သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Putin ရဲ့စစ်ရေးကြုံးဝါးမှု ကန်တုံ့ပြန်


ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကြာသပတေးနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်
ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ကြာသပတေးနေ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောကြားစဉ်

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ရုရှားရဲ့ နောက်ဆုံးပေါ် ဒုံးကျည်လက်နက်သစ်နဲ့ ပတ်သက်လို့ ကြာသပတေး နေ့က ထုတ်ပြ ပြောဆိုပါတယ်။ ကမ္ဘာ့ နေရာ အားလုံးနီးပါးက ပစ်မှတ်တွေကို ထိအောင် ပစ်ခတ်နိုင်စွမ်း ရှိတယ်လို့ဆိုတဲ့ မဟာ ဗျူဟာမြောက် နျူကလီးယားလက်နက်တွေကို သမ္မတပူတင်က ထုတ်ပြန်ကြေညာပြီးတဲ့နောက် အမေရိကန် ပန်တဂွန်စစ်ဌာန ချုပ်ကရော၊ လွှတ်တော် အမတ်တွေကပါ တုန့်ပြန်ပြောဆိုကြပါတယ်။ ဗွီအိုအေသတင်းလွှာတွေကို စုစည်းကောက်နုတ်ပြီး ကိုကျော်ကျော်သိန်းက ပြောပြပါမယ်။

သမ္မတ ဗလာဒီမီယာ ပူတင်က သူ့ရဲ့ ၁၄ ကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ကြာသပတေးနေ့က ပြောခဲ့တာဖြစ်ပြီး အဲဒီထဲမှာ သူ အထူးတလည် ပြောဆိုသွားသလို လူတွေရဲ့အာရုံကို ဖမ်းစားခဲ့တဲ့ကိစ္စကတော့ သူ့ဦးဆောင်မှုအောက်မှာ ရုရှား စစ်ဘက်တည်ဆောက်မှု၊ အထူးသဖြင့် ရုရှားနိုင်ငံရဲ့ နျူကလီးယား လက်နက်စွမ်းအင်ကိစ္စပဲဖြစ်ပါတယ်။

ဥရောပနဲ့အာရှမှာရှိတဲ့ အမေရိကန် လေကြောင်းရန်ကာကွယ်ရေး ဒုံးခွင်းဒုံးတွေနဲ့ ကြားဖြတ်ဟန့်တားလို့ မရနိုင်ဘူးဆိုတဲ့ ကိုယ်ပျောက် ပဲ့ထိန်းဒုံးကျည်သစ် ထုတ်မယ့်အကြောင်း သမ္မတပူတင်က သူ့မိန့်ခွန်းထဲမှာ မျှော်လင့်မထားဘဲ ထည့်ကြေညာသွား တာပါ။

“SARMAT တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်စနစ်ဟာ တောင် မြောက် ဝင်ရိုးစွန်း ဟိုဘက်ဒီဘက်က ပစ်မှတ်တွေအထိ တိုက်ခိုက်နိုင်စွမ်းရှိပါတယ်။ အားကောင်းပြီး ကြီးမားတဲ့စွမ်းအင်ရှိတဲ့ လက်နက်ပါ။ ဒီဒုံးကျည်ရဲ့ သွင်ပြင်လက္ခဏာတွေကြောင့် ဘယ်လို ဒုံးကျည်ကာကွယ်ရေးစနစ်မျိုးကမှ ကာကွယ်နိုင်စွမ်းမရှိပါဘူး။”

ဒါပေမဲ့လည်း အမေရိကန်စစ်ဘက်ကတော့ သမ္မတပူတင်ရဲ့ ဒီပြောဆိုချက်အပေါ် ကြားနေကျစကားအဖြစ် ခပ်ဖော့ဖော့ တုန့်ပြန် ပြောဆိုပါတယ်။ ပန်တဂွန်စစ်ဌာနချုပ် ပြောခွင့်ရတဦးဖြစ်သူ Dana White က ကြာသပတေးနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲ အတွင်း အခုလို တုန့်ပြန် ပြောဆိုသွားပါတယ်။

“ဒီပြောဆိုချက်တွေအပေါ် ကျမတို့ အံ့သြတကြီးမဖြစ်ပါဘူး။ ကျမတို့ အပြည့်အဝ ပြင်ဆင်ထားပြီးသား ဖြစ်တယ်ဆိုတာ အမေရိကန်လူထုအနေနဲ့ စိတ်ချလက်ချရှိစေချင်ပါတယ်။”

ရုရှားနိုင်ငံကို မပြတ်စောင့်ကြည့်နေတာဖြစ်ပြီး အခုပြောတဲ့ လက်နက်တွေဆိုတာကို တီထွင်နေတာ အတော့်ကိုကြာနေပါပြီလို့ လည်း ပန်တဂွန်ပြောခွင့်ရ Dana White ကပြောပါတယ်။

ရုရှားနိုင်ငံရဲ့ နည်းပညာ အောင်မြင်တိုးတက်မှုကြောင့် ကမ္ဘာပေါ်မှာ ရုရှားစစ်ဘက်အတွက် အဆင့်အတန်းအသစ်တခု ရလာနိုင် မှာဖြစ်တယ်လို့ သမ္မတပူတင်ကပြောပြီး ဒုံးကျည်အသစ်တွေရဲ့ စွမ်းရည်ကို ပုံဖော်ပြသဖို့ ဖန်တီးထားတဲ့ ဗွီဒီယိုတွေကိုလည်း ပြခဲ့ ပါတယ်။ လက်နက်သစ်တွေထဲမှာ နျူကလီးယားစွမ်းအင်သုံး ပဲ့ထိန်းဒုံးကျည် အမျိုးအစားတခု၊ လေဆာလက်နက်တခု၊ နျူကလီး ယားစွမ်းအင်သုံး ရေအောက် ဒရုံးလက်နက်တခုနဲ့ အသံထက်ပြန်တဲ့ ဒုံးကျည်အသစ်တမျိုးတို့ပါပါတယ်။

လက်နက်သစ်တွေအကြောင်း သမ္မတပူတင်ရဲ့ ဒီပြောဆိုချက်တွေအပေါ် အမေရိကန်လွှတ်တော်ဘက်က တုန့်ပြန်ချက်ကလည်း ပန်တဂွန်စစ်ဌာနချုပ်ရဲ့လေသံနဲ့ သိပ်မကွာလှပါဘူး။ ရီပတ်ဘလီကန် အထက်လွှတ်တော်အမတ် Thom Tillis က -

“ဘယ်လို လူသတ်သမား ဒါမှမဟုတ် ရာဇဝတ်ကောင် တယောက်ယောက်ကို ကျနော်မြင်သလိုမျိုးပဲ မစ္စတာ ပူတင်ကို မြင်ပါတယ်။ သူတို့ တခုခုပြောတဲ့အခါ လိမ်ပြောနေတာ ဖြစ်ကောင်းဖြစ်နိုင်ပေမဲ့ သတိကြီးကြီးထား ကြည့်ဖို့တော့လိုပါတယ်။”

ရုရှားနိုင်ငံမှာ မတ်လ ၁၈ ရက်နေ့ကျရင် သမ္မတရွေးကောက်ပွဲ ကျင်းပဖို့ရှိနေပြီး အဲဒီမတိုင်ခင်မှာပဲ သမ္မတပူတင်က လက်ရှိ သမ္မတသက်တမ်းအတွင်း နောက်ဆုံးအဖြစ်နဲ့ စုစုပေါင်းဆိုရင် စုစုပေါင်း ၁၄ ကြိမ်မြောက် နိုင်ငံတော်အခြေပြမိန့်ခွန်းကို ပြောတာပါ။

သူ့ရဲ့ ထိပ်တန်းဦးစားပေးက ရုရှားလူထု သာယာဝပြောရေးနဲ့ သူတို့ရဲ့ လူမှုဖူလုံရေးအခြေအနေတွေ တိုးတက်လာစေဖို့ဖြစ်တယ် လို့လည်း မိန့်ခွန်းထဲမှာ သမ္မတပူတင်က ထည့်ပြောသွားပါသေးတယ်။

မကြာခင်ကျင်းပမယ့် သမ္မတရွေးကောက်ပွဲမှာလည်း မစ္စတာပူတင်ပဲ နောက်ထပ် ခြောက်နှစ်သက်တမ်းအတွက် ပြန်ပြီး အရွေးခံ ရလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG