဆော်လမွန် ကို VOA ကိုမိုးဇော် တွေ့ဆုံမေးမြန်း။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုး လိုက်တဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU က လားဟူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသဖွဲ့ စည်းဖို့နဲ့ ဒီလို ဖွဲ့စည်းနိုင်ဖို့အတွက် အခြားတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုကို ရယူသွားဖို့ ရည်ရွယ်ချက်ရှိကြောင်း LDU ရဲ့ ဒုဥက္ကဋ္ဌက ပြောပါတယ်။ NCA လက်မှတ်ရေးထိုးပြီးနောက် မူးယစ်ဆေးဝါးပြဿနာကို အဓိက ထား ဖြေရှင်းသွားဖို့ ဆုံးဖြတ်ကြောင်း လည်း ပြောဆိုပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့ သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDUဟာ ပြီးခဲ့တဲ့လက မွန်ပြည်သစ်ပါတီနဲ့အတူ တနိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးခဲ့တာဖြစ်ပြီး ဧပြီလကုန်မှာ အစောဆုံးကျင်းပဖွယ်ရှိတဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ တတိယအစည်းအဝေးကိုလည်း တက်ရောက်ဖို့ ပြင်ဆင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။

ဒီလို နိုင်ငံရေးဆွေးနွေးပွဲတွေမှာ ပါဝင်ခွင့်ရချိန်မှာလားဟူကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရေး အတွက် တင်ပြဖို့ ရှိနေကြောင်း LDU ရဲ့ ဒုတိယဥက္ကဌ ဗိုလ်မှုးကြီးဆော်လမွန်က ပြောပါတယ်။

“ တန်းတူညီတူ အခွင့်အရေးရှိတဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဆိုတာ ကျနော်တို့ ရရှိအောင်ကြိုးစားမယ်ဆိုတာ ကျနော်တို့ မူက ရှိပြီးသား ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသတောင်းဆိုဖို့က ။ လောလောဆည် ကျနော်တို့ ခန့်မှန်းထားတာတော့ သံလွင်အရှေ့ခြမ်းပေါ့။ လားဟူတိုင်းရင်းသားတွေ ပိုမိုများများနေထိုင်တဲ့ သံလွင်အရှေ့ခြမ်းမှာ ကျနော်တို့မှန်းထားတာပေါ့။ ဥပမာ မိုင်းပျဉ်းတို့၊ မိုင်းဆတ်တို့၊မိုင်းတုံတို့၊ တာချီလိတ်၊ မိုင်းဖြတ်၊ ကျိုင်းတုံထိပေါ့။ မိုင်းယန်း၊ မိုင်းခတ်အထိ ပါနိုင်တယ်။ မြို့နယ် ၉မြို့နယ်လားမသိဘူး ကျနော်တို့ ဆွဲထားတာ။ ကျနော်တို့က စုစည်းဖို့ လိုအုံးမယ် ကျနော်တို့ လားဟူလေ။ ကျနော်တို့က ရှမ်းပြည်အရှေ့ပိုင်း မြောက်ပိုင်း ပြန့်ကျဲနေတော့ စုစည်းဖို့ လိုအုံးမယ်။ စုစုစည်းစည်းနဲ့ ကျနော်တို့ တောင်းဆိုလို့ ရှိရင်တော့ ရနိုင်မယ့် အခွင့်အရေးတော့ ရှိပါတယ်။”

၂၀၁၆ခုနှစ်မှာ ကျင်းပခဲ့တဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ရာစုပင်လုံ ပထမအစည်းအဝေးမှာ NCA ကို လက်မှတ် ရေးထိုးမထားတဲ့ ဝပြည်သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ UWSA က ဝပြည်နယ်ဖွဲ့စည်းရေးကို တင်ပြထားသလို ဝအမျိုးသားစည်းလုံးညီညွတ်ရေးပါတီကလည်း လက်ရှိ ၀ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှာ ပါဝင်တဲ့ မြို့နယ် ၆မြို့နယ်နဲ့ ကျိုင်းတုံဒေသက မြို့နယ် ၁၀မြို့နယ်ကို ၀ ပြည်နယ်အဖြစ် တောင်းဆိုထားပါတယ်။

LDU ရဲ့ ဒုတိယဥက္ကဌ ဗိုလ်မှုးကြီးဆော်လမွန်ကတော့ လားဟူ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းနိုင်ဖို့အတွက် အခြားတိုင်းရင်းသားတွေနဲ့ ပြဿနာမရှိနိုင်ကြောင်းနဲ့ ဝ၊ ရှမ်းအပြင် တခြားတိုင်းရင်းသားတွေရဲ့ ထောက်ခံမှုနဲ့ အတူ ဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း အခုလို ဆက်ပြောပါတယ်။

“လောလောဆည်တော့ ပြဿနာမပေါ်နိုင်ဘူးထင်တယ်။ ကျနော်တို့လည်း ညှိယူရအုံးမယ်လေ။ ဒီရှမ်းပြည်မှာတော့ ကျနော်တို့ ခွဲထွက်မှာ မဟုတ်ဘူးလေ။ ဗမာပြည်မှာလည်း ခွဲထွက်မှာမဟုတ်ဘူး။ ကျနော်တို့ သီးသန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လည်း လုပ်မှာမဟုတ်ဘူး။ ပူးပေါင်းပြီးမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ ဥပမာ လားဟူ ဆိုရင် ဝနဲ့လည်း ညှိရအုံးမယ်။ ရှမ်းနဲ့လည်း ညှိရအုံးမယ်။ ကျန်တဲ့ တိုင်းရင်းသားနဲ့လည်း ညှိရအုံးမယ်လေ။ သဘောတူမှပဲ အဆင်ပြေနိုင်မယ့်အလားအလာကို ကျနော်တို့ မျှော်လင့်ခဲ့ပါတယ်။ ရှမ်းပြည်မှာဆိုရင် ပအိုဝ်း၊ ပလောင်၊ ကိုးကန့်၊ ၀ ၊ ဓနုတောင်ပေးခဲ့ပြီးပြီပဲ။ ကျနော်တို့လားဟူကလည်း တောင်းဆိုဖို့ရာ ကျနော်တို့မှာ တာဝန်ရှိတယ်။ ဝလည်း ထောက်ခံပေးဖို့ လိုမယ်။ ရှမ်းလည်း ထောက်ခံပေးဖို့ လိုမယ်။ တိုင်းရင်းသားတွေ ထောက်ခံမှသာလျှင် ကျနော်တို့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ မှန်းသလောက် ရနိုင်တယ်လို့ ကျနော်တို့ မျှော်လင့်ပါတယ်။ ”

လားဟူလူမျိုးတွေ နေထိုင်ရာဒေသအတွင်းမှာ မူးယစ်ဆေးဝါးထုတ်လုပ်မှုမှာ နံမည်ကြီးတဲ့ ရွှေတြိဂံနယ်မြေ ပါဝင်တာဖြစ်ပါတယ်။လောလောဆည်မှာ LDU အနေနဲ့ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းကို ဦးစားပေး ဆောင်ရွက်ဖို့လည်း ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။

“ အခုလောလောဆည်ရင်ဆိုင်ရမယ့် ပြဿနာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေး၊ အစားထိုးသီးနှံစိုက်ပျိုးရေးနဲ့ ဒီပညာပေးရေးပေါ့။ မူးယစ်ဆေးဝါးမသုံးစွဲဖို့ အထူးရင်ဆိုင်ရတဲ့ ပြဿနာဖြစ်နေတယ်။ အဲဒါကြောင့် တကယ်ဖွံ့ဖြိုးရေးလုပ်လို့ ရှိရင် ကျနော်တို့ ဒေသမှာက မူးယစ်ဆေးဝါးတိုက်ဖျက်ရေးအရင်လုပ်မယ်။ ပညာပေးရေးလုပ်မယ်။ နောက် မူးယစ်ဆေးဝါးတိုက်ဖျက်ရေးစခန်းကို ဖွင့်လှစ်ဖို့၊ အစားထိုးသီးနှံစိုက်ပျိုးဖို့ အထိ ကျနော်တို့ စီမံကိန်းကတော့ တဖြည်းဖြည်း ချယူမယ့် အလားအလာ ကျနော်တို့မှာ ဆုံးဖြတ်ချက်ရှိတယ်။”

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းတွေကို အစိုးရ၊ တပ်မတော်၊ ရဲ၊ ပြည်သူ့စစ်၊ လူမှုအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်းလည်း ပြောပါတယ်။

LDU အဖွဲ့ဟာ NCA ကို လက်မှတ်ရေးထိုးခဲ့ပေမဲ့ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ မရှိတာကြောင့် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲ ကျင်းပခွင့်မရပါဘူး။ လက်ရှိအခြေအနေမှာ လူထုတွေ့ဆုံဆွေးနွေးပွဲတွေ ကျင်းပပြီး လားဟူပြည်သူတွေရဲ့ လိုလားချက်တွေကို စုစည်းဖို့ နဲ့ ဒီလိုလားချက်တွေကိုတော့ ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC မှာ တင်ပြ ဆွေးနွေးဖို့ ပြင်ဆင်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG