သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နဲ့အီသီယိုပီးယား နိုင်းမြစ်ရေ ပြဿနာရှိ


အာဖရိကတိုက်ကို ဖြတ်စီးနေတဲ့၊ ကမ္ဘာ့အရှည်ဆုံးမြစ် တစင်းဖြစ်တဲ့ Nile မြစ်ကြီးပေါ်မှာ အီသီယိုးပီးယားနိုင်ငံက ရေကာတာတည်ဆောက်မှု
အာဖရိကတိုက်ကို ဖြတ်စီးနေတဲ့၊ ကမ္ဘာ့အရှည်ဆုံးမြစ် တစင်းဖြစ်တဲ့ Nile မြစ်ကြီးပေါ်မှာ အီသီယိုးပီးယားနိုင်ငံက ရေကာတာတည်ဆောက်မှု

အာဖရိကတိုက်ကို ဖြတ်စီးနေတဲ့၊ ကမ္ဘာ့အရှည်ဆုံးမြစ်တစင်းဖြစ်တဲ့ Nile မြစ်ကြီးပေါ်မှာ အီသီယိုးပီးယားနိုင်ငံက ရေကာတာတည်ဆောက်နေတာ ငါးနှစ်ကြာပြီးတဲ့နောက် မြစ်အောက်ပိုင်းမှာတည်ရှိတဲ့ အီဂျစ်နိုင်ငံနဲ့ ဆူဒန်နိုင်ငံတို့က ရေကာတာကြောင့် မြစ်ရေကျပြီး စိုက်ပျိုးရေးအပေါ် သက်ရောက်မှုတွေရှိလာမှာကို စိုးရိမ်လာနေကြပါတယ်။ မြစ်ရေ သုံးစွဲမှုနဲ့ပတ်သက်လို့ ဆက်ဆံရေးမပျက် သဘောတူညီမှု တရပ်ရရှိရေးအတွက် ညှိုနှိုင်းနေကြတဲ့အကြောင်း VOA သတင်းထောက် Edward Yeranian ကိုင်ရိုမြို့ကနေ ပေးပို့လာတဲ့ သတင်းဆောင်းပါးကိုတော့ နန်းလောင်ဝ် ကတင်ပြထားပါတယ်။

အီဂျစ်နိုင်ငံကို နိုင်းမြစ်ကြီးရဲ့ လက်ဆောင်ဆိုပြီး ရှေးဂရိသမိုင်းပညာရှင် Herodotus ကတင်စားခေါ်ဝေါ်ခဲ့ပြီးတဲ့နောက် နှစ်ပေါင်း ၂ ထောင်ကြာ ဒီကနေ့ခေတ်မှာတော့ အီဂျစ်နိုင်ငံရဲ့ ရေရရှိရေးဟာ ခြိမ်းချောက်မှုတွေနဲ့ ရင်ဆိုင်နေရပါပြီ နိုင်းမြစ်ရဲ့ မြစ်လက်တက် တခုပေါ်မှာ အီသီယိုးပီးယားနိုင်ငံက ၂၀၁၃ ခုနှစ်ကစပြီး ရေကာတာ တည်ဆောက်နေတာ ပြီးစီးလုနီးနေပါပြီ။၁၉၂၉ နိုင်ငံတကာသဘောတူညီချက်နဲ့ နိုင်းမြစ်ရေကို ဝေမျှ သုံးစွဲနေတဲ့ အီဂျစ်နိုင်ငံက အီသီယိုးပီးယားရဲ့ ရေကာတာသစ်ကြောင့် ရေတွေအလုံအလောက်မရတော့မှာကို စိုးရိမ်လာနေတာပါ။ ပြီးခဲ့တဲ့ နှစ်တွေတုန်းက အီသီယိုးပီးယားနိုင်ငံမြို့တော် Addis Abeba ကိုလာရောက်လည်ပတ်ခဲ့တဲ့ အီဂျစ်သမ္မတ Abdel Fattah el Sissi က သူ့ရဲ့ စိုးရိမ်ချက်တွေကို ရှင်းရှင်းလင်းလင်းနဲ့ အေးအေးဆေးဆေး ခုလိုချပြခဲ့ဖူးပါတယ်။

"ရေကာတာတည်ဆောက်လိုက်ခြင်းအားဖြင့် အီသီယိုးပီးယားနိုင်ငံ ဖွံ့ဖြိုးတိုးတက် အောင်မြင်လာမှာပါ။ ဒါပေမယ့် အီဂျစ်နိုင်ငံသားတွေ ကလည်း နိုင်းမြစ်ထဲက လာတဲ့ရေကိုသာလျှင် အမှီပြုပြီး အသက်ရှင်သန်နေကြတယ်ဆိုတာ သတိပြုကြစေချင်ပါတယ်။"

ဒါဟာ စိုးရိမ်စရာကောင်းတဲ့အချက်ဖြစ်တယ်လို့ ရေအရေး ကျွမ်းကျင် သူတွေကပြောပါတယ်။ ဗြိတိန်နိုင်ငံက BRITISH OVERSEAS DEVELOPMENT INSTITUTEက ကျွမ်းကျင်သူ GUY JOBBINS ကတော့ခုလိုသုံးသပ် ပါတယ်။

"အီဂျစ်နိုင်ငံရဲ့ သောက်သုံးရေ ၉၉ ရာခိုင်နှုန်းက နိုင်းမြစ်ကလာတာပါ။ ဒါကြောင့် အီဂျစ်နိုင်ငံရဲ့ စိုက်ပျိုးရေး၊ စက်ရုံလုပ်ငန်းနဲ့ သောက်သုံးရေ ရရှိမှုအပေါ် သက်ရောက်မှုတွေရှိပါတယ်။ နိုင်းမြစ်က စီးဆင်းလာမယ့် ရေပမာဏ အပြောင်းအလဲဖြစ်မယ့် ကိစ္စရပ်မျိုး၊ ဒါမှမဟုတ်လည်း အဲဒီရေတွေ ဖွင့်ချပေးမယ့် အချိန်နဲ့ပတ်သက်တဲ့ ဘယ်လိုကိစ္စမျိုးကိုမဆို အီဂျစ်ဘက်က အတော် စိုးရိမ်မှုရှိနေပါတယ်။"

အီသီယိုးပီးယားရဲ့ ရေကာတာသစ်ကြောင့် အီဂျစ်နိုင်ငံရဲ့ စိုက်ပျိုးရေးနဲ့ နေ့စဉ်လူမှုဘဝတွေအပေါ် ဘယ်လိုသက်ရောက်မှုတွေရှိလာမလဲ ဆိုတာကိုတော့ ဘယ်သူကမှ အသေအချာမပြောနိုင်သေးပါဘူး။ ဒါပေမယ့်လည်း အီဂျစ်ရဲ့ ကိုယ်ပိုင် Aswan High Dam ရေကာတာမှာတော့ အပြောင်းအလဲတွေ စပြီးတွေ့လာနေပါပြီ။ အဲဒီရေကာတာကို ဆိုဗီယက်ယူနီယံ တို့ ၁၉၇၁ခုနှစ်မှာ ကူညီ တည်ဆောက်ပေးခဲ့တာဖြစ်ပါတယ်။

မြစ်ရေခမ်းခြောက်တဲ့နေရာတွေတိုးလာနေတဲ့အတွက် စိုက်ပျိုးရေးလုပ်ငန်းတွေမှာ သက်ရောက်မှုတွေရှိလာနေပြီလို့အချို့က သတိပေးပါတယ်။GUY JOBBINS ကပဲ ခုလို ပြောပါတယ်။

"နိုင်းမြစ်ကနေ အီဂျစ်နိုင်ငံစီးဝင်လာတဲ့ရေတွေ နည်းသွားမယ်ဆိုရင် ဒီဒေသကို ကျော်ပြီး ပင်လယ်ထဲ စီးဝင်သွားမယ့် မြစ်ရေတွေလည်း နည်းသွားပါလိမ့်မယ်။"

ဒီကိစ္စနဲ့ပတ်သက်ပြီး သဘောတူညီမှုရအောင်ဆက်ပြီးဆွေးနွေးနေကြပါတယ်။ အီဂျစ် နိုင်ငံခြားရေးဝန်ကြီး Sameh Shoukri နဲ့ အီသီယိုးပီးယား နဲ့ ဆူဒန် အရာရှိတို့ အာဖရိကန်ယူနီယံ ထိပ်သီးညီလာခံမှာ ဇန်နဝါရီလက တွေ့ဆုံခဲ့ပါတယ်။ အဓိက အငြင်းပါွးနေတဲ့အကြောင်းအရာကတော့ အီသီယိုးပီးယားအနေနဲ့ သူ့ရဲ့ရေလှောင်ကန်ကြီးထဲကို ၁၂ နှစ်တကြိမ်ရေဖြည့်မလား၊ ဒါမှမဟုတ် ၃ နှစ်တကြိမ်ရေဖြည့်မလားဆိုတဲ့ ကိစ္စပါ။ ဒီကိစ္စက အီဂျစ်နိုင်ငံရဲ့ ရေသုံးစွဲမှုအပေါ် အကန့်အသတ်တွေဖြစ်လာစေနိုင်တယ်လို့ သတင်းထောက် Hisham Kassem ကပြောပါတယ်။

"တကယ်လို့ သဘောတူညီမှု မရခဲ့ဘူးဆိုရင် အခြေအနေတွေ အတော်ဆိုးရွား သွားနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အီဂျစ်နိုင်ငံက လက်ရှိစိုက်ပျိုးမြေတွေအတော်များများ ရေရတော့မှာမဟုတ်သလို မိုးခေါင်ရေရှားပြီး ပြင်းထန်ဆိုးရွားတဲ့သက်ရောက်မှုတွေ ဖြစ်လာပါလိမ့်မယ်။"

အီသီယိုးပီးယားဘက်က နိုင်းမြစ်ပေါ် တည်ဆောက်မယ့် ဘယ်လို ရေကာတာကိုမဆို ဖျက်ဆီးပစ်မယ်ဆိုပြီး တချိန်ကသတိပေးခဲ့တဲ့ သမ္မတဟောင်း Hosni Mubarakလက်ထက်က စစ်ဖြစ်လုနီးထိ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် ဒါဟာ ကောင်းမွန်တဲ့ ရွေးချယ်မှုတော့မဟုတ်ဘူးလို့ သတင်းထောက် Hisham Kassem ကပြောပါတယ်။

"တကယ်လို့များ သံတမန်ရေး လုပ်ငန်းတွေ မအောင်မမြင်ဖြစ်သွားပြီး အီဂျစ်ဘက်က စစ်ရေးအင်အားကိုအသုံးပြုလာမယ်ဆိုရင် ဒါဟာအီဂျစ်သမိုင်းမှာ အကြီးမားဆုံးသံတမန်ရေး ကျဆုံးမှုသာဖြစ်လာပါလိမ့်မယ်။ နောက်ပြီး အီဂျစ်ရဲ့ စစ်လက်နက်ပစ္စည်း ရရှိရေးအပေါ် သက်ရောက်မှုတွေလည်း ဖြစ်သွားစေမှာပါ။"

တချိန်ထဲမှာပဲ အီဂျစ် သမ္မတ Abdel Fattah el Sissiကလည်း ဒီကိစ္စကို သံတမန်ရေးနည်းလမ်းနဲ့ ဆက်ပြီးပြောဆိုဆွေးနွေးသွားမယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG