သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး မြန်မာ-ဘင်္ဂလားဒေ့ရှ်အစိုးရတွေနဲ့ အမေရိကန်ပူးပေါင်းဆောင်ရွက်မည်


အမေရိကန်သမ္မတရဲ့ ဒုတိယလက်ထောက် Lisa Curtis (ယာ) နဲ့ အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ်
အမေရိကန်သမ္မတရဲ့ ဒုတိယလက်ထောက် Lisa Curtis (ယာ) နဲ့ အာဖဂန်ဆိုင်ရာ အမေရိကန်သံအမတ်

ရိုဟင်ဂျာတွေအပေါ် ညှဉ်းပမ်းသတ်ဖြတ်မှုတွေကို နောက်ထပ်မဖြစ်ပွါးအောင် တားဆီးပြီး ဒီကိစ္စနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေကိုအမေရိကန်ပြည်ထောင်စုအနေနဲ့ ဖေါ်ထုတ် သွားမယ်လို့ အမေရိကန်သမ္မတ Donald Trump ရဲ့ ဒုတိယလက်ထောက် လည်းဖြစ်၊ တောင်နဲ့ အာရှအလယ်ပိုင်းဆိုင်ရာ အမျိုးသားလုံခြုံရေးကောင်စီ၊ အကြီးတန်း ညွှန်ကြားရေးမှူး Lisa Curtis က ပြောလိုက်ပါတယ်။ ဒါ့အပြင် မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရတွေနဲ့ ပူပေါင်းဆောင်ရွက်သွားမယ့်အကြောင်းလည်း သူက ပြောပါတယ်။

"ရိုဟင်ဂျာတွေကို အကူအညီပေးနေတဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကို အမေရိကန်က ဆက်ပြီး ကူညီပံ့ပိုးပေးသွားမှာဖြစ်ပြီး အန္တရယ်တွေ ရင်ဆိုင်ခဲ့ရတဲ့သူတွေရဲ့ လုံခြုံရေးနဲ့ လိုအပ်တာတွေကို ဖြည့်ဆည်းပေးသွားဖို့ အတူပူးပေါင်းဆောင်ရွက်သွားမှာပါ။ သူတို့ရဲ့အခြေအနေကို ကမ္ဘာကြီးက ဆက်ပြီး စောင့်ကြည့်နေကြောင်းနဲ့ ဖြစ်နိုင်သမျှနည်းလမ်းတွေနဲ့ လုံခြုံရေးအတွက် ကာကွယ်သွားမှာကို ရိုဟင်ဂျာတွေ သိစေချင်ပါတယ်။ ဒါ့အပြင် နေရပ်ရင်းပြန်တဲ့အခါမှာ လုံခြုံရေးအာမခံချက်ရှိဖို့ မြန်မာအစိုးရနဲ့လည်း ပူးတွဲဆောင်ရွက်သွားပါမယ်" လို့ ဘင်္ဂလာဒေ့ရှ်နိုင်ငံ Cox’s Bazar အနီးက ဒုက္ခသည် စခန်းကို ဒီကနေ့ သွားရောက်ကြည့်ရှုခဲ့တဲ့ Curtis က ပြောသွားတာပါ။

လွန်ခဲ့တဲ့နှစ် သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်က လုံခြုံရေး ရဲကင်းစခန်းတွေကို ARSA အစွန်းးရောက်အဖွဲ့က ဝင်ရောက် တိုက်ခိုက်တာကြောင့် စစ်တပ်က နယ်မြေ ရှင်းလင်းရာမှာ ရိုဟင်ဂျာ ၇ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးခိုလှုံ သွားပါတယ်။ အဲဒီလို စစ်တပ်ရဲ့ စစ်ဆင်ရေးအတွင်း လူတွေ သိန်းနဲ့ ချီ ထွက်ပြေးခဲ့ ရတာကြောင့် ကုလသမဂ္ဂအပါအဝင်၊ အမေရိကန်နဲ့ နိုင်ငံကြီးတချို့က ဒါဟာ လူမျိုးစု အလိုက် ရှင်းလင်းဖယ်ရှားမှုဖြစ်တယ်လို့ ပြောဆိုခဲ့သလို ညှဉ်းပမ်းသတ်ဖြတ်တာတွေ၊ အမျိုးသမီးတွေအပေါ် မတရားပြုကျင့်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်ခဲ့ပါတယ်။ အခုအခါမှာတော့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရကြား အဲဒီထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပြန်လက်ခံဖို့ သဘောတူညီ ထားခဲ့ကြပေမယ့်လည်း အစီအစဉ်အကောင်အထည်ဖေါ်နိုင်တဲ့အထိတော့ ဖြစ်မလာသေးသလို နယ်စပ်ဖြတ်ကျော် ထွက်ပြေးနေတာတွေလည်း ဆက်ရှိနေဆဲဖြစ်ပါတယ်။

လွန်ခဲ့တဲ့နှစ် ဒီဇင်ဘာလအတွင်းကမ္ဘာတဝှမ်းက လူ့အခွင့်အရေးချိုးဖောက်မှုတွေနဲ့ ဆက်နွယ်ပြီး အမေရိကန်အစိုးရက အရေးယူဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့ လူပုဂ္ဂိုလ် ၁၃ ထဲမှာ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်၊ တိုင်းမှူးဟောင်း ဗိုလ်ချုပ်မောင်မောင်စိုးကို ရခိုင်ပြည်နယ် စစ်ဆင်ရေးတွေမှာ ကြီးကြပ်တာဝန်ယူခဲ့တဲ့ အဓိကတာဝန်ရှိသူအဖြစ် ထည့်သွင်းအရေးယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG