သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်ငြိမ်းချမ်းရေးအစီအစဉ် ပါကစ္စတန်ကြိုဆို


Talibanအဖွဲ့
Talibanအဖွဲ့

အာဖဂန်နစ္စတန်နိုင်ငံရဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို စာနာမှုအပြည်နဲ့ ပါကစ္စတန်နိုင်ငံက ကူညီမယ်လို့ ပြောဆိုလိုက်ပြီး အမေရိကန် ဦးဆောင်တဲ့ စစ်ရေးအရ ကြိုးပမ်းမှုက အာဖဂန်နစ္စတန်နိုင်ငံရဲ့ လုံခြုံရေးအခြေနေကို ဆိုးရွားစေတယ်လို့ ပါကစ္စတန်နိုင်ငံခြားရေးဝန်ကြီး Kawaja Asif က ထပ်မံ ပြစ်တင်ပြောဆို လိုက်ပါတယ်။ Ayaz Gul ရဲ့ သတင်းလွှာကို ဦးစံမိုးေ၀ က တင်ပြပေးပါလိမ့်မယ်။

ကြိုတင်ကန့်သတ်ချက်တွေမထားပဲ တာလီဘန်အဖွဲ့နဲ့ ဆွေးနွေးဖို့ အတွက် အာဖဂန်နစ္စတန်သမ္မတ Ashraf Ghani ရဲ့ ကမ်းလှမ်းမှုအပေါ် ပါကစ္စတန်နိုင်ငံက ကြာသာပတေးနေ့မှာ ချီးကျူးပြောဆိုလိုက်ပြီး၊ စစ်မက်ဖြစ်ပွားနေတဲ့ အဖွဲ့နှစ်ဖွဲ့ကြား ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်ပြုလုပ်မဲ့ ကျိုးပမ်းမှုတွေမှာ လိုအပ်တာမှန်သမျှကို စေတနာအပြည့်နဲ့ ကူညီပေးပါမယ်လို့ ကမ်းလှမ်းလိုက်ပါတယ်။

ဒိမတိုင်ခင်တရက်က သမ္မတ Ghani က ကမကထပြုလုပ်ပြီး ကျင်းပပေးတဲ့ Kabul လုပ်ငန်းစဉ်လို့ အမည်ပေးထားတဲ့ နိုင်ငံတကာ ညီလာခံမှာ သူက တာလီဘန် တွေကို ကာဘူးမှာ ရုံးခန်းတခု လာရောက်ဖွင့်လှစ်ဖို့ကမ်းလှမ်းခဲ့သလို ကာလကြာရှည်ဖြစ်ပွားနေတဲ့ အာဖဂန်စစ်ပွဲ အဆုံးသပ်နိုင်ဖို့အတွက် ကြိုတင်ကန့်သတ်ချက်တွေမထားပဲ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပါကစ္စတန်နိုင်ငံဟာ အာဖဂန်နစ္စတန်နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ကို အဖြေရှာနိုင်ဖို့အတွက် စေ့စပ်ညှိနှိုင်း ပေးနိုင်ရေး အတွက် အမြဲ အလေးထား စဉ်းစားနေပါတယ်လို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး Khawaja Asif က အစ္စလာမ်မာဘတ်မြို့မှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

"သမ္မတ Ashraf Ghani က တာလီဘန် နဲ့ ငြိမ်းချမ်းရေးဆွေးနွေးစကားပြောဆိုဖို့ ကမ်းလှမ်းတာဟာ တိုးတက်မှုတခုဖြစ်ပါတယ်။ တာလီဘန်ဟာ အာဖဂန်နစ္စတန်နိုင်ငံ အတွင်းက နိုင်ငံရေးအဆောက်အုံတခု၊ နိုင်ငံရေး အင်အားစုတစု ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ အာဖဂ္ဂန်နစ္စတန်ဟာ သူတို့ရဲ့တိုင်းပြည်ဖြစ်ပါတယ်။ ဒါကြောင့် အခုဖြစ်ရပ်ဟာ ကောင်းမွန်တဲ့ အရွေ့တခု ဖြစ်သလို ခွန်အားရှိတဲ့ လက္ခဏာ တခု အာဖဂန်နစ္စတန်နိုင်ငံမှာ ပေါ်ထွန်း လာတာဖြစ်ပါတယ်" လို့ နိုင်ငံခြားရေး ဝန်ကြီး အာဆစ်ဖ် က အူဒတူဘာသာနဲ့ ပြော သွားတာ ဖြစ်ပါတယ်။

ဆက်လက်ပြီး သူက အာဖဂန်အနေနဲ့ လိုအပ်မယ်ဆိုရင် ဘယ်လိုအထောက်အပံ့ ဘယ်လို အကူအညီပဲ လိုအပ်သည် ဖြစ်ပါစေ ပါကစ္စတန်က စေတနာ အပြည့်အဝနဲ့ အကူညီပေးပါမယ်လို့လည်း ကတိပြု ပြောကြားလိုက်ပါတယ်။ နောက်ပြီး သူတို့အနေနဲ့ တခြားနည်းလမ်းဖြစ်တဲ့ သုံးပွင့်ဆိုင် လေးပွင့်ဆိုင် ဒါမှမဟုတ် အိမ်နည်းချင်းနိုင်ငံတွေ၊ ဒါမှမဟုတ် ဒေသတွင်းနိုင်ငံတွေရဲ့ အကူညီလိုအပ်ခဲ့ရင်၊ အားလုံးက အဆင်သင့်ရှိနေပါလိမ့်မယ်လို့ အာဆစ်ခ်ကပြောပါတယ်။

သမ္မတ Ghani ရဲ့ ကမ်းလှမ်းချက်အပေါ် တာလီဘန် ဘက်ကတော့ တရားဝင်တုန့်ပြန်တာမျိုး မရှိသေးပါဘူး။ ဒါပေမယ့် အာဖဂန်အစိုးရဘက်က အရင်တုံးက တွေ့ဆုံဆွေးနွေးဖို့ ကမ်းလှမ်းမှုတွေကို တာလီဘန်တွေဘက်က ငြင်းပယ်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုနဲ့ တိုက်ရိုက်ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။ စစ်ပွဲကို အဆုံးအဖြတ်ပေးနိုင်တဲ့ ဝါရှင်တန်နဲ့ပဲ တိုက်ရိုက်စကားပြောချင်တယ်၊ သူ့တပည့် အာဖဂန်ခေါင်းဆောင်တွေနဲ့ မဆွေးနွေးလိုဘူးလို့ ပြောခဲ့တာပါ။

တာလီဘန်သူပုန်တွေနဲ့ ဟာကွာနီကွန်ယက်အဖွဲ့ဝင်တွေဟာ ပါကစ္စတန်ပိုင်နက်ကို အသုံးပြုပြီး လက်နက်ကိုင် လှုတ်ရှားမှုတွေ စဉ်ဆက်မပြတ်ပြုလုပ်နေတာပါ။ ပါကစ္စတန်ကတော့ ဒါကိုငြင်းပါတယ်။

အာဖဂန်နဲ့ အမေရိကန်တာဝန်ရှိသူတွေက တာလီဘန်တွေ ဆွေးနွေးပွဲ စကားဝိုင်းရောက်လာအောင် သူတို့လုံခြုံစိတ်ချစွာခိုလှုံနေကြတဲ့ နေရာတွေကနေ ရှင်းထုတ်ပစ်ဖို့ ပါကစ္စတန် အစိုးရကို ဖိအားပေးနေကြပါတယ်။

Act 2: အမေရိကန်ခေါင်းဆောင်တဲ့ နိုင်ငံခြားတပ်ဖွဲ့တွေ အာဖဂန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့အတွက် ဘာမှဖြစ်မလာပါဘူး။ ဒေသတွင်းမှာ ငြိမ်းချမ်းမှုလည်းရှိမလာတဲ့အပြင် လွန်ခဲ့တဲ့ နှစ် ၂၀ ကထက်တောင် စိုးရိမ်စရာ ကောင်းတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ဝန်ကြီး အာဆစ်ဖ် က အူဒတူ ဘာသာနဲ့ ပြောသွားတာပါ။

သူက ပါကစ္စတန်နိုင်ငံဟာ အာဖဂန်နိုင်ငံအတွင်းက ပဋိပက္ခကို တရုတ် အီရန် ရုရှား တူရကီစတဲ့နိုင်ငံတွေနဲ့ အတူ ဒေသတွင်းမှာ အဖြေရှာဖို့ ကြိုးပမ်းနေပါတယ်။ သမ္မတ ဂါနီရဲ့ တာလီဘန်တွေအပေါ် ကမ်းလှမ်းချက်ဟာလည်း ဒီကြိုးပမ်းချက်ထဲမှာ ပါဝင်ပါတယ်။ အိမ်နည်းချင်းနိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတွေဟာ အာဖဂန်နစ္စတန်နိုင်ငံအတွင်းမှာ ဖြစ်သမျှကိစ္စရပ်တွေနဲ့ တိုက်ရိုက် သက်ဆိုင်ပါတယ်လို့ ပြောပါတယ်။

အာဖဂန်နစ္စတန်နိုင်ငံတည်ငြိမ်အေးချမ်းဖို့အရေးနဲ့ အကြမ်းဖက်ဝါဒဇွဲအပေါ် တိုက်ခိုက်ခြေမှုန်းရေး ကိစ္စတွေအပေါ် သဘောထားကွဲလွဲမှုတွေက အမေရိကန်နဲ့ ပါကစ္စတန် တို့ရဲ့ ဆက်ဆံရေးကို ထိခိုက်စေပါတယ်။

ဒါပေမယ့် ပါကစ္စတန်ဟာ ဒေသတွင်း မိတ်ဆွေနိုင်ငံတွေနဲ့ နီးနီးကပ်ကပ် ဆက်ဆံဖို့အတွက် သူ့ရဲ့နိုင်ငံခြားရေးမူဝါဒကို ပြင်ဆင်ဖို့ ပြောင်းလဲဖို့ လုပ်ဆောင်နေတယ်လို့ ဝန်ကြီးက ပြောပါတယ်။

ကျနော်တို့အနေနဲ့ ကျနော်တို့နိုင်ငံရဲ့ အကျိုးစီးပွား အစတေးမခံနိုင်သလို အမေရိကန်ရဲ့ တဆင့်ခံ လက်ပါးစေလည်းအဖြစ်မခံနိုင်ဘူး၊ တချိန်တုံးကလို အမေရိကန်ရဲ့ အကျိုးစီးပွားကိုလည်း အကာကွယ်မပေးနိုင်ဘူးလို့ ပါကစ္စတန် နိုင်ငံခြားရေးဝန်ကြီး အာဆစ်ဖ် က ပြောဆိုပါတယ် ခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG