သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်ဒေသ တကျော့ပြန် တိုက်ပွဲများပြင်းထန်


ကချင် ကေအိုင်အေတပ်
ကချင် ကေအိုင်အေတပ်

ကချင်ပြည်နယ် တနိုင်းဒေသမှာ ဒီရက်ပိုင်းတွေအတွင်း အစိုးရတပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်ဖွဲ့ KIA အကြားမှာ တိုက်ပွဲတွေ ထပ်မံပြင်းထန်လာနေပြီး ဆွမ်ပရာဘွမ်ဒေသ ဖက်မှာတော့ နှစ်ဖက်တပ်တွေအကြား စစ်ရေး တင်းမာမှုတွေမြင့်တက်နေသလို တိုက်ပွဲငယ်တွေလည်း ဖြစ်ပွားနေပါတယ်။ တိုက်ပွဲအရှိန်တွေလျော့ချဖို့အတွက် အစိုးရတပ်မတော်နဲ့ KIA အကြားမှာ ထပ်မံတွေ့ဆုံဆွေးနွေးရေးဟာလည်း ဒီကနေ့အထိကတော့ မရေမရာရှိနေဆဲဖြစ်ပါတယ်။ ကချင်ပြည်နယ်က နောက်ဆုံးအခြေအနေတွေကို ဗီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ဟုတ်ကဲ့။ ရွှေမှော်၊ ပယင်းမှော်တွေ ရှိရာ တနိုင်းဒေသမှာ ဇန်နဝါရီလကုန်ပိုင်းက တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး ရက်အတန်ကြာငြိမ်သက်နေခဲ့ရာက ဒီရက်ပိုင်းတွေအတွင်းမှာတော့ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာတာ ဖြစ်ပါတယ်။

တနိုင်းဒေသအတွင်း ဖြစ်ပွားတဲ့ တိုက်ပွဲအခြေအနေကို ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ မတ်လ ၅ရက်ကနေ တပ်မတော်ဖက်က နောက်ထပ်ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေ ဖြစ်လာတာဖြစ်ပါတယ်။ အရင်တခေါက် သူတို့ ထိုးပြီးမှ ရောက်တဲ့နေရာကနေ ဒီ ပယင်းမှော်၊ ရွှေမှော်ဖက်မှာလည်း ဆက်ပြီးတော့ ပြန်ထိုးကြတယ်။ နောက် KIA တပ်ရင်း ၁၄နယ်မြေဖက်မှာလည်း သူတို့က ခြေလျင်နဲ့ ပြန်ထိုးကြတယ်။ ဆိုတော့ ၅ရက်နေ့ ၆ရက်နေ့မှာတော့ မြေပြင်တိုက်ပွဲတွေ လက်နက်ကြီးတွေနဲ့ ပစ်ပြီးမှ တိုက်ပွဲတွေ ပြန်ဖြစ်တာဖြစ်ပါတယ်။ ”

တပ်မတော်ဖက်ကတော့ တနိုင်းဒေသမှာ KIA က သံယံဇာတတွေကို တရားမဝင်တူးဖော်ထုတ်လုပ်နေတာကြောင့် နယ်မြေရှင်းလင်းရေးဆောင်ရွက် တာဖြစ်ကြောင်း သတင်းထုတ်ပြန်ထားတာရှိပေမဲ့ လတ်တလောဖြစ်ပွားတဲ့တိုက်ပွဲတွေ နဲ့ပတ်သက်ပြီး သတင်းထုတ်ပြန်တာမရှိသေးပါဘူး။

ပြီးခဲ့တဲ့ဇန်နဝါရီလကုန်ပိုင်းက ဖြစ်ပွားတဲ့ တိုက်ပွဲတွေအတွင်းမှာတော့ ပယင်းနဲ့ ရွှေတူးဖော်ရာ နမ့်ကွမ်းမှော်ဖက် မှာ အရပ်သားပြည်သူ ၃၀၀၀ထောင်လောက် ပိတ်မိနေခဲ့ပါတယ်။

တနိုင်းမြို့ခံတဦးကတော့ လက်နက်ကြီးပစ်ခတ်သံတွေကို ၃- ၄ရက် ဆက်တိုက်ကြားနေခဲ့ ရကြောင်းနဲ့ တိုက်ပွဲဖြစ်ပွားရာဒေသက ဒုက္ခသည်တွေ ရှိ မရှိကို မသိရကြောင်း အခုလို ပြောပါတယ်။

“ အရင် ၃ရက်လောက်နေ ဆက်တိုက်ကြားရတာ။ မနေ့ကအထိလောက်။ ဒီနေ့ကတော့ အခု သိပ်တော့ မကြားရဘူး။ ဟိုနေ့ဆိုရင် တနေကုန်ရော၊ တညလုံးရော ကြားရတယ်။ အဲဒီထဲမှာ လူရှိနေသလား၊ မရှိနေဘူးလားဆိုတာတော့ ဆက်သွယ်လို့ မရဘူးဖြစ်နေတယ်။ အဲဒီမှာ စစ်ရှောင်တွေ ဒီမှာ တနိုင်းမှာ ရှိနေတဲ့ Church ကျောင်း ၄ကျောင်းထဲမှာတော့ ထပ်တိုးလာတာတော့ မရှိဘူးခင်ဗျ။”

ပြီးခဲ့တဲ့လတွေအတွင်းက KIA ဖက်က လမ်းတံတားတွေကို မိုင်းခွဲတိုက်ခိုက်ခဲ့တဲ့ ပူတာအို- မြစ်ကြီးနားလမ်းက ဆွမ်ပရာဘွမ်ဒေသဖက်မှာတော့ အစိုးရဖက်က စစ်အင်အားတွေ တိုးမြှင့်တာရှိသလို တိုက်ပွဲငယ်တွေလည်း မကြာခန ဖြစ်ပွားနေတယ်လို့ ဗိုလ်မှုးကြီးနော်ဘူက ပြောပါတယ်။

“ ဒီ ဆွမ်ပရာဘွမ်၊ ပူတာအို လမ်းတကြောဖက်မှာလည်း တပ်မတော်ကတော့ တော်တော်များများထိုးထားတာ တွေ့ရပါတယ်။ အလုံးအရင်းနဲ့ တပ်မတော်တွေ စစ်ကြောင်းတွေ ထိုးထားတာတွေ့ရပါတယ်။ ဆိုတော့ KIA နဲ့ကတော့ အချိန်မရွေးတိုက်ပွဲက ဖြစ်နိုင်တဲ့အလားအလာတော့ ရှိပါတယ်။ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေကတော့ အဲဒီဖက်မှာလည်း မကြာခန ဆိုသလို တိုက်ပွဲတော့ ဖြစ်တာတော့ ရှိပါတယ်။ သိပ်ပြီးမှ ကြီးကြီးကျယ်ကျယ် ပြင်းပြင်းထန်ထန် တိုက်ပွဲတွေတော့ မဟုတ်ဘူးပေါ့။ ထိတွေ့ရင်ဆိုင်တိုက်ပွဲတွေကတော့ ဖြစ်ပါတယ်။ ”

ပူတာအို- မြစ်ကြီးနားလမ်းမှာ တိုက်ပွဲတွေဖြစ်ပြီး အသွားအလာပြတ်တောက်နေတာကြောင့် ပူတာအိုမြို့မှာ လောင်စာဆီနဲ့ စားသောက်ကုန်ဈေးတွေ မြင့်တက်လာနေပါတယ်။

လွန်ခဲ့တဲ့လပိုင်းတွေက ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းဒေသမှာ အစိုးရတပ်မတော်နဲ့ KIA အကြား တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး တရုတ်နိုင်ငံ အာရှရေးရာ အထူး သံတမန်နဲ့ ကြားဝင်စေ့စပ်မှုအရ ဒုဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်နဲ့ KIO ဥက္ကဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ဟာ တရုတ်နိုင်ငံ ယူနန်ပြည်နယ် တာလီမြို့မှာ ဖေဖော်ဝါရီလ ၁ရက်နေ့ တွေ့ဆုံခဲ့ကြတာ ဖြစ်ပါတယ်။ ဒီတွေ့ဆုံပွဲမှာ သဘောတူညီချက် တစုံတရာမရခဲပေမဲ့ ထပ်မံ တွေ့ဆုံဆွေးနွေးဖို့ကို နှစ်ဖက်လုံးက ဆန္ဒ ရှိကြကြောင်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

လောလောဆည်နှစ်ဖက် ထပ်မံတွေ့ဆုံရေးဟာ မရေမရာရှိနေကြောင်း ကို ဗိုလ်မှုးကြီးနော်ဘူက အခုလို ပြောပါတယ်။

“ လူကြီးပိုင်းရဲ့ အစီအစဉ်ကတော့ ကျနော်တို့ ဘာမှ မကြားမိဘူး။ မူအားဖြင့်ကတော့ ဆက်ပြီးမှ ဆွေးနွေးဖို့ တွေ့ဆုံဖို့ ဆိုတာကတော့ အားလုံးသိတဲ့အတိုင်းဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန် ဘယ်တော့ တွေ့မယ်။ ဘယ်နေရာမှာ တွေ့မယ်ဆိုတဲ့ အသေးစိတ်သတင်းတွေကတော့ ကျနော်တော့ မကြားမိဘူးခင်ဗျ။ ”

ဒီရက်ပိုင်းတွေအတွင်းမှာတော့ ကရင်ပြည်နယ် ဖာပွန်ခရိုင်အတွင်းမှာ အစိုးရတပ်မတော်နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU အကြားမှာတော့ တိုက်ပွဲငယ်တွေ ကြိုးကြားဖြစ်ပွားခဲ့သလို တိုက်ပွဲဖြစ်ပွားရာဒေသက ပြည်သူ ၁ထောင်ကျော်လောက်ဟာလည်း စစ်ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG