သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေဗုံးကွဲမှု သံသယရှိသူ နောက်တဦးကိုဖမ်းဆီး


ရခိုင်ပြည်နယ် စစ်တွေမြို ဗုံးပေါက်ကွဲမှု။
ရခိုင်ပြည်နယ် စစ်တွေမြို ဗုံးပေါက်ကွဲမှု။

ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးနေအိမ် အပါအဝင် နေရာ ၃ နေရာမှာ ပြီးခဲ့တဲ့ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တာနဲ့ပတ်သတ်လို့ သံသယရှိတဲ့ သူနောက်ထပ် ၁ဦးကိုထပ်မံ ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတာကြောင့် အခုဆိုရင် လူ ၈ဦးတိတိကို အစိုးရဘက်က စစ်ဆေးမှုတွေလုပ်နေတယ်လို့ ဆိုပါတယ်။ စစ်ဆေးမှုတွေလုပ်နေ ပေမယ့် လက်သည် တရားခံကိုတော့ ဖမ်းမမိသေးပါဘူး။ ဒီအကြောင်း ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမေခက တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ ဖေဖော်ဝါရီလ၂၄ ရက်နေ့မနက်ပိုင်းက ဗုံးပေါက်ကွဲမှု ၃ခါဖြစ်ခဲ့တဲ့အပြင် မပေါက်သေးတဲ့ ဗုံး ၃လုံးကိုလည်း အာဏာပိုင်တွေက တွေ့ရှိခဲ့ပါတယ်။ ပေါက်ကွဲမှု ၃ ခုလုံးက မနက်ပိုင်းမှာ ဖြစ်သွားခဲ့တာဖြစ်ပြီး ပေါက်ကွဲမူ တခုကတော့ ရခိုင်ပြည်နယ် အစိုးရ အတွင်းရေးမှူး ဦးတင်မောင်ဆွေရဲ့ အိမ်နောက် ဖေးမှာ ဖြစ်သွားခဲ့တာပါ။ တခြား ပေါက်ကွဲမှု ၂ ခုကတော့ ပြည်နယ် တရားရုံးအနီးနဲ့ မြေစာရင်းရုံးတွေအနီးမှာ ဖြစ်ခဲ့ပြီး ရခိုင်အစိုးရဘက်ကတော့ အစိုးရအပေါ် ဦးတည် တိုက်ခိုက်လာနေတယ်လို့ ဆိုထားပါတယ်။

ဒီအတွက် သံသရရှိတဲ့သူတွေကို ခေါ်ယူစစ်ဆေးတာမှာ သံသရရှိသူ ၈ဦးကို ခေါ်စစ်နေတယ်လို့ ပြည်နယ်ရဲတပ်ဖွဲ့ ရဲမှူးကြီး အောင်မြတ်မိုးက အခုလို အတည်ပြုပြောကြားပါတယ်။

"နောက်ထပ်က ဦးချေဆိုတာ နောက်တယောက်ပေါ့။ ၈ယောက်ဖြစ်သွားပြီပေါ့။ ခုချိန်ထိတော့စိစစ်ဆဲဘဲ ဖြစ်ပါသေး တယ်။ ၇ယောက်က ရမန်ယူပြီးပြီ တယောက်ကရမန်ထပ်ယူမယ်။ စစ်ကြောနေတာပါ။ တရားဝင်စစ်ကြောနေတာပါ"

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၅ရက်နေ့မှာတော့ ဒီဗုံးပေါက်ကွဲမှုနဲ့ပတ်သတ်လို့ အစိုးရခေါ်ယူ စစ်ဆေးတာမှာ ရခိုင်ပြည် အမျိုးသားကောင်စီ ANC ကတစ်ဦး အပါအဝင် လူ ၄ ဦးကို ဦးစွာ ထိန်းသိမ်းပြီး ချုပ်ရက် ရမန် ယူခဲ့ပါတယ်။ အဲဒီနောက်မှာတော့ လုံခြုံရေး တာဝန်ရှိသူတွေက ဒီကိစ္စနဲ့ ဆက်နွယ်ပြီး လူ ၃ ဦးကို ထပ်မံ ထိန်းသိမ်းခဲ့ပါတယ်။

ဒီကနေ့ ခေါ်စစ်သူကိုတော့ ခုချိန်ထိ ရမန် မယူရသေးဘူးလို့ ရဲမှုး အောင်မြတ်မိုးက ပြောပါတယ်။

အခုဖမ်းဆီးခံထားရတဲ့ ANC အဖွဲ့ဝင် ဦးနိုင်စိုးဟာ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ လက်ရှိ ပါဝင် ဆောင်ရွက်နေသူ ဖြစ်တဲ့အပြင် ဗုံးဖောက်ခွဲမှုနဲ့ သက်ဆိုင်ခြင်း မရှိတဲ့အတွက် သူ့ကို ဖမ်းဆီးလိုက်ခြင်းအပေါ် ကန့်ကွက်ကြောင်း ANC က ဖေဖော်ဝါရီလ ၂၇ ရက်နေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပြီး သူ့ကို ပြန်လွတ်ပေးဖို့ နိုင်ငံတော် အတိုင်ပင်ခံဆီ စာပို့ထားကြောင်း ANC ပြောခွင့်ရ ဦးထွန်းဇော်က ဖေဖော်ဝါရီလ ၂၈ ရက်နေ့က ပြောပါတယ်။

ခေါ်ယူစစ်ဆေးခံနေရတဲ့ ရခိုင်ပြည် အမျိုးသားကောင်စီ ANC အဖွဲ့ဝင် ဦးနိုင်စိုးကို စစ်ဆေးဖို့ခေါ်ယူသွားအပြီး ချုပ်ရက် ရမန်ယူချိန် မိသားစုကခဏသာ တွေ့ခဲ့ ရပြီး စစ်ဆေးတာ ၅ရက်ကြာသွားပေမယ့် ဘာသတင်းမှမရတာမို့ မိသားစုဝင်တွေက သူ့ကျန်းမာရေးကို စိုးရိမ်မိတယ်လို့ ကိုနိုင်စိုးညီမဖြစ်သူ မချစ်အိလှိုင်က ဗွီအိုအေကို ပြောပါတယ်။

"အခုလက်ရှိအခြေအနေက မတွေ့ရဘူး။ ကိုကြီးနဲ့လေ ဖမ်းခေါ်သွားတဲ့နေ့ပြီး နောက်နေ့တခါဘဲတွေ့လိုက်ရတယ်။ ၅မိနစ်လောက်တွေ့လိုက်ပြီး အဲနေ့ထဲကမတွေ့ရတော့ဘူး။ကျန်းမာရေး အခြေအနေဘယ်လိုရှိတယ်ဘာဖြစ်တယ် ဆိုတာမေးလို့မရဘူးအမ။ ဟိုတနေ့ကညီမမေးတာစခန်းမှုးက အခြေအနေမကောင်းရင် ဆေးရုံတင်မယ်။ ကျန်းမာ ရေးမကောင်းရင်ဆေးရုံတင်ပေးမယ်ပြောပါတယ်။ ညီမတို့က အမေ(သို့)ယောင်းမ ဒါမှမဟုတ် ညီမရဲစခန်းမှာ အချိန် ပြည့်ရှိနေတယ်။ သူ့ကျန်းမာရေးမကောင်းလို့အဲနားမှာဘဲနေကြတာ။ သူကနေမကောင်းတော့ဆေးအချိန်မှန်သောက် ရလား။ အဆင်ပြေလားသိချင်လို့။ မနက်ကတော့စခန်းမှုးဆီအသနားခံစာတင်ထားတယ်။ သူ့ကိုအမှန်တကယ်ပြန် လွှတ်ပေးဖို့နဲ့ ဆေးကုဆရာဝန်နဲ့ပြပေးဖို့ကူညီတောင်းထားပါတယ်အမ"

အစိုးရဘက်ကတော့ အခုလူ ၈ယောက်ကို စစ်ဆေးဖို့ ခေါ်ယူထားတာ သာဖြစ်တယ်လို့ဆိုထားပြီး ခေါ်ယူတာကလည်း အရင်တုန်းက ယမ်းပြားတွေနဲ့မိတဲ့ သူတွေ၊ ပေါက်ကွဲမှုနဲ့ ထောင်ကျဖူးသူတွေ၊ ကျော်ဇောသတင်း ရှိခဲ့ဖူးသူုတွေဖြစ်တာမို့ ခေါ်ယူစစ်ဆေးတာ ဖြစ်တယ်လို့ ရဲဘက်က ဆိုထားပါတယ်။

လက်ရှိအချိန်ထိ ရဲဘက်က စစ်မေးမှုနဲ့ပတ်သတ်လို့ ထုတ်ဖော် ပြောဆိုတာ မရှိသေးသလို ဘယ်သူ့လက်ချက်လည်း ဆိုတာကိုလည်း တိတိကျကျ မပြောနိုင် သေးဘဲ တယောက်ပြီးတယောက် ခေါ်ယူစစ်ဆေးနေတာ ဖြစ်ပါတယ်။

ရဲဘက်ကတော့ ဒီ၈ယောက်သာ စစ်မေးနေတယ်လို့ ဆိုပေမယ့် ဒေသခံတွေ ဘက်ကတော့ ၈ယောက်အပြင် အခြားသူတွေကိုလည်း ခေါ်ယူမေးမြန်းတာတွေ လုပ်နေပြီး ၁၀ဦးထက်မနည်း ခေါ်ယူစစ်ဆေးမှုတွေ လုပ်ထားကာ အချို့လူတွေကိုတော့ နေ့တဝက်နီးပါး ခေါ်ယူစစ်ဆေးအပြီး ပြန်လွှတ်တယ်လို့ ဆိုပါတယ်။ ဒီ ၈ယောက်ကိုကတော့ တရားဝင် ထုတ်ဖော်ပြောဆိုပြီး ခေတ္တ ခေါ်ယူ ထိန်းသိမ်းစစ်ဆေးနေတာလို့ ပြောပါတယ်။

လက်ရှိစစ်တွေမြို့ လုံခြုံရေးပိုင်းကို ယခင်ထက် ထပ်မံ တိုးမြှင့်ချထားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဖြစ်ပွားခဲ့တဲ့ဗုံး၃လုံး ပေါက်ကွဲမှုကြောင့် ရဲတပ်သား တစ်ဦး အပါအဝင် လူ ၂ ဦး ဒဏ်ရာ ရရှိခဲ့တယ်လို့ တပ်မတော်က သတင်း ထုတ်ပြန်ထားပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG