အခုဆက်ပြီး စနေနေ့က ကစားတဲ့ အင်္ဂလန် ပရီးမီးယားလိဂ် ဘောလုံးပွဲ ပွဲစဉ်အမှတ် ၂၉ ရလဒ်တွေကို ပြောပြပါမယ်။
ဘန်လေနဲ့ အဲဗာတန်ပွဲမှာ အိမ်ရှင် ဘန်လေအသင်းက ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပါတယ်။ လက်စတာနဲ့ ဘုန်းမောက်ပွဲကတော့ တဘက် ၁ ဂိုးစီနဲ့ သရေကျပြီး ဆောက်သမ်ပ်တန်နဲ့ စတုတ်စီးတီးပွဲက ဂိုးမရှိ သရေကျပါတယ်။
ဆွမ်ဆီးက ဝက်စ်ဟမ်းမ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး စပါးက ဟတ်ဒါဖီးလ်ဒ်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပါတယ်။ ဝတ်ဖို့ဒ်က ဝက်ဘရွမ်းကို ၁ ဂိုး ဂိုးမရှိနဲ့ အနိုင်ရသလို လီဗာပူးလ်က နယူးကတ်ဆယ်လ်ကို ၂ ဂိုးပြတ်နဲ့ အနိုင်ရပါတယ်။
ဒီကနေ့ တနင်္ဂနွေမှာကစားမယ့် သုံးပွဲကတော့ ဘရိုက်တန်နဲ့ အာဆင်နယ်လ်၊ မန်စီးတီးနဲ့ ချယ်လ်ဆီး၊ ခရစ်စတယ်လ်ပဲ့လေ့စ်နဲ့ မန်ချက်ပွဲတွေဖြစ်ပါတယ်။
အမှတ်ပေးဇယားထိပ်မှာ လက်ရှိ ရပ်တည်နေတာက မန်စီးတီးအသင်းဖြစ်ပြီး ၂၈ ပွဲကစားပြီးချိန်မှာ ၇၅ မှတ် ရထားတာကြောင့် ၂၉ ပွဲကစားပြီးချိန်မှာ အမှတ် ၆၀ နဲ့ ဒုတိယလိုက်နေတဲ့ လီဗာပူးလ်ကို ၁၅ မှတ်ဖြတ်ထားသလို ၂၈ ပွဲကစားပြီးချိန်မှာ ၅၉ မှတ်နဲ့ တတိယလိုက်နေတဲ့ မန်ချက်အသင်းကို ၁၆ မှတ် ဖြတ်ထားနိုင်ပါတယ်။
စပါးအသင်းက ၂၉ ပွဲကစားပြီး ၅၈ မှတ်နဲ့ နံပါတ်လေး၊ ချယ်လ်ဆီးက ၂၈ ပွဲကစားပြီး ၅၃ မှတ်နဲ့ နံပါတ်ငါးနေရာမှာ အသီးသီး ရှိနေကြပါတယ်။